ထူးခြားသတင်းများ
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာ (Zamfara) ပြည်နယ် ရှိလူစည်ကားရာ ဈေးတစ်ခုအတွင်းသို့ နိုင်ဂျီးရီးယားစစ်တပ်က လေကြောင်း မှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့ (Amnesty International) က အင်္ဂါနေ့ (မေ ၁၂) တွင် ထုတ်ပြန်ခဲ့ပြီး အာဏာပိုင်များအနေဖြင့် ချက်ချင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တိုက်တွန်းထားသည်။
တနင်္ဂနွေနေ့ (မေ ၁၀) က ဇူရ်မီ (Zurmi) ခရိုင်ရှိ ဝေးလံခေါင်ဖျားသော တွမ်ဖာ (Tumfa) ဈေးကို ထိမှန်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုသည် တစ်လအတွင်း နိုင်ဂျီးရီးယားမြောက်ပိုင်းရှိ လူစည်ကားရာဈေးများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ရသည့် ဒုတိယမြောက် ဖြစ်ရပ်ဖြစ်သည်။
သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်အများအပြား ပါဝင်ကြောင်းနှင့် ဒဏ်ရာရရှိသူ ဒါဇင်ပေါင်းများစွာကို ဇူရ်မီနှင့် အနီးနားရှိ ရှင်ကာဖီ (Shinkafi) ဆေးရုံများတွင် ကုသပေးနေရကြောင်း Amnesty အဖွဲ့က ဆိုသည်။ နိုင်ဂျီးရီးယားစစ်တပ်ဘက်မှ ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးသော်လည်း ယခင်ကမူ ၎င်းတို့သည် အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိဘဲ ထောက်လှမ်းရေးသတင်းများအပေါ်အခြေခံ၍ စစ်သွေးကြွပစ်မှတ်များ ကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ငြင်းဆိုလေ့ရှိသည်။
ထို့နေ့ မွန်းတည့်အချိန်ခန့်တွင် စစ်လေယာဉ်များ ထိုဒေသအနီး ဝဲပျံနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် နှစ်နာရီခန့်အကြာတွင် လေယာဉ်များ ပြန်လည် ရောက်ရှိလာပြီး လူစည်ကားသည့်ဈေးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများကို ကိုးကား၍ Amnesty က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဧပြီလကလည်း နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း ဂျီလီ (Jilli) ရှိ အပတ်စဉ်ဈေးတစ်ခုတွင် အလားတူလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ခန့် သေဆုံးခဲ့ရပြီး ယင်းဖြစ်ရပ်ကို စစ်တပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
မြောက်ပိုင်းဒေသရှိ ဒေသခံများကမူ စစ်တပ်၏စီးနင်းတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးနေရသည့်အပေါ် စိုးရိမ်ပူပန်မှုများ တိုးလာနေသည်။
နိုင်ဂျီးရီးယားစစ်တပ်သည် အနောက်မြောက်ပိုင်းတွင် လက်နက်ကိုင် ဓားပြဂိုဏ်းများကို နှိမ်နင်းနေရသကဲ့သို့ အရှေ့မြောက်ပိုင်းတွင်လည်း၁၇ နှစ်ကြာ အစ္စလာမ္မစ်သောင်းကျန်းမှုများကို ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် နှစ် ခရစ္စမတ်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ဂျီးရီးယား အစိုးရအနေဖြင့် ခရစ်ယာန်ဘာသာဝင်များကို အကာအကွယ်ပေးရန်ပျက်ကွက်သည်ဟုစွပ်စွဲပြီးနောက် အမေရိကန်က နိုင်ဂျီးရီးယား အနောက် မြောက်ပိုင်းရှိ အစ္စလာမ္မစ်အခြေစိုက်စခန်းများဟု ယူဆရသည့်နေရာ များကို တိုက်ခိုက်ခဲ့ဖူးသည်။
"ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ပုံစံခွက်တစ်ခုလို ဖြစ်လာ နေပြီး ရွာသားတွေဟာ လက်နက်ကိုင်အဖွဲ့တွေ၊ ဓားပြတွေနဲ့ စစ်တပ်တို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြားညပ်ခံစားနေရပါတယ်" ဟု Amnesty က ဆိုသည်။ ထို့အပြင် ယခုလေကြောင်းတိုက်ခိုက်မှုများသည် တရားမဝင်ကြောင်းနှင့် အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကိုလေးစားမှုမရှိခြင်းကို ပြသနေကြောင်း Amnesty အဖွဲ့က ပြင်းပြင်း ထန်ထန် ဝေဖန်ထားသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ၎င်း၏ခံဝန်ကာလအတွင်း နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ငြိမ်သက်နေမည်မဟုတ်ကြောင်း၊ လက်ရှိတွင် နိုင်ငံရေးမှ အပြီးတိုင် အနားမယူသေးဘဲ ပြစ်ဒဏ်ကာလ ကုန်ဆုံးသည်အထိသာ သိုသိပ်စွာနေနေခြင်းဖြစ်ကြောင်း ပညာရှင်တစ်ဦး က သုံးသပ်ပြောကြားခဲ့သည်။
တစ်နှစ်ထောင်ဒဏ်အနက် ၂၄၃ ရက် ကျခံပြီးနောက် တနင်္လာနေ့ (မေ ၁၁) တွင် ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည့် သက်ဆင်သည် နိုင်ငံရေး လောက ၏အာရုံစိုက်မှုကို တစ်ကျော့ပြန် ရရှိလာခဲ့သည်။
ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် စတီသွန်း သာနာနီ သီချော့ (Stithorn Thananithichot) က သက်ဆင်သည် လွတ်မြောက် လာပြီးနောက် စိတ်အားထက်သန်ပြီး တက်ကြွနေသည်ကို တွေ့ရကြောင်း မှတ်ချက်ပြုခဲ့သည်။ သက်ဆင်၏ နိုင်ငံရေးအခန်းကဏ္ဍသည် နေအိမ်မှ တစ်ဆင့် အလွတ်သဘော တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကဲ့သို့သော သွယ်ဝိုက်သည့်နည်းလမ်းများဖြင့် တဖြည်းဖြည်း ပြန်လည်ပေါ်ထွက်လာ နိုင်ကြောင်း ၎င်းကခန့်မှန်းခဲ့သည်။ ထို့အပြင် သက်ဆင်၏ နိုင်ငံရေးကွန်ရက်နှင့် မိသားစုဝင်များသည် ၎င်း၏ဩဇာအာဏာကို ဆက်လက် မျှော်လင့်နေကြပြီး ၎င်း၏လမ်းစဉ်အတိုင်း အနီးကပ် လျှောက်လှမ်းနေကြဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
"သူက ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီး မြေးတွေကိုပဲ ကြည့်နေမယ် လို့ ထင်နေတဲ့သူတွေရှိရင်တော့ မှားပါလိမ့်မယ်" ဟု စတီသွန်းက ဆိုသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဂျာတူပွန် ပရွန်ပန် (Jatuporn Prompan) ကမူ ပိုမိုပြတ်သားသော သဘောထားကိုဖော်ပြခဲ့ပြီး နိုင်ငံရေးတွင် ဆက်လက်ပါဝင်ပတ်သက်နေပါက သက်ဆင်၏ လူထုထောက်ခံမှုကို ကျဆင်းစေနိုင်သည့်အပြင် ဥပဒေကြောင်းအရ အန္တရာယ်များနှင့် ထပ်မံ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။ အကယ်၍ သက်ဆင်သည် ကြားခံလူများမှတစ်ဆင့် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းနေသည်ဟု ယူဆ ရပါက အငြင်းပွားမှုများ တစ်ကျော့ပြန် အားကောင်းလာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) က သက်ဆင်နှင့်တွေ့ဆုံရန် အသင့်ရှိကြောင်း တနင်္လာနေ့ (မေ ၁၁) တွင် အတည်ပြုပြောကြားခဲ့သည်။ အနုတင်က ၎င်းသည် သက်ဆင် လက်ထက်တွင် လက်အောက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း ပြောကြားကာ တွေ့ဆုံမှုကြောင့် နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာနိုင်သည် ဟူသော ခန့်မှန်းချက်များကို ပယ်ချခဲ့သည်။
ကလောင်ပရမ်ဗဟိုအကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် သက်ဆင်ကို အီလက်ထရွန်နစ် ခြေချုပ်ကိရိယာ (EM) တပ်ဆင်ပေးခဲ့ပြီး ခံဝန်စည်းကမ်းချက်များကို အသိပေးခဲ့သည်။ အဆိုပါ စည်းကမ်းချက်များတွင် မှတ်ပုံတင်ထားသော နေအိမ်လိပ်စာတွင်သာ နေထိုင်ရန်၊ လစဉ် ခံဝန်အရာရှိထံ အစီရင်ခံရန် ၊ ဘန်ကောက်မြို့ပြင်ပသို့ သွားလာလိုပါက ခွင့်ပြုချက်တောင်းခံရန်နှင့် ပြည်ပသို့ ထွက်ခွာခြင်းမပြုရန်တို့ ပါဝင်သည်။
၎င်း၏လှုပ်ရှားမှုများကို စောင့်ကြည့်ကြီးကြပ်သွားမည်ဖြစ်ပြီး ဆွေမျိုးမတော်စပ်သည့် အကျဉ်းသားဟောင်းများနှင့် ဆက်သွယ်ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အဆိုပါ စည်းကမ်းချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ပါက ၎င်း၏ခံဝန်အခြေအနေကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။
ရှေ့နေဖြစ်သူ၏ ပြောကြားချက်အရ သက်ဆင်သည် မေလ ၂၅ ရက်၊ ဇွန်လ ၂၇ ရက်၊ ဇူလိုင်လ ၂၉ ရက်နှင့် ဩဂုတ်လ ၃၁ ရက်နေ့တို့တွင် အစီ ရင်ခံရမည်ဖြစ်ပြီး ခံဝန်ကာလသည် စက်တင်ဘာလ ၉ ရက်နေ့တွင် ကုန်ဆုံးမည်ဟု မျှော်လင့်ရသည်။ ထို့အပြင် သက်ဆင်သည် ဘန်ကောက် ရှိ ဆေးရုံတစ်ခုတွင် ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန်လည်း ရှိနေသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
မော်ရိုကိုနိုင်ငံတွင် ပြုလုပ်သည့် African Lion စစ်ရေးလေ့ကျင့်မှုအတွင်း ပျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သည်နှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို အတ္တလန်တိတ် သမုဒ္ဒရာအတွင်းမှ ပြန်လည်ဆယ်ယူ ရရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက တနင်္ဂနွေနေ့ (မေ ၁၁) တွင် ပြောကြားခဲ့သည်။
သေဆုံးသူမှာ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့မှ အသက် ၂၇ နှစ် အရွယ် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ အရာရှိ ဒုတိယဗိုလ် Kendrick Lamont Key Jr. ဖြစ်ကြောင်း အတည်ပြုထားသည်။ ၎င်း၏ ရုပ်အလောင်းကို မေလ ၉ ရက် ဒေသစံတော်ချိန် နံနက် ၈:၅၅ နာရီခန့်တွင် စစ်သည်နှစ်ဦး ရေထဲသို့ကျသွားသည်ဟု ယူဆရသည့်နေရာမှ တစ်မိုင်ခန့်အကွာရှိ ကမ်းခြေတစ်လျှောက်တွင် မော်ရိုကိုစစ်ဘက် ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကြည်းတပ်က ဆိုသည်။
အမေရိကန်ကြည်းတပ်၏ ထုတ်ပြန်ချက်အရ ဒုတိယဗိုလ် Key သည် အမှတ် (၁၀) လေကြောင်းနှင့်ဒုံးကျည်ကာကွယ်ရေး ကွပ်ကဲမှုဌာနချုပ်၊ အမှတ် (၄) လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ အမှတ် (၅) တပ်ခွဲ၊ Charlie Battery မှ တပ်စုမှူးတစ်ဦး ဖြစ်သည်။
Key နှင့် အခြားအမေရိကန်စစ်သည်တစ်ဦးတို့သည် မေလ ၂ ရက်နေ့က Tan-Tan မြို့အပြင်ဘက်ရှိ ချောက်ကမ်းပါးများ၊ သဲကန္တာရများနှင့် ကုန်းမြင့်လွင်ပြင်များရှိရာ Cap Draa လေ့ကျင့်ရေးနယ်မြေအနီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ထိုနေ့အစောပိုင်းက African Lion 26 စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသော်လည်း တာဝန်ပြီးဆုံး၍ အနားယူချိန်အတွင်း တောင်တက်ခရီးထွက်စဉ် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဒုတိယမြောက် စစ်သည်မှာမူ ယခုထက်ထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
ပြည်တွင်းသတင်းများ
နေပြည်တော် မေ ၁၁
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၃၁ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ သုံးဦး၊ မြောက်ဦးမြို့နယ်မှ တစ်ဦး၊ မောင်းတောမြို့နယ်မှ တစ်ဦး၊ ရသေ့တောင်မြို့နယ်မှ တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ တစ်ဦး စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ခုနစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ နှစ်ဦး၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှ နှစ်ဦး၊ ကြံခင်းမြို့နယ်မှ တစ်ဦး၊ လေးမျက်နှာမြို့နယ်မှ ၁၂ ဦး၊ အင်္ဂပူမြို့နယ်မှ သုံးဦး၊ ရေကြည်မြို့နယ်မှ နှစ်ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှ တစ်ဦး စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၂၄ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့် ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 သေနတ် သုံးလက်၊ M-22 သေနတ် နှစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည် ၃၃၈ တောင့်နှင့် ကျည်အိမ် ခြောက်ခုတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ငါးလက်အတွက် ငွေကျပ် သိန်း ၂၅၀၊ လက်ပစ်ဗုံး တစ်လုံးအတွက် ငွေကျပ် သုံးသိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ငွေကျပ် ၉၃ သိန်း စုစုပေါင်းငွေကျပ် ၃၄၆ သိန်းကို ပေးအပ်ပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများ ကျူးလွန်ခြင်း၊ အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -
၁။ ကျွန်တော်တို့ စည်းရုံးရေးမှာ ကျွန်တော့်ကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး၊ ကြက်သွန် ထောက်ပံ့မယ်ပေါ့။ ပြီးတော့ ကျွန်တော့်ကို စစ်တိုက်စရာလည်း မလိုဘူးလို့ ပြောပါတယ်။ ဒါကြောင့်မို့ ကျွန်တော် သူတို့ရဲ့ အလိမ်အညာစကားမှာ နားယောင်ပြီး လိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ရှေ့မှာ သေကျေပျက်စီးနေရတာတွေက နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့အတွက် အပြင်က ကျွန်တော့်မိသားစုရှိတဲ့နေရာကို ကျွန်တော် သတိလည်းရတယ်၊ လွမ်းလည်း လွမ်းတဲ့အတွက် ပြီးတော့ ကျွန်တော် လျှောက်နေတဲ့လမ်းက မှားတယ်ဆိုတာ သိတဲ့အတွက် အချိန်မီ ကျွန်တော်လမ်းမှန်ကို ပြောင်းဖို့အတွက် တပ်မတော်ကလည်း နွေးနွေးထွေးထွေး ကြိုဆိုတယ်ဆိုတာ သိရတော့ အလင်းဝင်လာရခြင်းဖြစ်ပါတယ်။ ကျွန်တော် အခု အလွန်ပျော်နေတယ်၊ ပီတိလည်းဖြစ်ပါတယ်။ ကျွန်တော့်မိသားစုလည်း အခု ကျွန်တော်နဲ့ ထပ်တူပျော်ရွှင်နေပါတယ်။ သူတို့ မိသားစုကိုလည်း ပျော်ရွှင်စေချင်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ လျှောက်တဲ့လမ်းအတိုင်း လျှောက်လာခဲ့ဖို့ ဒီနေရာကနေ ဖိတ်ခေါ်ချင်ပါတယ်။ ညီအစ်ကိုတို့ အားလုံးကို။ အစစအရာရာ ပြည့်စုံပါတယ်။ မိသားစု ညီအစ်ကိုမောင်နှမ အရင်းအချာလို၊ တပ်ဖွဲ့ဝင်တစ်ယောက်လို ကျွန်တော်တို့ကို လိုလေသေးမရှိ အစစအရာရာ စီမံပေးတဲ့ တပ်မတော်သား အားလုံးကို ကျွန်တော်ဒီနေရာကနေ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ် ခင်ဗျ။ ကျွန်တော် အမေတို့နဲ့ ပြန်တွေ့ရင်၊ မိန်းမနဲ့ ပြန်တွေ့ရင် ငိုမိမှာပါ။ ဒါပေမဲ့ အမေ့ရှေ့မှာ ကျွန်တော်ကတိပေးချင်တာ နောက်နောင် ဒီလိုအမှားမျိုး ဘယ်တော့မှ မမှားတော့ဘူးလို့ အမေ့ကို အကြိမ်ကြိမ် ကတိပေးချင်ပါတယ်ဗျ။
၂။ စစ်မှုထမ်းရမယ်ဆိုပြီးတော့ ကျွန်တော်တို့ကို တစ်အိမ်တစ်ယောက် မလိုက်လို့မရဘူးပေါ့၊ စည်းရုံးပြီးတော့ ခေါ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ သူငယ်ချင်း ငါးယောက် ပါသွားပါတယ်။ ကျွန်တော်တို့လည်း စိတ်မပါဘဲ ပါခဲ့ရတာဖြစ်လို့ မပြေလည်မှုတွေပဲ ကြုံတွေ့နေရတယ်။ ဒုက္ခတွေက အများကြီး ရောက်ခဲ့ရတယ်။ အကူအညီမဲ့ခဲ့တယ်။ ထွက်ပေါက်တွေ ရှာလာပြီးတော့ ကျွန်တော်တို့ ထွက်ပြေးလာခဲ့ တာပါ။ ကျွန်တော်တို့စိတ်နဲ့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးတော့ အဲဒီလိုမျိုး လာခဲ့တာပါ။ အလင်းဝင်အခမ်းအနားတွေ လုပ်ပေးတယ်။ ဆုကြေးငွေတွေ ပေးတယ်။ ပြီးရင် မိဘရပ်ထံကိုလည်း ပြန်လွှတ်အပ်နှံပေးပါတယ်။ ဝမ်းသာပါတယ်။ ကျေနပ်မှုရှိပါတယ်။ ကျွန်တော် အားလည်းအားရပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ စားတာသောက်တာတွေကလည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးပါတယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပါတယ်။ တောထဲမှာကျန်ရှိနေတဲ့ သူငယ်ချင်းတွေကို ကျွန်တော့်လိုပေါ့ အမြင်မှန်ရစေချင်တယ်။ ကျွန်တော်တို့ဆီကို အပါဆွဲခေါ်ချင်တာပေါ့။
သတင်းစဉ်
MDN
နေပြည်တော် မေ ၁၁
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် DPLA အဖွဲ့ဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၄၀၊ TNLA အဖွဲ့ဝင် အမျိုးသား သုံးဦးနှင့် PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၇၂ ဦးတို့သည် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၃၇ ဦး၊ ကျောက်မဲမြို့မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး နှစ်ဦး၊ သီပေါမြို့မှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး သုံးဦး တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ ကိုယ်စားဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများကို ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ ကျွန်တော်ကတော့ ဒီအဖွဲ့အစည်းထဲကို ၂၀၂၅ သုံးလပိုင်းမှာ မတရားခေါ်ဆောင်ခံရပြီးတော့ သင်တန်းကွင်းထဲကို ပို့ဆောင်ခံရပြီး သင်တန်း သုံးလ တက်ရပါတယ်။ သင်တန်းကွင်းထဲမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လူမျိုးရေး ခွဲခြားခံရတာတွေ များလွန်းလို့ ကျွန်တော်တို့ စိတ်နာပြီး အစိုးရဘက်ကလည်း အလင်းဝင်ရောက်သူတွေကို နွေးထွေးစွာကြိုဆိုတဲ့ သတင်းကြားရလို့ အမြန်ဆုံး ဥပဒေဘောင်အတွင်း ဝင်လာခဲ့ပါတယ်။ အစားအသောက်ကလည်း တစ်ပတ်နေမှ အသားဟင်း တစ်ခါလောက် စားရပါတယ်။ သင်တန်းပြီးတော့လည်း ကျွန်တော်တို့ကို တပ်သားအနေနဲ့ သိန္နီမြို့ဘက်ကို ပို့လိုက်တယ်။ အဲဒီကိုရောက်တော့ ကျွန်တော်တို့ ကင်းစောင့်ရတယ်။ ထင်းခွဲရတယ်။ လက်အောက်ငယ်သားအချင်းချင်း အနိုင်ကျင့်ခံရတယ်။ အဲဒါတွေကို စိတ်နာပြီးတော့ တရားဥပဒေဘောင်အတွင်းကို ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တောထဲမှာ ကျန်တဲ့သူငယ်ချင်းတွေကိုလည်း အမြန်ဆုံး အမှန်တရားရပြီးတော့ အလင်းဝင်ရောက်နိုင်ဖို့ ကျွန်တော်ဒီကနေ တိုက်တွန်းလိုက်ပါတယ်။
၂။ ၂၀၂၅ ကိုးလပိုင်းမှာ အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာတော့ ကောင်းကောင်းမွန်မွန် နေရပါတယ်။ နောက်ပိုင်းမှာကျတော့ သင်တန်းသွားရင်လည်း အခက်အခဲတွေနဲ့ ကြုံရပါတယ်။ သင်တန်းလည်း ကောင်းကောင်း မတက်ရဘူး။ အမြဲတမ်း ရိုက်နှက်ခံနေရပါတယ်။ ဝင်ဝင်ချင်းလည်း စိတ်ညစ်ရတယ်။ နောင်တတွေလည်းရခဲ့တယ်။ လုံးဝမနေချင်တော့ဘူး။ သင်တန်းစတက်ချင်းမှာပဲ အမြဲတမ်းထွက်သွားဖို့ တွေးနေခဲ့တယ်။ အခုကျတော့လည်း မိဘအိမ်ပြန်ရတော့ အတော်လေး ပျော်ရပါတယ်။ သင်တန်းပြီးတော့ ဂိတ်တွေစောင့်ရတယ်။ ဂိတ်စောင့်ချိန်မှာလည်း အစောကြီးမရောက်လို့ အမြဲတမ်း ပြဿနာရှာခံရပါတယ်။ ကောင်းကောင်းမွန်မွန်လည်း မနေရဘူး။ အစားဆင်းရဲ၊ အနေဆင်းရဲ နေခဲ့ရတယ်။ အချိန်ပြည့် ပြေးနေရတယ်။ ညဆိုလည်း ကောင်းကောင်းမအိပ်ခဲ့ရဘူး။ နေ့တိုင်း နေ့တိုင်း ဆဲဆိုခံရပြီး နှိပ်စက်ခံရတယ်။ ပြီးတော့ ဒီကိုအလင်းဝင်မယ့်အချိန် ပထမအခေါက် ထွက်ပြေးတုန်းက သူတို့ဖမ်းမိခဲ့တယ်။ ရက် ၂၀ လောက် ကျွန်မကို ခြောက်ပေါက်ထဲ ထည့်ထားတယ်။ အစကတော့ ကျွန်မကို သတ်တော့မလို့။ နိုင်ငံတော် အစိုးရကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေရဲ့ စေတနာမေတ္တာကိုလည်း ကျွန်မတို့ နားလည်ပါပြီ။ ကျွန်မလည်း ကောင်းကောင်းမွန်မွန် နေထိုင်သွားပါမယ်လို့ ဆုံးဖြတ်ထားပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း အမြန်ဆုံး အလင်းဝင်ရောက်လာပါလို့ မေတ္တာရပ်ခံပါတယ်။
သတင်းစဉ်
MDN
နေပြည်တော် မေ ၁၀
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မိုးကုတ်၊ သပိတ်ကျင်း ဒေသတစ်ဝိုက်စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများနှင့်အတူ အထူးနေ့လယ်စာကို သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် မေ ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး H.E. Mr.Harishchandra Ghimire အား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် နီပေါနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ကြပြီး နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
မန္တလေး မေ ၆
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲ ၁ နာရီ တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်၌ တွေ့ဆုံသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံရေးအခင်းအကျင်းအသစ်နှင့် ထွန်းလင်းတောက်ပလာမည့် မြန်မာ့အနာဂတ် Video Clip ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက နိုင်ငံရေးအခင်းအကျင်းသစ်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေချိန်အတွင်း အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်၊ မဏ္ဍိုင်ကြီး (၃) ရပ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပြီး နိုင်ငံတော်၊ လွှတ်တော်များနှင့် ပြည်သူလူထုပူးပေါင်း၍ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရေး၊ ယခုဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေ အနေများ၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး နိုင်ငံတော်နှင့်အစိုးရ၊ ပြည်သူတို့၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မဲဆန္ဒရှင်ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမအား လှည့်လည်ကြည့်ရှုကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)
MDN
နေပြည်တော် မေ ၄
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေးနှင့် ကဏ္ဍစုံတွင် နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များအတွက် ပိုမိုအားကောင်း ခိုင်မာလာစေရန်တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
ပဲခူး မေ ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီးလွှတ်တော်ရုံး ဥဿာပြည့်စုံခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်၏ မဏ္ဍိုင်ကြီးသုံးရပ်ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် ဥပဒေပြုရေးမဏ္ဍိုင်ကို လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ယူထမ်းဆောင်ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတာဝန်ကို မိမိကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်နှင့် ပြည်သူလူထု၏ ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း။
ဥပဒေပြုရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်သည့်အခါပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့် စပ်လျဉ်း၍ ယနေ့ခေတ် ကာလအချိန်အခါနှင့် ကိုက်ညီမှု ရှိ မရှိ၊ ပြင်ဆင်ဖြည့်စွက်ရန် လိုမလို၊ ဖျက်သိမ်းရန်နှင့် အသစ်ပြန်လည်ပြဋ္ဌာန်းရန် လိုမလိုနှင့် ပြည်သူများကို ကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်၊ မဟုတ်တို့ကို စိစစ်ဆောင်ရွက်ရမည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဖြစ်ပါကြောင်း။
ဒီမိုကရေစီအစိုးရတစ်ရပ်တွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီးသုံးရပ်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့လွှတ်တော်သည် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုအဖွဲ့ အစည်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးကြ ရမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သိရှိထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော ကိစ္စရပ်များနှင့် ပြည်သူလူထု၏ လိုလားချက်များကို အနီးစပ်ဆုံး ဖော်ဆောင်ပေးသွားနိုင်မည်ဖြစ်ပါ ကြောင်း၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်ရုံးခန်းများဖွင့်လှစ်၍ လူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဒေသခံပြည်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလိုအပ်ချက်များ၊ ဒေသဆိုင်ရာလိုအပ်ချက်များကို နားထောင်၍ တွေ့ဆုံဖြေရှင်း ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိမဲဆန္ဒ နယ်မြေရှိ ပညာရှင်များ၊ ဒေသခံပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်လုပ်ဆောင်ချက်များကို ပြည်သူလူထု သိရှိနားလည်ယုံကြည်မှုရှိလာစေရန် လွှတ်တော်မှ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအစိုးရတစ်ရပ်တွင် လွှတ်တော်နှင့် အစိုးရအဖွဲ့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံ ဒေသအတွင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများ ဖော်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန် ယူစဉ်အချိန်တွင်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်ကဏ္ဍကို မြင့်မားစေလိုပါ ကြောင်း၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် တစ်ထောင့်တစ်နေရာမှ အရေးပါစေရေး အတွက် ကိုယ်စားလှယ်များအနေဖြင့် အရည်အသွေး၊ အရည်အချင်းများ ပြည့်စုံစေရန် မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ဥဿာရတနာခန်းမ၌ ပဲခူးမြို့မှ မြို့မိမြို့ဖများ၊ ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
လပွတ္တာ မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဧပြီလအတွင်း မျှင်ငါးပိ ပိဿာအများအပြား တင်ပို့ရောင်းချနိုင်ကြောင်း လပွတ္တာမြို့နယ်၌ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဝင်းမော်၏ ပြောကြားချက်အရ သိရသည်။
လပွတ္တာမြို့နယ်မှ ဒေသထွက် မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချရာ ပြီးခဲ့သည့်မတ်လက မျှင်ငါးပိ ပိဿာ ၅၅၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း မျှင်ငါးပိ ပိဿာ ၆၆၀၀၀ ခန့်အထိ တင်ပို့ရောင်းချနိုင်ကြောင်း သိရသည်။
"ရန်ကုန်ဈေးကွက်ဘက်က လက်ရှိမှာလည်း မျှင်ငါးပိဝယ်ကုန်က အရမ်းများနေပါတယ်။ မျှင်ငါးပိတွေက ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားကောင်းလာတဲ့အပြင် ဈေးကောင်းလည်းရနေတယ်။ အခုလို မျှင်ငါးပိတွေ ပြန်ပြီးတော့ အရောင်းအဝယ်ကောင်းလာလို့ လုပ်ငန်းရှင်တွေအပြင် လုပ်သားတွေပါ အဆင်ပြေလာပါတယ်'' ဟု ဒေါ်ဝင်းမော်ကပြောသည်။
လပွတ္တာမြို့နယ်၌ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသခံရေလုပ်သားများ ပင်လယ်ပြင်မှရရှိသော မျှင်ကောင်များကို ဝယ်ယူပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ် ထုတ်လုပ်ရောင်းချကြောင်း၊ အဆိုပါမျှင်ငါးပိထုတ်လုပ် ရောင်းချသည့်လုပ်ငန်းသည် ဒေသထုတ်ကုန်စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
MWD
ကျောက်ဆည်၊ မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံ ဖူလုံပိုလျှံရေး ဒေသန္တရစီမံချက်ဖြင့် ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ၌ မိုးပဲတီစိမ်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနမှ သိရှိရသည်။
ထိုသို့ မိုးပဲတီစိမ်းသီးနှံများ စိုက်ပျိုးရာတွင် တိုက်နယ်(၁)တွင် ၂၀၇ ဧက၊ တိုက်နယ်(၂)တွင် ၄၉၀ ဧက၊ တိုက်နယ် (၃) တွင် ၁၆၈၉ ဧက၊ တိုက်နယ် (၆) တွင် ၃၁၇ ဧက၊ တိုက်နယ်(၈) တွင် ၂၃၇ ဧက၊ တိုက်နယ်(၉)တွင် ၈၆ ဧက၊ တိုက်နယ်(၁၀)တွင် ၁၂ ဧက၊ တိုက်နယ်(၁၂)တွင် ၃၀ ဧက စုစုပေါင်း ၃၀၆၈ ဧက စိုက်ပျိုးပြီးကြောင်းနှင့် မိုးကြို ပဲတီစိမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေ များလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
ရန်ကုန် မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည့် ဇီဝဇိုးငှက်မွေးမြူ၍ ငှက်သိုက်ထုတ်လုပ်ခြင်း၊ ဇီဝဇိုးငှက်သိုက် ကုန်ကြမ်းသန့်စင်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းများအား စနစ်တကျ မွေးမြူထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ယင်းသို့ စစ်ဆေးရာတွင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ရောဂါကင်းရှင်းသော ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းဖြစ်စေရန် အဆောက်အအုံ (ငှက်အိမ်)၊ တည်နေရာနှင့် စာရင်းကောက်ယူခြင်း လုပ်ငန်းကို မေ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေနံ့သာကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနေခြည်နွေးတို့က ပူးပေါင်းကောက်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲရင့်သိန်းထွန်း
MDN
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၇,၂၀၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
ဘားအံ မေ ၁၁
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ် အိန္ဒုကျေးရွာအုပ်စု မိုက်အောင် ကျေးရွာနှင့် ကော့စိန်ဘန်အထက်ကျေးရွာများရှိ ကျေးလက်ရေပေးဝေရေးနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ အိန္ဒုကျေးရွာအုပ်စု မိုက်အောင်ကျေးရွာတွင် ကျေးရွာရေရရှိရေး ၄ ဒသမ ၅ လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင် ရေစင်တည်ဆောက်ခြင်း၊ 5 KW ဆိုလာစနစ် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက်ရေပေးဝေနိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျောင်းတိုက်ဓမ္မာရုံ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်း အသင်းသား အသင်းသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ကော့စိန်ဘန်အထက် ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်သော အသင်းသူနန်းကေသီလင်း၏ ဖူးစားပြောင်းနှင့်ကြံစိုက်ခင်း၊ အသင်းသူ နန်းအေး သီရိထွန်း၏ ဆိတ်နှင့်နွား တစ်နိုင်တစ်ပိုင် မွေးမြူရေးခြံ၊ အသင်းသား ဦးစောဇင်မင်းအောင်၏ ပဲတောင့်ရှည် နှင့်သခွားစိုက်ခင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
MDN
နေပြည်တော် မေ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ယမန်နေ့က မိတ္ထီလာမြို့နယ်ရှိ Garden Family ကုမ္ပဏီ ဆိတ်မွေးမြူရေးခြံတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ၊ ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် တွေ့ဆုံသည်။
ပေါင်းစပ်ဆောင်ရွက်
တွေ့ဆုံစဉ် မိတ္ထီလာဒေသတွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practices - GAHP) နှင့်အညီ လိုက်နာဆောင်ရွက်သော မွေးမြူရေးဇုန်များ ဆောင်ရွက်နိုင်ရေး ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားကဏ္ဍ ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းပြောကြားပြီး ဆိတ်မွေးမြူရေး လုပ်ငန်းရှင်များက ဆိတ်မွေးမြူရာတွင် ကြုံတွေ့ကြရသည့် မျိုးလိုအပ်ချက်၊ သယ်ယူပို့ဆောင်ရေး အခက်အခဲနှင့် မြေယာအသုံးပြုမှု လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့တွင် အစာစပ် လုပ်ငန်းရှင်များ၊ ဝက်၊ ဆိတ်၊ ကြက်မွေးမြူသူများနှင့် တွေ့ဆုံ၍ လက်ရှိမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ ထုတ်လုပ်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
မှော်ဘီ မေ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သမဝါယမဦးစီးဌာနက ရက်(၁၀၀)စီမံချက်အတွင်း သက်တန့်ရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့် နွေစပါးရိတ်သိမ်းခြင်းကို မေ ၉ ရက်တွင် ရိုးဝကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်နွေနွေအောင်နှင့် မြို့နယ်အသင်းစုမှ တာဝန်ရှိသူများက မှော်ဘီအားမာန်မျိုးစေ့ထုတ် တောင်သူ ဦးသန်းထွန်း၏ နွေစပါးရိတ်သိမ်းမှုကို ကွင်းဆင်းကြည့်ရှုရာ တစ်ဧကလျှင် တင်း ၁၀၀ မှ ၁၁၀ ထွက်ရှိ၍ မျိုးသန့်စင်ခြင်း၊ ထုပ်ပိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ သမဝါယမအသင်းသား တောင်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)
MWD
ကဘူးလ် မေ ၆
အာဖဂန်နစ္စတန်နိုင်ငံ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံ၏ကြွယ်ဝသော သမိုင်းဝင်အမွေအနှစ်များကို မှတ်ပုံတင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများတွင် သိသာထင်ရှားသည့် တိုးတက်မှုများရှိခဲ့ကြောင်း မေ ၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံတစ်ဝန်းရှိ သမိုင်းဝင်အဆောက်အအုံ ၇၀ ဝန်းကျင်ကို ပညာရှင်များဖြင့် ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ကြောင်း၊ ထို့ပြင် အသစ်တွေ့ရှိသော ရှေးဟောင်းအမွေအနှစ်နေရာသစ် ၁၅ ခုကိုလည်း ဖော်ထုတ်ပြီး တရားဝင်မှတ်ပုံတင်နိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ပိုးလမ်းမကြီးတစ်လျှောက်တည်ရှိသောကြောင့် ရှေးဟောင်းအမွေအနှစ်များ ထွန်းကားခဲ့သည့် သက်သေအထောက်အထားများစွာရှိနေပြီး ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုအမွေအနှစ်အကြွယ်ဝဆုံးနှင့် မတူကွဲပြားသော ယဉ်ကျေးမှုအမွေအနှစ်ပေါင်းစုံရှိသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ
MDN
လက်ဘနွန်တောင်ပိုင်းရှိ ဒီဘေးလ် (Dibil) ခရစ်ယာန်ကျေးရွာတွင် အစ္စရေးစစ်သားတစ်ဦးက အပျိုစင်မယ်တော်မာရီ ရုပ်ထု၏ နှုတ်ခမ်းတွင် စီးကရက်ခဲပေးထားသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်၌ ပျံ့နှံ့လာမှုကြောင့် ပြင်းထန်သော ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့အနေဖြင့် ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာနေရာများကိုလေးစားမှုရှိကြောင်းနှင့် ယခုလုပ်ရပ်သည် တပ်မတော်၏ တန်ဖိုးထားမှုများမှ သွေဖည်နေသဖြင့် တရားဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့သော လုပ်ရပ်မျိုးသည် ယခုပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့် ဧပြီလကလည်း အဆိုပါရွာ၌ပင် အစ္စရေးစစ်သားတစ်ဦးက သခင်ယေရှု၏ ရုပ်ထုကို တူဖြင့်ထုရိုက်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ်က ပါဝင်ပတ်သက်သူ စစ်သားနှစ်ဦးကို စစ်မှုထမ်းခြင်းမှရပ်စဲကာ ရက်ပေါင်း ၃၀ အကျဉ်းချခဲ့သော်လည်း ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားစော်ကားသည့် လုပ်ရပ်များမှာ ရပ်တန့်သွားခြင်းမရှိပေ။
ထို့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အစ္စရေးတို့၏ စစ်ဆင်ရေးများကြောင့် ဂါဇာရှိ ရှေးအကျဆုံး ဂရိအော်သိုဒေါ့စ် ဘုရားကျောင်းနှင့် ကက်သလစ်ဘုရားကျောင်းတို့ ထိခိုက်ပျက်စီးကာ အရပ်သားများ သေဆုံးခဲ့ရသည့်အပြင် ဂျေရုဆလင်မြို့၌လည်း ကက်သလစ်သီလရှင်တစ်ဦး နေ့ခင်းကြောင်တောင် ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ယင်းကဲ့သို့သောဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် စနစ်တကျနှောင့်ယှက်နေသည့် ပုံစံမျိုးဖြစ်နေကြောင်း ဘုရားကျောင်းတာဝန်ရှိသူများနှင့် ဒေသခံများက ထောက်ပြဝေဖန်လျက်ရှိပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
တောင်ကိုရီးယားနိုင်ငံတွင် အသက် ၂၀ ကျော်အရွယ် လူငယ်များအနက် ဘာသာတရားကို ကိုးကွယ်သူမှာ ၂၄ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း Gallup Korea ၏ စစ်တမ်းအရ သိရသည်။
၂၀၀၄ ခုနှစ်တွင် ဘာသာတရားကိုးကွယ်သူ ၄၅ ရာခိုင်နှုန်းရှိခဲ့ရာမှ နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းလာခြင်းဖြစ်သည်။ အသက်အရွယ်အလိုက် ကြည့်မည်ဆိုပါက အသက် ၂၀ ကျော်အရွယ်များသည် ဘာသာတရားအပေါ် ယုံကြည်ကိုးကွယ်မှု အနည်းဆုံးအုပ်စု ဖြစ်လာကြောင်းလည်း ဖော်ပြထားသည်။
ဘာသာတရားမကိုးကွယ်ရခြင်း အကြောင်းရင်းများကို မေးမြန်းရာတွင် အသက် ၂၀ ကျော်အရွယ်များ၏ ၅၈ ရာခိုင်နှုန်းက စိတ်ဝင်စားမှုမရှိခြင်းကြောင့်ဟု ဖြေကြားထားပြီး ၂၀ ရာခိုင်နှုန်းက အချိန်မရှိခြင်း သို့မဟုတ် စိတ်အေးချမ်းမှုမရရှိခြင်းကြောင့်ဟု ဆိုသည်။
ထို့အပြင် ၉ ရာခိုင်နှုန်းစီမှာ ဘာသာတရားအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖြေကြားထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်ပါက ၂၀၂၅ ခုနှစ်တွင် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသာ ဘာသာတရားကိုးကွယ်မှုရှိတော့ပြီး ၎င်းတို့အနက် ခရစ်ယာန် ၁၈ ရာခိုင်နှုန်း၊ ဗုဒ္ဓဘာသာ ၁၆ ရာခိုင်နှုန်းနှင့် ကက်သလစ် ၆ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း သိရသည်။
MWD
လပွတ္တာ ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသော ကရင်တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၄ ရက်က လပွတ္တာမြို့ အမှတ်(၇)ရပ်ကွက် စိတ္တဝံသီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ဘုန်းဟန်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး လပွတ္တာမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းထွန်းသစ်လွင်က သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပိုးကရင်နှင့် စကောကရင်စာပေဆုရ သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူ နန့်မိုးဇာယုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
MDN
ငွေဆောင် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ မြန်မာနိုင်ငံ၏ နာမည်ကြီး အပန်းဖြေကမ်းခြေတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေသို့ ဇန်နဝါရီလ အစမှ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၁၂၉၃၆ ဦးအထိ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကြည့်ရှုခံစားနိုင်
ငွေဆောင်ကမ်းခြေသည် ပင်လယ်ရေကြည်လင်ခြင်း၊ ကမ်းခြေသဲသောင်ပြင် သန့်ရှင်းသပ်ရပ်ခြင်း၊ လုံခြုံမှုစိတ်ချရခြင်းတို့ကြောင့် ရေကူးခြင်း၊ လှိုင်း ကစားခြင်း၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခြင်းတို့ကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ခြင်း၊ Jet Ski၊ Banana Boat၊ Speed boat စသည့် ရေယာဉ်များဖြင့်လည်း ပင်လယ်၏အလှအပနှင့် ကျွန်းများ၏ အလှအပကို အနီးကပ်ကြည့်ရှုခံစားနိုင်ခြင်း၊ လည်ပတ်စရာနေရာပေါများခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစားဖြင့် စဉ်ဆက်မပြတ် လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၈ လုံး၊ တည်းခိုရိပ်သာအလုံး ၇၀ ဖြင့် ကမ်းခြေသို့လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ကျော်လင်းဦး(ပြန်/ဆက်)
MDN
ဂျေရုဆလင်မြို့ရှိ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ Church of the Holy Sepulchre ဘုရားကျောင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုအပေါ် နိုင်ငံတကာမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အစ္စရေးအစိုးရသည် အဆိုပါနေရာ၌ ‘ကန့်သတ်ချက်များဖြင့် ဝတ်ပြုဆုတောင်းခြင်း’ ကို ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၂၉) က ကျရောက်သော Palm Sunday ပွဲတော်တွင် အစ္စရေးရဲတပ်ဖွဲ့သည် ကက်သလစ်သာသနာပိုင် အကြီးအကဲ များကို ဘုရားကျောင်းအတွင်း ဝင်ရောက်ခွင့်တားဆီးခဲ့သဖြင့် ကာဒီနယ် Pierbattista Pizzaballa သည် နီးစပ်ရာကျောင်းတိုက်တစ်ခု၌သာ ဝတ်ပြုပွဲကျင်းပခဲ့ရသည်။ ထိုကဲ့သို့ အဟန့်အတားဖြစ်မှုသည် ရာစုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်ခွင့် လွတ်လပ်ခွင့်ကို ထိပါးရာရောက်ကြောင်း လက်တင်သာသနာပိုင်ရုံးက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အီရန်၏ လက်စားချေတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် လုံခြုံရေး စိုးရိမ်ရမှုကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့သော်လည်း ယခုအခါ ကာဒီနယ် Pizzaballa ကို အပြည့်အဝ ဝင်ရောက်ခွင့်ပြုရန်နှင့် ဝတ်ပြုပွဲများ ကျင်းပနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီးဖြစ်သည်။ တနင်္လာနေ့ (မတ် ၃၀) အစောပိုင်းတွင် အစ္စရေးရဲတပ်ဖွဲ့နှင့် သာသနာပိုင် ရုံးတို့ ညှိနှိုင်းမှုအရ ‘ကန့်သတ်ဆုတောင်းမှုဆိုင်ရာ မူဘောင်’ တစ်ခုကို အတည်ပြုခဲ့ပြီး အသေးစိတ်အစီအစဉ်များကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂျေရုဆလင်ရှိ အခြားသော ဘာသာရေးဆိုင်ရာနေရာများတွင်လည်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။ အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ အယ်လ်အက်ဆာ ဗလီ (Al-Aqsa Mosque) သည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိဒ်ဖီတာ (Eid al-Fitr) ပွဲတော်ကာလအတွင်း ပိတ်ထားခဲ့ရသည်။ ယင်းကန့်သတ်မှုများသည် အမေရိကန်၊ ပြင်သစ်နှင့် အီတလီ အစိုးရများ၏ ဝေဖန်မှုကိုခံနေရပြီး အမေရိကန် သံအမတ်ကြီးကမူ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းဟု တုံ့ပြန်ခဲ့သည်။ ထို့အပြင် ရုရှား အော်သိုဒေါ့စ် အသင်းတော်ကလည်း ဧပြီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ‘သန့်ရှင်းသော မီးတောက် (Holy Fire)’ အခမ်းအနားအတွက် ဘုရားကျောင်းရှိ ကန့်သတ်ချက်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ရန်ကုန် မတ် ၂၈
မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုတွင် ရေခဲတောင်တက် ခရီးသွားရာသီသို့ ဝင်ရောက်လာချိန်၌ ဝန်ဆောင်မှုကုမ္ပဏီများက ရေခဲတောင်တက်အတွေ့အကြုံမရှိသော ခရီးသွားများအား ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်ပြီးမှသာ အခြားသောရေခဲတောင်များကို တက်ရောက်ရန် အကြံပြုဝန်ဆောင်မှုပေးနေကြောင်း ပူတာအို ရေခဲတောင်ခရီးသွားပို့ဆောင်ရေးကုမ္ပဏီမှ သိရသည်။
ရေခဲတောင်ခရီးစဉ်အတွေ့အကြုံမရှိသူများအား ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက Level – 1 ဟု သတ်မှတ်ထားသည့် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်စေပြီး အောင်မြင်ခဲ့ပါက ခရီးလမ်းပန်းကြမ်းသော အခြားရေခဲတောင်များသို့ တက်ရောက်ရန် တိုက်တွန်းအကြံပြုထားခြင်းဖြစ်သည်။
ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၁၉၂၈ ပေရှိ၍ ခရီးသွားများအား ပူတာအိုမြို့မှ ညအိပ်ခရီးအဖြစ် အသွား/အပြန် ခြောက်ညအိပ် ခုနစ်ရက်ခရီးစဉ်အဖြစ် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ခရီးစဉ်ပထမဆုံးနေ့၌ ပူတာအိုမြို့မှ ဆိုင်ကယ်ဖြင့် သုံးနာရီကျော်ကြာမောင်းနှင်၍ အထက်ဆန်ဂေါင်ရွာလမ်း၊ ကျောက်စိမ်းတောင် ရှိန်းလိန်းလျက်လမ်းသို့ ဖြတ်ကျော်ပြီး ထိုမှ မူလာချောင်းနား ကျားခုန်တံတားသို့ ရောက်ရှိကာ ဝမ်လိုင်ဒမ်းရွာ၊ လုံးနဒမ်းရွာ၊ ခါးလန်ရွာမှ ဇီယာဒမ်းရွာ(ရေခဲတောင်ခြေရွာ)သို့ ရောက်ရှိပြီး ခရီးစဉ်ပထမညအဖြစ် အိပ်စက်ရပ်နားသည်။
ဒုတိယနေ့တွင် ဇီယာဒမ်းရွာမှ သစ်ပင်ကြီးစခန်းသို့ ခုနစ်မိုင်ခရီး ခြေကျင်ခရီးစတင်ကြပြီး ချောင်းများ၊ ကြိုးတံတားများကို ဖြတ်ကျော်၍ မွန်းလွဲပိုင်းတွင် ဖုန်ကန်ချောင်းဆုံနေရာ၌ အနားယူကာ သစ်ပင်ကြီးစခန်းသို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဒုတိယနေ့ညအဖြစ် စခန်းချ ရပ်နားကြလေ့ရှိသည်။
တတိယနေ့တွင် သစ်ပင်ကြီးစခန်းမှ ခုနစ်မိုင်ရှိသော ခမ်းတောက်မြစ်စခန်းသို့ ခြေကျင်တက်ကြပြီး လေးမိုင်ခန့် ရောက်ပါက ဖုန်ကန်ရာဇီရေခဲတောင်ကို စတင်မြင်တွေ့ရကာ ထိုင်ခုံရပ်နားစခန်း တွင် ခေတ္တနား၍ ထိုမှ တစ်မိုင်ခန့်တက်ပါက ခမ်းတောက်မြစ်စခန်းသို့ ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။
စတုတ္ထနေ့တွင် ခမ်းတောက်မြစ်စခန်းမှ ခြောက်နာရီကြာ ခြေကျင်ခရီးတက်ပြီးပါက ရေခဲပြင်များကို စတင်တွေ့ရှိရာ ရေခဲစပ်(ဖုန်ကန်ရာဇီတောင်ခြေ) စခန်းသို့ ရောက်ရှိပြီး ထိုနေရာမှ နှစ်မိုင်ကျော် ခန့်ဝေးကွာသည့် ဖုန်ကန်ရာဇီတောင်ထိပ်ကို တွေ့မြင်ရသော ရေခဲစပ်စခန်း၌ ညအိပ် ရပ်နားသည်။ ပဉ္စမနေ့တွင် အတက်အဆင်းမတ်စောက်သော ရေခဲစပ်စခန်းမှ ဖုန်ကန်ရာဇီတောင်ထိပ်သို့ တက်ရောက်ကြပြီး မြန်မာပြည်မြောက်ဖျား၏ ရေခဲတောင်များအလှကို အားပါးတရ ကြည့်ရှု ခံစားကြကာ နေ့ချင်းပြန်အဖြစ် ရေခဲစပ် စခန်းသို့ ပြန်ဆင်း၍ ညအိပ်ရပ်နားကြသည်။
ဆဋ္ဌမနေ့တွင် ရေခဲစပ်စခန်းမှ ရှစ်နာရီကြာခရီးအဖြစ် ဇီယာဒမ်းရွာသို့ ခရီးသွား များ ပြန်ဆင်းလာကြပြီး ညအိပ်ရပ်နားသည်။ သတ္တမနေ့တွင် ဇီယာဒမ်းရွာမှ ဆိုင်ကယ်ခရီးစဉ်ဖြင့် ပူတာအိုမြို့သို့ တောင်တက်ခရီးသွားများ ပြန်လည်ပို့ဆောင်ကာ ဝန်ဆောင်မှုပေးထားသည်။
“ဒီမှာ မတ်လဆိုရင် ရေခဲတောင် ခရီးသွားတွေကို စပြီး ဝန်ဆောင်မှုပေးနေပါပြီ။ မနှစ်ကတည်းက ကြိုပြီး ခရီးစဉ်တွေကို လက်ခံထားပြီးမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရတာပါ။ မတ်လတတိယပတ် အကုန်မှာ ရာသီဥတုပြောင်းလဲသွားတာကြောင့် ဒီရက်ပိုင်းလေးမှာ ခရီးစဉ်အချို့ကို ခေတ္တရပ်ထားတာရှိပေမယ့် ရာသီဥတု ကောင်းတာနဲ့ ဆက်ထွက်မှာပါ။ ခရီးသွား တွေရဲ့ အလုံးစုံကို တာဝန်ယူရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေချောမွေ့အောင်၊ အန္တရာယ်ကင်းအောင် အထူးကြပ်မတ် ဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီအနေနဲ့ ရေခဲတောင်ခရီးစဉ် အတွေ့အကြုံကောင်း တွေရှိတဲ့အတွက် အထိအခိုက်မရှိအောင်၊ ခရီးသွားတွေနှစ်ခြိုက်အောင်၊ ကိုယ့်နိုင်ငံရဲ့ ရေခဲတောင်အလှကို ရုပ်ရှင်၊ အင်တာနက်မှာ မဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့ခံစား ဖမ်းဆုပ်လို့ရအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ ဒီလကုန်ပိုင်း မှာ နှင်းမိုးတွေရွာတဲ့အတွက် အထူးသတိထားပြီး ခရီးသွားတွေ စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ပူတာအိုမြို့မှ ELSSM ရေခဲတောင် ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ ဦးဒမ်ရိမ်းက ပြောသည်။
ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင် ခုနစ်ရက်ခရီးစဉ်တွင် လည်းကောင်း၊ ခါကာဘိုရာဇီ ရေခဲတောင် ၁၇ ရက်ကြာ ခရီးစဉ်တွင် လည်းကောင်း တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးထားသည်။ ရေခဲတောင် ခရီးစဉ်တက်ကြမည့် ခရီးသွားများ အနေဖြင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်ပြီး ရေခဲတောင်ခရီးစဉ် မတက်ရောက်မီ ကြိုတင်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ တောင်တက်အတွေ့အကြုံနှင့် သက်ဆိုင် သော ဗဟုသုတ လေ့ကျင့်ခန်းများ ဆောင်ရွက်ထားရန် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ကြိုတင်အသိပေးထားသည်။ မိုးရာသီ၌ ရေခဲတောင်တန်းဒေသတွင် မိုးရွာသွန်းမှုမရှိ၍ ရေခဲတောင်ခရီးစဉ်များကို ဇူလိုင်လ ဒုတိယအပတ်အထိ ခရီးသွားဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဥဿ
ဓာတ်ပုံ - ကိုလွင်
MDN











