မာလီအစိုးရတပ်ဖွဲ့များ မြောက်ပိုင်းရှိ အရေးပါသောမြို့ကို ပြန်လည်ထိန်းချုပ်နိုင်
IS နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွများကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် မာလီအစိုးရတပ်ဖွဲ့များသည် နိုင်ငံမြောက်ပိုင်းရှိ အရေးပါသော မြို့တစ်မြို့ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၉) တွင် ပြောကြားခဲ့သည်။
နိုင်ဂျာနယ်စပ်တွင်တည်ရှိပြီး ယခုသီတင်းပတ်အစောပိုင်းက သူပုန်များ သိမ်းပိုက်ထားသည့် Menaka မြို့မှ စစ်သွေးကြွများသည် အစိုးရတပ်နှင့် မဟာမိတ်တပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုများစွာဖြင့် ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများနှင့် သံတမန် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ဆုတ်ခွာမှုဖြစ်စဉ်သည် ပြီးခဲ့သည့် စနေနေ့ (ဧပြီ ၂၅) က အနောက်အာဖရိကနိုင်ငံရှိ စစ်ဘက်ဆိုင်ရာပစ်မှတ်များကို အယ်လ်ကေးဒါး နှင့် ဆက်နွှယ်သည့် JNIM အဖွဲ့နှင့် တူအာရက်ဂ် (Tuareg) ဦးဆောင်သော အာဇာဝပ်လွတ်မြောက်ရေးတပ်ဦး (FLA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဆာဒီယို ကာမာရာ (Sadio Camara) သည် ၎င်း၏ နေအိမ်ကို အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ရရှိသောဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
မာလီရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ယူနစ်တစ်ခုဖြစ်သော Africa Corps ၏ ပံ့ပိုးကူညီမှုဖြင့် မာလီတပ်ဖွဲ့များသည် စစ်သွေးကြွများ၏ စစ်စခန်းများနှင့် အခြေခံအဆောက်အအုံများကို သိမ်းပိုက်ရန်ကြိုးပမ်းမှုကို တွန်းလှန်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်သွေးကြွ ၂၀၀ ကျော် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း မာလီစစ်ဘက်ဆိုင်ရာအထွေထွေစစ်ဦးစီးချုပ် အူမာ ဒီယာရာ (Oumar Diarra) က တနင်္ဂနွေနေ့ (ဧပြီ ၂၆) ညတွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။
မာလီဝန်ကြီးချုပ် အဗ္ဗဒူလာယေ မိုင်ဂါ (Abdoulaye Maiga) က သူပုန်များသည် နောက်ကွယ်မှ ထောက်ပံ့သူများ၏ အကူအညီဖြင့် အစိုးရကို ဖြုတ်ချရန်နှင့် နိုင်ငံ၏အဖွဲ့အစည်းများကို မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ၎င်းက ထောက်ပံ့သူသည် မည်သူမည်ဝါ ဖြစ်သည်ကို အတိအကျထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကမူ စစ်သွေးကြွအင်အား ၁၂,၀၀၀ ခန့်ကို ယူကရိန်းနှင့် ဥရောပကြေးစား စစ်ရေးနည်းပြများက လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အဆိုပါတိုက်ခိုက်မှုသည် မာလီ စစ်အစိုးရကို ဖြုတ်ချရန် JNIM နှင့် FLA တို့၏ အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
