အီရန်အရေးနှင့် စွမ်းအင်လုံခြုံရေးကိစ္စများက ထရမ့်နှင့် ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပေါ် လွှမ်းမိုးနေ

News Image

  • အီရန်အရေးနှင့် စွမ်းအင်လုံခြုံရေးကိစ္စများက ထရမ့်နှင့် ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲအပေါ် လွှမ်းမိုးနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အကြား ပြုလုပ်သည့် အရေးပါသော ထိပ်သီးဆွေးနွေးပွဲ ပထမနေ့သည် အပြုသဘောဆောင်သည့်ရလဒ်များ ထွက်ပေါ်ခဲ့သော်လည်း အီရန်နိုင်ငံ၏ ပထဝီနိုင်ငံရေးပြဿနာများက ဆွေးနွေးပွဲအပေါ် အဓိက လွှမ်းမိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ 

အထူးသဖြင့် ကမ္ဘာ့စွမ်းအင် သယ်ယူပို့ဆောင်ရေးတွင် အချက်အချာကျသည့် ဟော်မုဇ် ရေလက်ကြား လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ အီရန်ရေနံကို အဓိကဝယ်ယူနေသည့် တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ရေလက်ကြားအား ပိတ်ဆို့ခြင်းမပြုရန် အီရန်အပေါ်ဖိအားပေးစေလိုသည့် သမ္မတထရမ့်၏ ရည်မှန်းချက်မှာ အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိခဲ့သည်ဟု ဆိုနိုင်သည်။

ဆွေးနွေးပွဲအတွင်း သမ္မတရှီကျင့်ဖျင်က ရေလက်ကြားအား စစ်ရေးအရအသုံးချခြင်းနှင့် အသုံးပြုခကောက်ခံခြင်းများကို ကန့်ကွက်ကြောင်း ရှင်းလင်းစွာပြောကြားခဲ့သည့်အပြင် တရုတ်နိုင်ငံအနေဖြင့် ရေလက်ကြားအပေါ် မှီခိုနေရမှုကိုလျှော့ချရန်အတွက် အမေရိကန်ထံမှ ရေနံပိုမိုဝယ်ယူရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း အီရန် ပဋိပက္ခအဆုံးသတ်ရေးအတွက် တရုတ်နိုင်ငံက မည်မျှအထိ တိုးမြှ ပါဝင်မည်ဆိုသည့်အချက်ကိုမူ အိမ်ဖြူတော်က အသေးစိတ်ထုတ်ပြန်ခြင်း မရှိသေးပေ။

အီရန်အရေးအပြင် ခေါင်းဆောင်နှစ်ဦးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် Fentanyl မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ အိမ်ဖြူတော်ကမူ ပထမနေ့ တွေ့ဆုံမှုသည် ကောင်းမွန်သောစတင်မှုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး မျှော်လင့်ထားသည့် ကုန်သွယ်ရေးသဘောတူညီချက် အသေးစိတ်များကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး