လက်ဘနွန် တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်နေပြီး အပစ်ရပ်ရေးသဘောတူညီချက် ပျက်ပြားမည့်အရေး ပြည်သူများ စိုးရိမ်နေ

News Image

  • လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏တိုက်ခိုက်မှုများ ပြင်းထန်နေပြီး အပစ်ရပ်ရေးသဘောတူညီချက် ပျက်ပြားမည့်အရေး ပြည်သူများ စိုးရိမ်နေ

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်တပ်၏ ထိခိုက်သေဆုံးမှု များပြားစေသော စစ်ဆင်ရေးများ တစ်ကျော့ပြန် ပြင်းထန်လာခြင်းကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုနှင့် မရေရာမှုများ မြင့်တက်နေကြောင်း သိရှိရသည်။ 

အမေရိကန်ဦးဆောင်သည့် အစ္စရေးနှင့်ဟစ်ဇဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး ကြေညာချက်သည် ဒေသခံများအတွက် ခေတ္တခဏသာ စိတ် သက်သာရာရစေခဲ့ပြီး လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုများနှင့် လုံခြုံရေးဆိုင်ရာဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် အဆိုပါ သဘောတူညီချက်သည် အချိန်မရွေးပျက်ပြားသွားနိုင်ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက သတိပေးပြောကြားထားသည်။

လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဧပြီ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ရသည်။ မတ်လ အစောပိုင်းမှစတင်ခဲ့သော အစ္စရေး၏ထိုးစစ်ဆင်မှုများအတွင်း လက်ဘနွန် တွင် လူပေါင်း ၂,၅၈၆ ဦး သေဆုံးကာ ၈,၀၂၀ ဦး ဒဏ်ရာရရှိခဲ့ပြီး တောင်ပိုင်းရှိ ကျေးရွာအများအပြားမှာလည်း မြေလှန်ဖျက်ဆီးခြင်းခံထားရသည်။ တစ်ဖက်တွင်လည်း ဟစ်ဇဘိုလာတို့၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အစ္စရေးစစ်သည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုထားသည်။

လက်ဘနွန်သမ္မတ ဂျိုးဆက်ဖ်အောင်းက အစ္စရေးအနေဖြင့် နိုင်ငံတကာဥပဒေများကိုလေးစားရန် တောင်းဆိုလိုက်ပြီး အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အစ္စရေးဘက်မှ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို ဆက်လက်ဖျက်ဆီးနေခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချိုးဖောက်မှုများဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ 

လက်ရှိတွင် လက်ဘနွန်ပြည်သူအများစုမှာအကူအညီမဲ့နေပြီး မည်သည့်နေရာတွင်မဆို ဘေးကင်းလုံခြုံမှုမရှိသကဲ့သို့ စိတ်ခံစားနေရကြောင်း မြို့တော်ဘေရွတ်အခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များက ထုတ်ဖော်ပြောဆိုထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး