ပင်နယန်ကြီးသုံးခုကို ဦးဆောင်ပဲ့ကိုင်ပေးမည့် မြန်မာ့စစ်သမီးများ

Posted_Date

Image

ပင်နယန်ကြီးသုံးခုကို ဦးဆောင်ပဲ့ကိုင်ပေးမည့် မြန်မာ့စစ်သမီးများ

Body

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ ဂုဏ်ပြုဆောင်းပါး

    ရှေးခေတ်မြန်မာ့သမိုင်းတွင် အမျိုးသမီး သူရဲကောင်းများကို မတွေ့ရသော်လည်း ရှင်စောပု၊ လှိုင်ထိပ်ခေါင်တင်တို့လို  ထက်မြက်သည့် မြန်မာအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ ထို့အတူ   မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် မျိုးချစ်မြန်မာ အမျိုးသမီးများသည် သခင်မများအဖြစ် ယောကျ်ားများနှင့်ရင်ပေါင်တန်းလျက် ပါဝင်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပြီးနောက် ၂၀ ရာစု ခေတ်ဦးပိုင်းကာလတွင် ဘာသာရေး၊ လူမှုရေး စသည့် အသင်းအဖွဲ့များ စတင်ပေါ်ပေါက်လာပြီးနောက် တစ်စတစ်စဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် နိုင်ငံရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၁၉  ခုနှစ်  နိုဝင်ဘာလ ၁၆ ရက်တွင် မြန်မာအမျိုးသမီး ကုမ္မာရီအသင်း စတင်ဖွဲ့စည်းခဲ့ပြီး   မြန်မာတစ်ပြည်လုံးပျံ့နှံ့ခဲ့သည်။ ထို့ကြောင့်  နယ်ချဲ့တို့က မြန်မာအမျိုးသမီးတို့သည် အမျိုး၊ ဘာသာ၊ သာသနာချစ်မြတ်နိုးမှုနှင့်အတူ ဇာတိသွေး ဇာတိမာန်တက်ကြွသူများ ဖြစ်ကြောင်း ထိုစဉ်ကတည်းက အသိအမှတ်ပြုခဲ့ကြသည်။ 

ထို့နောက်  လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်   မြန်မာအမျိုးသမီးတို့သည်လည်း ကျရာအခန်းကဏ္ဍတွင်  တက်တက်ကြွကြွ  ပါဝင်လာခဲ့ကြသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သည့်ကာလတွင် မြန်မာအမျိုးသမီးအချို့  တပ်မတော်သို့ ဝင်ရောက်ထမ်းဆောင်ခဲ့ကြသည်။ 

၁၉၅၄ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးအတွက်  အမျိုးသမီးစစ်ဝန်ထမ်းတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ဖူးသည်။  တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် အဆင့်အမျိုးမျိုးဖြင့် ကျရာတာဝန်များကို ထမ်းဆောင်နိုင်ခဲ့သည်သာမက ပြည်ပသင်တန်းများတွင်လည်း ထူးချွန်စွာ  အောင်မြင်ခဲ့ကြသဖြင့် နိုင်ငံတော်နှင့်   တပ်မတော်၏ဂုဏ်ကို မြှင့်တင်ပေးခဲ့သည်။  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်သည် ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရသည်။ သူရမချစ်ပိုသည် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပထမဆုံးသော မြန်မာအမျိုးသမီးသူရဲကောင်းအဖြစ် အထင်အရှားဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း မြန်မာအမျိုးသမီးသူရဲကောင်းများစွာ  ပေါ်ထွန်းလျက်ရှိခဲ့သည်။

ယနေ့ကမ္ဘာကြီးသည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျား/မ မရွေး တန်းတူရင်ပေါင်တန်းလျက် ရှိကြသလို နယ်ပယ်အသီးသီးတွင် အမျိုးသမီးတို့ ကျယ်ပြန့်စွာပါဝင်လာခဲ့ကြသည်။ နိုင်ငံအသီးသီးတို့သည် မိမိတို့နိုင်ငံတော်ကြီးကို စွမ်းအားပြည့်ကာကွယ်စောင့်ရှောက်ရန်အတွက် ကြိုးပမ်းလျက်ရှိရာ  ကာကွယ်ရေးကဏ္ဍတွင် အမျိုးသမီးများကိုပါ စစ်မှုထမ်းဆောင်ခွင့်ပြုခဲ့ကြသည်။ ယခင်က အမျိုးသမီးများကိုစစ်မှုထမ်းဆောင်ခွင့်ပြုခဲ့သော်လည်း   နောက်တန်းဌာနချုပ်များတွင် ရုံးလုပ်ငန်းတာဝန်များနှင့် ဆက်သွယ်ရေးတာဝန်ကိုသာ   ထမ်းဆောင်ခွင့်ပြုသော်လည်း ယနေ့အခါတွင် ရှေ့တန်းဌာနချုပ်များသို့  လိုက်ပါခွင့်ပြုပြီး  အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြကြောင်း လေ့လာတွေ့ရှိရသည်။ 

ယနေ့ မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော စစ်မှုထမ်းအမျိုးသမီး အရာရှိများသည်လည်း တာဝန်ကျရာဌာန အသီးသီးတွင် အုပ်ချုပ်မှုတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် ခက်ခဲပင်ပန်းသော အကြမ်းဖက်နှိမ်နင်းရေး သင်တန်းများတက်ရောက်ကြပြီး နိုင်ငံတော်ကာကွယ်ရေးအပြင် ဒေသတွင်းတည်ငြိမ် အေးချမ်းရေးတာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိကြသည်။

အားနွဲ့သည့်မိန်းမသားဟုဆိုကြသော်လည်း မြန်မာ့တပ်မတော်စစ်မှုထမ်း   အမျိုးသမီးများသည်  တပ်မတော်(ကြည်း၊ ရေ၊ လေ)အသီးသီးတွင်  စစ်မှုထမ်းအမျိုးသားများနှင့် ရင်ပေါင်တန်းလျက် တာဝန်ထမ်းဆောင်နေကြောင်း   တွေ့မြင်ရမည်သာဖြစ်သည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နှစ်စဉ် ဘွဲ့ရအမျိုးသမီးပြန်တမ်းဝင်အရာရှိများကို မွေးထုတ်ပေးလျက်ရှိသည်။ ထိုသို့မွေးထုတ်ပေးရာတွင် မီးနာမှ  သံကောင်းမည်  ဟူသည့် ဆောင်ပုဒ်နှင့်အညီ စစ်အတတ်ပညာများကို  ပြင်းထန်စွာလေ့ကျင့် သင်ကြားပေးသည့်အပြင် စနစ်ကျသည့် ရုံးလုပ်ငန်းဆိုင်ရာ အုပ်ချုပ်မှု အတတ်ပညာများကိုလည်း သင်ယူကြရသည်။  တပ်မတော်တွင် အုပ်ချုပ်မှုဆိုင်ရာ ရုံးလုပ်ငန်းနှင့်ပတ်သက်၍ စာရေးသူ၏  ဆရာတစ်ဦးက  တို့ရုံးလုပ်ငန်းဆိုတာ   အင်မတန်အရေးကြီးတယ်၊   စစ်မြေပြင်မှာရှိတဲ့   စစ်သည်တစ်ယောက်ရဲ့ သေနတ်ပြောင်းဝကနေ ကျည်တစ်တောင့်ထွက်ဖို့အတွက် ဦး၊ ရေး၊ ထောက်ဆိုတဲ့ ပင်နယန်ကြီးသုံးခုက လည်ပတ်နေရတယ်ဆိုခဲ့ဖူးပါသည်။ 

စင်စစ် နှစ်ဖက်တိုက်ပွဲမစမီကပင် အုပ်ချုပ်မှုလုပ်ငန်းများ၏ အားပြိုင်မှုသည် တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးပြီးဖြစ်သည်။

မည်သည့်အဖွဲ့အစည်းတွင်မဆို အုပ်ချုပ်မှုယန္တရား ကောင်းမွန်မှသာလျှင် ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်မည်သာဖြစ်သည်။ ယနေ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များအား ထမ်းဆောင်နေသည့် တပ်မတော်တွင်လည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဟူသည့် ပင်နယန်ကြီးသုံးခုရှိသည်။ ထိုပင်နယန်ကြီးသုံးခုသည် အစဉ်သဖြင့်ချိတ်ဆက်နေပြီး ဟန်ချက်ညီလည်ပတ်နေသည်။  တစ်ခု  ယိမ်းယိုင်ချို့ယွင်းရပ်တန့်သွားလျှင် အခြားပင်နယန်နှစ်ခုသည်လည်း ရပ်တန့်သွားမည်သာဖြစ်သည်။ စင်စစ် ထိုပင်နယန်ကြီးသုံးခုသည်ကား တိုက်ပွဲအောင်နိုင်ခြင်း၏ အခြေခံအုတ်မြစ်ပင်တည်း။ တပ်မတော်တွင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဟူသော  ပင်နယန်ကြီးများသည် ရေသောက်မြစ်ဖြစ်၍   အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုသည် ပင်စည်ဖြစ်ပြီး အရပ်မျက်နှာအသီးသီးသို့ လန်းဆန်းဖြာထွက်နေသော  အကိုင်းအခက်တို့သည်ကား  အောင်မြင်မှု၏ပြယုဂ်ပင်ဖြစ်သည်။ 

နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်သည်ကား စွမ်းရည်သုံးရပ် ပြည့်ဝရမည်သာဖြစ်သည်။ ထိုစွမ်းရည်သုံးရပ်မှာ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်တို့ပင်ဖြစ်သည်။ အုပ်ချုပ်မှုစွမ်းရည်ထက်မြက်မှသာလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်သည်လည်း ထက်မြက်မည်သာဖြစ်သည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ထို့အတူပင်  အစိုးရအုပ်ချုပ်မှုယန္တရားကောင်းမွန်မှသာ တည်ငြိမ်အေးချမ်းမှုနှင့်အတူ   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်သာဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မည့်အခြေအနေရောက်တိုင်း တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို မလွှဲမရှောင်သာ ထမ်းဆောင်ခဲ့ရသည်။ ထိုသို့ထမ်းဆောင်သည့်အခါတိုင်း အုပ်ချုပ်မှုယန္တရားများကို ပြန်လည်တည်ဆောက်ပြီး ချောမွေ့စွာ ရှေ့ဆက်သွားနိုင်ခဲ့သည်သာဖြစ်သည်။ ထိုသို့ နိုင်ငံတော်၏ရည်မှန်းချက်အတိုင်း ရှေ့ဆက်သွားမည့်လမ်းစဉ်၊ မူဝါဒများကိုချမှတ်လျက် ချောမွေ့စွာဖြတ်သန်းနိုင်ခဲ့ခြင်းသည် တပ်မတော်၏စွမ်းရည်သုံးရပ်ပြည့်ဝနေခြင်းကြောင့်သာလျှင်ဖြစ်သည်။ ယနေ့ နိုင်ငံတော်သည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီနိုင်ငံတော်အဖြစ် လျှောက်လှမ်းနိုင်ခြင်းသည် တပ်မတော်၏ အုပ်ချုပ်မှုစွမ်းရည် ထက်မြက်နေမှု၏   ထင်ရှားသောပြယုဂ်ပင်ဖြစ်သည်။ 

ကမ္ဘာပေါ်ရှိ နိုင်ငံအချို့သည် ဒီမိုကရေစီလမ်းပေါ်တွင် လျှောက်လှမ်းရင်း သွေဖည်သွားသည်များလည်း ယနေ့တိုင်ရှိသည်။ ဒီမိုကရေစီလမ်းပေါ်သို့ ရောက်သည့်အခါ  ရောက်လိုက်၊ ချော်သွားလိုက်ဖြင့် ယနေ့တိုင် တည်ငြိမ်စွာ မလျှောက်လှမ်းနိုင်သေးသော နိုင်ငံများစွာကိုလည်း လေ့လာတွေ့မြင်နိုင်ပေသည်။ ယနေ့ ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ကား ၂၀၁၁ ခုနှစ်မှစ၍  ဒီမိုကရေစီလမ်းပေါ်တွင် စတင်လျှောက်လှမ်းခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်လာခဲ့သော်လည်းတပ်မတော်ဦးဆောင်သည့် နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီလမ်းပေါ်မှ မသွေဖည်စေဘဲ ဆက်လက်လျှောက်လှမ်းလျက်ရှိသည်မှာ အုပ်ချုပ်မှုယန္တရား ကျွမ်းကျင်ပိုင်နိုင်ခြင်းကို ညွှန်းဆိုလျက်ရှိသည်။ 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင်  လူသားအရင်းအမြစ်ပြည့်ဝစွာ  အသုံးချနိုင်ရေးမှာ အဓိကဖြစ်သည်။ လူသားအရင်းအမြစ်ဆိုရာတွင် ယောကျ်ား၊  မိန်းမ   ခွဲခြားခြင်းမပြုဘဲ တန်းတူရည်တူရှိမှုလိုအပ်သည်။ မိန်းမသားများကို အားနွဲ့သူဟုသတ်မှတ်၍ တန်းတူအခွင့်အရေး မပေးလျှင် ကုံလုံပြည့်ဝသည့် လူသားအရင်းအမြစ်ရမည်မဟုတ်။ ဤသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တစ်ခုတည်းအတွက်သာ    မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍတွင်လည်း မိန်းမသားတို့လိုက်ပါလုပ်ဆောင်နိုင်သော တာဝန်များကိုပါ အံဝင်ခွင်ကျလုပ်ဆောင်ခွင့်ပေးရမည်သာဖြစ်သည်။ 

ယနေ့တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စိတ်ပါဝင်စားသည့် မိဘပြည်သူတို့၏ ရင်နှစ်သည်းချာ ခေတ်ပညာတတ် ဘွဲ့ရမျိုးချစ်သမီးပျိုလေးများကိုစုစည်းကာ  နှစ်စဉ် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ ပြန်တမ်းဝင်အရာရှိများအဖြစ် မွေးထုတ်ပေးလျက်ရှိပါသည်။ ထိုဘွဲ့ရအမျိုးသမီးပြန်တမ်းဝင် အရာရှိများသည် ယနေ့တပ်မတော်၏ ရည်မှန်းချက်ဖြစ်သည့် အင်အားတောင့်တင်းပြီး   စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်’’တည်ဆောက်ရာတွင် အားနွဲ့သည့်မိန်းမသားအသွင်မဟုတ်ဘဲ     အားမာန်အပြည့်ဖြင့် တပ်မတော်၏ပင်နယန်ကြီးသုံးခုအား      ကောင်းစွာထိန်းကျောင်း မောင်းနှင်လျက်ရှိပါကြောင်း     ဂုဏ်ပြုရေးသား လိုက်ရပါသည်။   ။

MWD