ကမ္ဘာလှည့်သင်္ဘောပေါ်မှ ပြန်လာသည့် ကနေဒါ နိုင်ငံသားတစ်ဦးတွင် ဟန်တာဗိုင်းရပ်စ် ပဏာမ ပိုးတွေ့ရှိ၊ အများပြည်သူ စိုးရိမ်ရန် မလိုကြောင်း ကျန်းမာရေးအရာရှိ ပြောကြား

News Image

  • ကမ္ဘာလှည့်သင်္ဘောပေါ်မှ ပြန်လာသည့် ကနေဒါနိုင်ငံသားတစ်ဦးတွင် ဟန်တာဗိုင်းရပ်စ် ပဏာမ ပိုးတွေ့ရှိ၊ အများပြည်သူ စိုးရိမ်ရန် မလိုကြောင်း ကျန်းမာရေးအရာရှိ ပြောကြား

ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဖြစ်ပွားခဲ့သည့် MV Hondius ကမ္ဘာလှည့်သင်္ဘောပေါ်မှ နေရပ်သို့ပြန်လည်ရောက်ရှိလာသော ကနေဒါ နိုင်ငံသား လေးဦးအနက် တစ်ဦးတွင် ဗိုင်းရပ်စ်ပိုး ရှိနိုင်ခြေရှိသည့် ပဏာမဆေးစစ်ချက်ရလဒ် (Presumptive Positive) ထွက်ပေါ်ထားကြောင်း ကနေဒါကျန်းမာရေးတာဝန်ရှိသူများက စနေနေ့ (မေ ၁၆) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

အဆိုပါလူနာသည် ယူကွန်နယ်မြေမှ လာရောက်သည့် အသက် ၇၀ ကျော်အရွယ် လင်မယားနှစ်ဦးအနက်တစ်ဦးဖြစ်ပြီး လွန်ခဲ့သောနှစ်ရက် ကတည်းက ဖျားနာခြင်းနှင့် ခေါင်းကိုက်ခြင်းကဲ့သို့သောအပျော့စားရောဂါလက္ခဏာများ ပြသခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးလုံးကို ဗစ်တိုးရီးယားမြို့ရှိ ဆေးရုံတစ်ရုံတွင် သီးခြားခွဲထားကာ စောင့်ကြည့်ကုသမှုများလုပ်ဆောင်ပေးနေပြီး ကျန်ရှိသည့်အဖော်တစ်ဦးတွင်မူ ပိုးမတွေ့ရှိကြောင်း သိရှိရသည်။ 

ကနေဒါနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း၌ ရှိသည့် ဗြိတိသျှကိုလံဘီယာ ပြည်နယ် (British Columbia Province) ၏ ကျန်းမာရေးအရာရှိဒေါက်တာ ဘွန်နီ ဟင်နရီ က လူနာ၏အခြေအနေမှာတည်ငြိမ်မှုရှိပြီးအစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာများကို ဖော်ထုတ်နိုင်ခဲ့၍လိုအပ်သောကုသမှုများကို စနစ်တကျလုပ်ဆောင်ထားနိုင်ကြောင်းပြောကြားခဲ့သည်။ ရောဂါပိုး ရှိ၊ မရှိ အတည်ပြုနိုင်မည့် နောက်ဆုံးစစ်ဆေးချက်ရလဒ်များကို ဝင်နီပက်ဂ်မြို့ရှိ အမျိုးသားအဏုဇီဝဗေဒ ဓာတ်ခွဲခန်းမှ ယခုသီတင်းပတ်ကုန်တွင် ထွက်ပေါ်လာမည်ဖြစ်သည်။

အဆိုပါ MV Hondius ကမ္ဘာလှည့်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုစတင်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ စုစုပေါင်း ကူးစက်ခံရသူ ၁၂ ဦးရှိလာကာ ၎င်းတို့အနက် ၉ ဦးမှာ ပိုးတွေ့ရှိကြောင်း အတည်ပြုပြီးဖြစ်သည်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ရာ ၎င်းတို့ထဲတွင် တောင်အမေရိကသို့ သွားရောက်လည်ပတ်စဉ် ဗိုင်းရပ်စ်နှင့် ပထမဆုံးထိတွေ့ကူးစက်ခံခဲ့ရသည်ဟု ယူဆရသည့် နယ်သာလန်နိုင်ငံသား ဇနီး မောင်နှံနှစ်ဦးလည်း ပါဝင်သည်။ 

ယခု ပဏာမပိုးတွေ့ရှိသူ ကနေဒါနိုင်ငံသားသာ အတည်ပြုချက်ထွက်လာပါက ၎င်းသည် အဆိုပါသင်္ဘောနှင့်ဆက်စပ်၍ ပိုးတွေ့ရှိသည့် ၁၀ ဦး မြောက် လူနာဖြစ်လာမည်ဖြစ်သည်။ အဆိုပါသင်္ဘောစီးခရီးသည်များဖြစ်ကြသည့် ကနေဒါနိုင်ငံသား လေးဦးစလုံးသည် မေလ ၁၀ ရက်နေ့ တွင် ဗြိတိသျှကိုလံဘီယာသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရောက်ရှိလာသည့်အချိန်ကတည်းက အားလုံးကို စနစ်တကျ သီးခြားခွဲထား (Isolation) ခဲ့ကြောင်း သိရှိရသည်။

ကျန်းမာရေးအရာရှိ ဒေါက်တာ ဟင်နရီက ဟန်တာဗိုင်းရပ်စ်သည် ကိုဗစ်-၁၉ (COVID-19) နှင့် ကွဲပြားပြီး ကမ္ဘာအနှံ့ ကူးစက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေ (Pandemic potential) မရှိကြောင်း အများပြည်သူကို အသိပေးကာ မစိုးရိမ်ကြရန် ပြောကြားထားသည်။ အဆိုပါခရီးသွားများ ဗြိတိသျှကိုလံဘီယာသို့ခြေချသည့် မိနစ်ပိုင်းကတည်းက ကူးစက်ရောဂါထိန်းချုပ်ရေး ကြိုတင်ကာကွယ်မှုများကို အပြည့်အဝဆောင်ရွက်ထားရှိသဖြင့် သာမန်ပြည်သူများအတွက် ထပ်တိုးလာမည့် အန္တရာယ်မျိုးမရှိကြောင်းနှင့် လူတိုင်းဘေးကင်းလုံခြုံစေရန်အတွက် ကျန်းမာရေးဌာန အနေဖြင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်ရန် အသင့်ပြင်ဆင်ထားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး