အမေရိကန် တရားရုံးချုပ်၏ အကောက်ခွန်ဆိုင်ရာဆုံးဖြတ်ချက်ထွက်ပေါ် လာပြီးနောက် အိန္ဒိယနိုင်ငံက အမေရိကန်နှင့် ပြုလုပ်မည့် ကုန်သွယ်ရေးဆွေးနွေးမှုများကို ရွှေ့ဆိုင်း

News Image

  • အမေရိကန် တရားရုံးချုပ်၏ အကောက်ခွန်ဆိုင်ရာဆုံးဖြတ်ချက်ထွက်ပေါ် လာပြီးနောက် အိန္ဒိယနိုင်ငံက အမေရိကန်နှင့် ပြုလုပ်မည့် ကုန်သွယ်ရေးဆွေးနွေးမှုများကို ရွှေ့ဆိုင်း

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် တရားရုံးချုပ်က နိုင်ငံအသီးသီးမှ တင်သွင်းကုန်များအပေါ် ဒေါ်နယ်ထရမ့် ချမှတ်ထားသည့် အကောက်ခွန်များကို ပယ်ဖျက်လိုက်ပြီးနောက် အိန္ဒိယနိုင်ငံသည် ကုန်သွယ်ရေးသဘောတူညီချက်ကို အတည်ပြုရန် အမေရိကန်သို့ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိ ရသည်။

ပြီးခဲ့သည့် သောကြာနေ့ (ဖေဖော်ဝါရီ ၂၀) က ပြုလုပ်ခဲ့သော တရားရုံးချုပ်၏ မဲခွဲဆုံးဖြတ်မှုတွင် ၆ မဲ - ၃ မဲဖြင့် အခွန်ကောက်ခံနိုင်ခွင့်အာဏာသည် လွှတ်တော် (Congress) ၌သာ ရှိသောကြောင့် အမေရိကန် သမ္မတ အနေဖြင့် အကောက်ခွန်များကို မိမိသဘောဆန္ဒအလျောက် တစ်ဖက်သတ် သတ်မှတ်ခြင်းနှင့်ပြောင်းလဲခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ် ကြောင်း ဆုံးဖြတ်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆင့်မြင့်ညှိနှိုင်းရေးမှူး Darpan Jain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကြားဖြတ်ကုန်သွယ်ရေးသဘောတူညီချက်၏ ဥပဒေကြောင်းဆိုင်ရာ အချက်အလက်များကို အပြီးသတ်ဆွေးနွေးရန်တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၂) တွင် ဝါရှင်တန်သို့ ထွက်ခွာရန် စီစဉ်ထားခြင်းဖြစ်သည်။ "ခရီးစဉ်ကို ရွှေ့ဆိုင်းရန်ဆုံးဖြတ်ချက်ကို နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဆွေးနွေးပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်" ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာက ဖော်ပြခဲ့သည်။ ထို့အပြင် ခရီးစဉ်အတွက် ရက်စွဲအသစ်ကိုလည်း ထပ်မံ သတ်မှတ်ရခြင်း မရှိသေးဟု ဆိုသည်။

လွန်ခဲ့သည့်သီတင်းပတ်က အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal က အိန္ဒိယနှင့် အမေရိကန်တို့အကြား ကြားဖြတ်ကုန်သွယ်ရေးသဘောတူညီချက်သည် ဧပြီလတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ဝါရှင်တန်က အိန္ဒိယနိုင်ငံအပေါ် ၅၀% အထိ မြင့်မားသော အကောက်ခွန်များ သတ်မှတ်ခဲ့ပြီးနောက် လပေါင်းများစွာ ညှိနှိုင်းခဲ့ကြပြီး ယခုလအစောပိုင်းတွင်မှ အိန္ဒိယနှင့် အမေရိကန်တို့သည် ကြားဖြတ်ကုန်သွယ်ရေး သဘောတူညီချက်ကို ကြေညာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်သည် အိန္ဒိယအပေါ် ကောက်ခံထားသည့် အကောက်ခွန် ဝန်ထုပ်ဝန်ပိုးကို ယခင် ၅၀% မှ ၁၈% သို့ လျှော့ချပေးခဲ့ပြီး ၎င်းနှုန်းထားသည် အာရှနိုင်ငံများအနက် အမြင့်ဆုံးဖြစ်သည်။ အဆိုပါအကောက်ခွန်၏ ထက်ဝက်မှာ နယူးဒေလီက ရုရှားရေနံ တင်သွင်းမှုကြောင့် ဖြစ်သည်။ အဆိုပါ သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အိန္ဒိယသည် ရုရှားထံမှ ရေနံဝယ်ယူမှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း အမေရိကန်ဘက်က ပြောကြားထားသော်လည်း နယူးဒေလီဘက်ကမူ အဆိုပါ အချက်ကို အတည်ပြုပြောကြားခြင်း မရှိသေးပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂