အမေရိကန်၏ စစ်ရေးခြေလှမ်းများအပေါ် အီရန်က ပြင်းထန်စွာ တုံ့ပြန်မည်ဟု သတိပေး
အမေရိကန်၏ နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုမှန်သမျှကို ‘ရှည်လျားပြီး နာကျင်စေမည့် တိုက်ခိုက်မှုများ’ ဖြင့် တုံ့ပြန်သွားမည်ဟု အီရန် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) မှ အကြီးတန်းအရာရှိ မာဂျစ် မူဆာဗီက ဧပြီ ၃၀ ရက်နေ့တွင် ပြင်းပြင်းထန်ထန် သတိပေး ပြောကြားလိုက်သည်။
၎င်းက ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ ကြုံတွေ့ခဲ့ရသည့်အခြေအနေကို သာဓကပြ၍ အမေရိကန် စစ်သင်္ဘောများသည်လည်း အလားတူကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ရန်သူ၏ စစ်ဆင်ရေးများသည် တိုတောင်းပြင်းထန်သည့် ပုံစံမျိုးဖြစ်နေစေကာမူ မိမိတို့ဘက်ကမူ နာကျင်စေမည့်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် Tasnim သတင်းဌာနမှတစ်ဆင့် ပြောကြားခဲ့သည်။
အဆိုပါ ခြိမ်းခြောက်မှုသည် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အီရန် အပေါ် ‘တိုတောင်းသော်လည်း အားကောင်းပြင်းထန်သည့်’ စစ်ရေးအရ အရေးယူဆောင်ရွက်မည့် အစီအစဉ်သစ်များကို လေ့လာသုံးသပ်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် အမေရိကန်နှင့်အီရန်တို့အကြား ဆွေးနွေးမှုများရပ်တန့်နေသဖြင့် သမ္မတထရမ့်သည် တီဟီရန်အစိုးရအား စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ပြန်လည်ရောက်ရှိလာစေရန် စီးပွားရေးအရ အကျပ်ကိုင်သည့်နည်းလမ်းများကို အဓိက အသုံးပြုနေသည်။ ၎င်းတွင် အီရန် ဆိပ်ကမ်းများကို ရေတပ်က ဆက်လက်ပိတ်ဆို့ထားရန်နှင့် ဗျူဟာမြောက်အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ရေရှည်ပိတ်ပစ်နိုင်ရေးအတွက် ပြင်ဆင်မှုများလည်း ပါဝင်နေသည်။
သို့သော်လည်း အမေရိကန်အစိုးရသည် စစ်ရေးအရတိုက်ခိုက်မှုများကို ချက်ချင်း ပြန်လည်မစတင်မီ အီရန်အပေါ် စီးပွားရေးအရ အထိနာဆုံး ဖြစ်အောင်လုပ်ဆောင်သည့် မဟာဗျူဟာကိုသာ လတ်တလောတွင် ဦးစားပေးဆောင်ရွက်နေကြောင်း သိရှိရသည်။ ထိုသို့သော အခြေအနေများကြောင့် နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားနိုင်ခြေနှင့်ပတ်သက်၍ ဒေသတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာလျက် ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
