မန္တလေးမြို့ ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုပေးအပ်ပွဲကျင်းပ
မန္တလေး မေ ၁၉
၂၀၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး တိုက်ကွမ်ဒို ဆပ်ကော်မတီဥက္ကဋ္ဌတို့ ပူးပေါင်းကျင်းပသော ကလပ်ပေါင်းစုံ ဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုပေးအပ်ပွဲ အခမ်းအနားကို မန္တလေးမြို့ ဗထူးမိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ရှေးဦးစွာ ကလပ်ပေါင်းစုံဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီး ဆုပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ အသက်ရှစ်နှစ်အောက် အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၁ နှစ်အောက် အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၄ နှစ်အောက် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၈ နှစ်အထက် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများတွင် တစ်ဦးချင်းဆုရရှိသူများ၊ ကကွက်ပြိုင်ပွဲနှင့် အတိုက်ပြိုင်ပွဲတို့တွင် ဆုရရှိသောအသင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ဆုဖလားများနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ကြသည်။
အဆိုပါ ကလပ်ပေါင်းစုံဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲကို မေလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပပြီး ကလပ်အသင်း၁၄ သင်းမှ အားကစားသမား စုစုပေါင်း ၈၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
MWD
