ယူကရိန်းစစ်သားစုဆောင်းရေးအဖွဲ့ တိုက်ခိုက်ရေးရိုင်ဖယ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အရာရှိနှစ်ဦး ဒဏ်ရာရ
ယူကရိန်းနိုင်ငံတွင် စစ်မှုထမ်းရန်ငြင်းဆန်မှုနှင့် အတင်းအကျပ် လူသစ်စုဆောင်းမှုများကြောင့် ပြည်တွင်းပဋိပက္ခများ မြင့်တက်နေစဉ်အတွင်း ရစ်ဗ်နီဒေသတွင် စစ်သားစုဆောင်းရေးအရာရှိများ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၉) က ဗာဘာကျေးရွာအနီးတွင် စစ်ဆေးရေးဆောင်ရွက်နေသည့် စစ်သားစုဆောင်းရေးအဖွဲ့ (TCC) နှင့် ရဲအရာရှိတစ်ဦးအားအသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးက မောင်းပြန်ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အရာရှိနှစ်ဦးဒဏ်ရာရရှိကာ ဆေးရုံတင်လိုက်ရသည်။ အဆိုပါ တိုက်ခိုက်သူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အာဏာပိုင်များက လိုက်လံဖမ်းဆီးလျက်ရှိသည်။
လက်ရှိတွင် ယူကရိန်းအစိုးရသည် စစ်မြေပြင်ရှိ ထိခိုက်ကျဆုံးမှုများကို အစားထိုးရန်အတွက် လမ်းပေါ်တွင် လိုက်လံဖမ်းဆီးခြင်း (Busification) ကဲ့သို့သော အတင်းအကျပ် စစ်သားစုဆောင်းသည့် နည်းလမ်းများကိုအသုံးပြုလာရာ ပြည်သူလူထု၏ ခုခံမှုမှာလည်း ပိုမိုပြင်းထန်လာသည်။ ၂၀၂၂ ခုနှစ်မှစ၍ စစ်သားစုဆောင်းရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုပေါင်း ၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း၌ပင် အရာရှိများ ဓားဖြင့်ထိုးသတ်ခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းများ ရှိခဲ့သည်။
အချက်အလက်များအရ ယူကရိန်းတွင် စစ်မှုထမ်းရန် တိမ်းရှောင်နေသူ ၂ သန်းခန့်အထိ ရှိနေပြီး စစ်သားအသစ်များ၏ ၁၀ ရာခိုင်နှုန်းအောက်သာ မိမိသဘောဆန္ဒအလျောက် ဝင်ရောက်ကြခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်း အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း၌ပင် စစ်သည်အင်အား ၅ သိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းထားရာ ယခုကဲ့သို့ အတင်းအကျပ်စစ်သားစုဆောင်းမှုများနှင့် ၎င်းအပေါ်တုံ့ပြန်သည့် အကြမ်းဖက်မှုများသည် ယူကရိန်းစစ်တပ် အတွက် လူအင်အားပြန်လည်ဖြည့်တင်းရန် ခက်ခဲနေသည့် အခြေအနေကို ပေါ်လွင်စေလျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
