ဟော်မုဇ်ရေလက်ကြားကို အိုမန်နှင့် အီရန်တို့ ပူးတွဲထိန်းချုပ်ရန် ကြိုးပမ်းပါက တိုက်ခိုက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

News Image

  • ဟော်မုဇ်ရေလက်ကြားကို အိုမန်နှင့် အီရန်တို့ ပူးတွဲထိန်းချုပ်ရန် ကြိုးပမ်းပါက တိုက်ခိုက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကမ္ဘာ့အရေးပါဆုံး ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့နေခဲ့ရာမှ အဆိုပါ ရေလမ်းကြောင်းကို ပူးတွဲစီမံခန့်ခွဲရန် အီရန်နှင့် အိုမန်နိုင်ငံတို့အကြား အလွတ်သဘော သဘောတူညီချက်မူကြမ်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ 

သို့သော် အမေရိကန်၏ ကာလရှည်မဟာမိတ်ဖြစ်သော အိုမန်နိုင်ငံ အနေဖြင့် အဆိုပါရေလက်ကြားကို ထိန်းချုပ်ရန်ကြိုးပမ်းလာပါက၎င်းတို့အား အမေရိကန်တပ်ဖွဲ့များက ဗုံးကြဲချေမှုန်းသွားမည်ဖြစ်ကြောင်းသမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်လိုက်သည်။

ဗုဒ္ဓဟူးနေ့ (မေ ၂၇) က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတ ထရမ့်က ဟော်မုဇ်ရေလက်ကြားသည် နိုင်ငံတကာပိုင် ရေပြင်ဖြစ်သောကြောင့် မည်သည့်နိုင်ငံကမျှ အပိုင်စီး၍မရကြောင်းနှင့် အိုမန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ စနစ်တကျမပြုမူပါက စစ်ရေးအရ အပြတ်ရှင်းပစ် ရလိမ့်မည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားသည် ပုံမှန်အားဖြင့် ကမ္ဘာ့ပင်လယ်ရေကြောင်းရေနံကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်အထိ ဖြတ်သန်းရသည့် ကမ္ဘာ့စီးပွားရေး၏ နှလုံးသွေးကြောသဖွယ် အရေးပါသော လမ်းကြောင်းဖြစ်သည်။ အဆိုပါ ရေလက်ကြား၏ တစ်ဖက်တစ်ချက်စီတွင်တည်ရှိနေသည့် အီရန်က ၎င်းတို့တွင် ရေလမ်းကြောင်းကို စီမံခန့်ခွဲရန်နှင့် ဖြတ်သန်းခွန်ကောက်ခံရန် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ရှိသည်ဟု အခိုင်အမာပြောဆိုထားပြီး ရန်ဘက်နိုင်ငံများ၏ သင်္ဘောများ ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားခဲ့သည်။ ၎င်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ဧပြီလတွင် ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

ယခုဖြစ်စဉ်တွင် ကြားညပ်သွားခဲ့သည့် အိုမန်နိုင်ငံသည် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်ပြီး ယခင်က အီရန်နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်ပေးခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ လက်ရှိတွင် အီရန်ဘက်က ငြိမ်းချမ်းရေးအတွက် စစ်လျော်ကြေးပေးရန်၊ ဒေသတွင်းမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းရန်နှင့် လက်ဘနွန်နှင့် ဂါဇာရှိ အစ္စရေးစစ်ပွဲများ အဆုံးသတ်ရန်တောင်းဆိုထားပြီး အမေရိကန် ဘက်ကမူ အီရန်၏ နျူကလီးယားအစီအစဉ်အားလုံးကို လုံးဝ ဖျက်သိမ်းရန် အပြန်အလှန်တောင်းဆိုထားကြသဖြင့် ဒေသတွင်း စစ်ရေးနှင့် သံတမန် ရေးရာ တင်းမာမှုများ ပိုမိုမြင့်တက်လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး