ထရမ့်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုအတွင်း ထိုင်ဝမ်အရေး သတင်းထောက်များ၏ မေးမြန်းမှုများကို ထရမ့် လျစ်လျူရှု

News Image

  • ထရမ့်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုအတွင်း ထိုင်ဝမ်အရေး သတင်းထောက်များ၏ မေးမြန်းမှုများကို ထရမ့် လျစ်လျူရှု

ကြာသပတေးနေ့ (မေ ၁၄) က ပြုလုပ်ခဲ့သော တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့်တွေ့ဆုံပွဲတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

Temple of Heaven (ကောင်းကင်ဘုံဗိမာန်) သို့ သွားရောက်လည်ပတ်စဉ် ရှီကျင့်ဖျင်နှင့်အတူ ဓာတ်ပုံအရိုက်ခံနေစဉ်အတွင်း ထိုင်ဝမ်အရေး ဆွေးနွေးခဲ့သလားဆိုသည့်မေးခွန်းကို သမ္မတအား နှစ်ကြိမ်တိုင်တိုင် မေးမြန်းခဲ့သည်ကို CNN က ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရှိရသည်။ ထရမ့်နှင့် ရှီကျင့်ဖျင်တို့သည် ထိုနေ့နံနက်ပိုင်းက နှစ်နာရီကြာဆွေးနွေးပွဲအပြီးတွင် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဆိုပါနေရာသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် မီဒီယာများနှင့် ပွင့်ပွင့်လင်းလင်းစကားပြောဆိုတတ်သည့် ထရမ့်သည် ဓာတ်ပုံရိုက်ကူးရန်အတွက် တရုတ်ခေါင်းဆောင်နှင့်အတူ ပခုံးချင်းယှဉ်ရပ်နေခဲ့ပြီး သတင်းထောက်နှစ်ဦး၏ မေးမြန်းမှုများကို တစ်စုံတစ်ရာတုံ့ပြန်ခဲ့ခြင်း မရှိပေ။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပေကျင်းက ၎င်း၏ ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီနိုင်ငံဖြစ်သော ထိုင်ဝမ်အရေးသည် ဆွေးနွေးပွဲတွင် အမှန်တကယ် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

"ထိုင်ဝမ်မေးခွန်းသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးအကြီးဆုံးကိစ္စရပ်ဖြစ်သည်" ဟု ရှီကျင့်ဖျင်က အလေးပေး ပြောကြားခဲ့ပြီး အဆိုပါကိစ္စကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မှသာ နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်မည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပဋိပက္ခများဖြစ်ပွားလာနိုင်ခြေရှိကြောင်း သတိပေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး