မော်လ်ဒိုက်ရေအောက်ဂူအတွင်း သေဆုံးခဲ့သော အီတလီရေငုပ်သမား ၅ ဦး ကျန်ရှိရုပ်အလောင်းများကို အန္တရာယ်ကြားမှ ဆက်လက်ရှာဖွေနေ

News Image

  • မော်လ်ဒိုက်ရေအောက်ဂူအတွင်း သေဆုံးခဲ့သော အီတလီရေငုပ်သမား ၅ ဦး ကျန်ရှိရုပ်အလောင်းများကို အန္တရာယ်ကြားမှ ဆက်လက်ရှာဖွေနေ

မော်လ်ဒိုက်နိုင်ငံ၊ ဗာဗူး အတောလ် (Vaavu Atoll) ရှိ အလီမာသာ (Alimathaa) အနီးတွင် နက်ရှိုင်းသော ရေအောက်ဂူအတွင်းသို့ ဝင်ရောက် စူးစမ်းခဲ့ကြသည့် နည်းပြအပါအဝင် အီတလီနိုင်ငံသား ရေငုပ်သမား ၅ ဦး မတော်တဆမှုဖြစ်ပွားကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ၎င်းတို့အဖွဲ့ သည် ကြာသပတေးနေ့ (မေ ၁၄) နံနက်ပိုင်းက ရေငုပ်ခဲ့ကြခြင်းဖြစ်ပြီး မွန်းတည့်ချိန်အထိ ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ရောက်ရှိမလာဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ မော်လ်ဒိုက်အာဏာပိုင်များ၏ ကနဦး အစီရင်ခံစာများအရ ထိုစဉ်က ရာသီဥတုအခြေအနေကို အဝါရောင် သတိပေးချက်ထုတ်ပြန်ထားသဖြင့် ရေပြင်အခြေအနေမှာ ဆိုးရွားနေခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် မော်လ်ဒိုက်အစိုးရက လှေများ၊ လေယာဉ်များနှင့် ရေငုပ်အဖွဲ့များကို အသုံးပြုကာ အကြီးစားကယ်ဆယ်ရေးလုပ်ငန်းတစ်ရပ် ကို ချက်ချင်းစတင်ခဲ့ပြီး ထိုနေ့တွင် ရေမျက်နှာပြင်အောက် မီတာ ၆၀ (ပေ ၂၀၀) ခန့်မှ ပထမဆုံး ရုပ်အလောင်းတစ်ခုကို ဆယ်ယူရရှိခဲ့သည်။ အီတလီနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ ရေငုပ်သမားများသည် အနက် ၅၀ မီတာ (၁၆၄ ပေ) ခန့်ရှိ ဂူများကို စူးစမ်းရန် ကြိုးပမ်းစဉ် သေဆုံးခဲ့ခြင်းဖြစ်နိုင်ပြီး သေဆုံးရသည့်အကြောင်းရင်းကိုမူ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။ 

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟူစိန် ရှာရစ်ဖ်က အဆိုပါ ရေအောက်ဂူသည် အလွန်နက်ရှိုင်းလွန်းသဖြင့် အကောင်းဆုံးရေငုပ် ပစ္စည်းအစုံအလင်ရှိသည့် ကျွမ်းကျင်ရေငုပ်သမားများပင် ချဉ်းကပ်ရန် ခဲယဉ်းကြောင်း ပြောကြားခဲ့သည်။

ကျန်ရှိနေသည့် ရေငုပ်သမား ၄ ဦးမှာလည်း အဆိုပါဂူအတွင်း၌ပင် ရှိနေနိုင်ကြောင်း ယူဆရသဖြင့် သောကြာနေ့ (မေ ၁၅) တွင် ဒုတိယအကြိမ်မြောက် အန္တရာယ်ကြီးမားသော ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း လက်ရှိတွင် ရာသီဥတုအခြေအနေ ဆိုးရွားနေခြင်းကြောင့် ရုပ်အလောင်းများ ဆယ်ယူရေးလုပ်ငန်းများ နှောင့်နှေးနိုင်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် မော်လ်ဒိုက်အစိုးရသည် အီတလီအာဏာပိုင်များထံ သတင်းအချက်အလက်များကို ဆက်တိုက်အကြောင်းကြားပေးနေပြီး အီတလီ သံအမတ်ကြီးကိုယ်တိုင် ရှာဖွေရေးသင်္ဘောပေါ်တွင် ရှိနေသကဲ့သို့ အီတလီ ကျွမ်းကျင်သူတစ်ဦးကလည်း ကမ်းခြေစောင့်တပ်ဖွဲ့ကို ကူညီပေးလျက် ရှိသည်။ ထို့ပြင် လိုအပ်ပါက နိုင်ငံတကာအကူအညီများ တောင်းခံသွားမည်ဖြစ်ကြောင်းနှင့် အီတလီသံရုံးအနေဖြင့် သေဆုံးသူများ၏ မိသားစုများကို လိုအပ်သည်များ ကူညီပံ့ပိုးပေးနေကြောင်း သိရှိရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး