ထူးခြားသတင်းများ
နေပြည်တော် မတ် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားခြင်းအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှု
ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားရာတွင် ယခုကဲ့သို့တွေ့ဆုံခြင်းသည် မိမိတို့အစိုးရ၏ဖြတ်သန်းလာခဲ့သည့် ၅ နှစ်တာကာလအတွင်း မိမိတို့အစိုးရအဖွဲ့၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ရန်နှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို သုံးသပ်ရန် တွေ့ဆုံပြောကြားခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေးတိုးတက်မှု ရှိစေရေးအတွက် ယခင်ကယေဘုယျအားဖြင့် နိုင်ငံတွင်ကျင့်သုံးသည့် စနစ်များအလိုက် အစိုးရများနှင့် နိုင်ငံရေးပါတီများက ဆောင်ရွက်ကြကြောင်း၊ ယခုခေတ်ကာလတွင် အစိုးရနှင့် ပါတီများသာမက ပြည်တွင်း၌ဖွဲ့စည်းထားသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (NGO၊ INGO) များကပါ ပါဝင်ဆောင်ရွက်ကြသည်ကို တွေ့ရကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးစကာလမှစတင်၍ ခေတ်အဆက်ဆက်တွင် အစိုးရအဖွဲ့အမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် ပြောင်းလဲကျင့်သုံးခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ကြောင်း၊ အစိုးရ၊ လွှတ်တော်ဖြင့် နိုင်ငံကိုဦးဆောင်ခဲ့ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရလဒ်များဖြစ်ပေါ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီဖြေရှင်းမှုမရှိဘဲ မဲမသမာမှုရလဒ်များဖြင့် ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အတင်းအဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သဖြင့် အစိုးရအဖွဲ့ကိုဖွဲ့စည်းရာတွင် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုရှိစေရေး တပ်မတော်သားများဖြင့်သာ သီးခြားဖွဲ့စည်းခြင်းမဟုတ်ဘဲ နိုင်ငံ့အကျိုးကိုဆောင်ရွက်နိုင်ပြီး အတွေ့အကြုံရှိသည့် အရပ်သားများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုချမှတ်ဆောင်ရွက်ခဲ့ပြီး ထိုအထဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များပြီးဆုံးပါက ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း၊ သို့သော် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်မှုများအထိ ဖြစ်ပေါ်ခဲ့ပြီး တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အချိန်လည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခက်အခဲအကြပ်အတည်းအမျိုးမျိုးကြားမှ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း။
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ခဲ့မှု
မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့်ရရှိနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ယူခဲ့ကြောင်း၊ အလားတူ မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) များဖြင့် ဆန္ဒမဲများပေးနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း။
၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဟု မိမိအနေဖြင့် ၂၀၂၄ ခုနှစ်တွင် မိတ္ထီလာမြို့ခရီးစဉ်အတွင်း ပြည်သူလူထုနှင့်တွေ့ဆုံစဉ် စတင်ပြောကြားခဲ့ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ်တွင် စတင်ခွင့်ပြုဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးပါတီများအနေဖြင့် ပြင်ဆင်ချိန် ၃ နှစ်ခန့်အထိရရှိခဲ့ကြောင်း၊ ပါတီဝင်ဦးရေတိုးပွားရေးအတွက်လည်း ပါတီဝင်စည်းရုံးရေးလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါတီဝင်ဦးရေပိုမိုရရှိအောင် ခွင့်ပြုပေးထားခဲ့ကြောင်း၊ စည်းရုံးခြင်းသည် ပြည်သူလူထုကိုစည်းရုံးခြင်းပင်ဖြစ်ပြီး ပြည်သူကိုတစ်စိတ်တစ်ပိုင်း စည်းရုံးခွင့်ရခြင်းပင်ဖြစ်ကြောင်း၊ ပါတီဝင်အင်အားများလာပါက ထောက်ခံသူများပြား လာမည်ဖြစ်ပြီး ပါတီဝင်များစုဆောင်းခွင့်နှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းစဉ်များကိုလည်း နည်းလမ်းတကျခွင့်ပြုပေးထားခဲ့ကြောင်း၊ သို့သော်လည်း အချို့ပါတီများအနေဖြင့် ပေးထားသည့်အခွင့်အလမ်းများကို ထိရောက်စွာအသုံးချနိုင်မှုမရှိခဲ့သည်ကိုတွေ့ရှိရပြီး ပြည်သူများနှင့် ပိုမိုထိတွေ့သည့်ပါတီများမှ ပြည်သူ့ထောက်ခံမဲများ ပိုမိုရရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သည့် ပါတီ (၆) ပါတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကိုယ်စားပြုယှဉ်ပြိုင်သည့်ပါတီ (၅၁) ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ (၅၇) ပါတီ ပါဝင်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများတည်ထောင်၍ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်စေခြင်းဖြင့် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပိုမိုခိုင်မာစေခဲ့ကြောင်း။
ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းစလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်အနက် မဲပေးခဲ့သည့်အရေအတွက်မှာ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့ကြောင်း၊ ထို့ကြောင့် မဲပေးမှုရာခိုင်နှုန်းအနေဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ မဲပေးခဲ့သည့်အရေအတွက်ကို ခွဲခြားလေ့လာကြည့်မည်ဆိုပါက အသက် ၁၈ နှစ်နှင့် ၄၀ နှစ်ကြားတွင် ၄၅ ရာခိုင်နှုန်း၊ အသက် ၄၀ မှ ၅၀ နှစ်အကြားတွင် ၂၀ ရာခိုင်နှုန်းပါဝင်နေသည်ကို တွေ့ရှိရသည့်အတွက် လူငယ်အုပ်စုများအနေဖြင့် ကျင်းပခဲ့သည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိစွာဖြင့် အများဆုံးပါဝင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲ၌ နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ မီဒီယာများလာရောက်လေ့လာခြင်း၊ သတင်းရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမစတင်မီ မမှန်မကန်စွပ်စွဲချက်များရှိသော်လည်း ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအား နိုင်ငံတကာအသိုင်းအဝန်းက မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသဖြင့် မဟုတ်မမှန်စွပ်စွဲချက်များ တိတ်ဆိတ်သွားကြောင်း၊ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ပြည်သူများက ရွေးချယ်ပေးခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်များ ပေါ်ထွက်လာပြီဖြစ်ခြင်းကြောင့် ယခုမတ်လထဲတွင် လွှတ်တော်အစည်းအဝေးများကို ကျင်းပခြင်းနှင့်အတူ၊ ဧပြီလတွင်ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော်အာဏာ ထမ်းဆောင်နိုင်ရန် လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်ကြောင်း။
ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရေး ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက်ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၈၉) ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၂၅) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃) ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း။
ထိုကဲ့သို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက်များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အခြေခံဥပဒေများနှင့်ပတ်သက်၍ ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌လည်း ပြင်ဆင်နေကြသည့် အခြေအနေများရှိနေကြကြောင်း၊ လက်ရှိအခြေခံဥပဒေသည် ၁၉၉၁ ခုနှစ် အမျိုးသားညီလာခံမှ စတင်အခြေပြုရေးဆွဲခဲ့ခြင်းဖြစ်၍ ယခုခေတ်စနစ်နှင့်အညီ ပြုပြင်ရန်များရှိနိုင်ကြောင်း၊ အခြေခံဥပဒေသည် ခိုင်မာမှုရှိပါက ပိုမိုကောင်းမွန်သဖြင့် ဥပဒေရေးဆွဲရာတွင် အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံမှ စဉ်းစားရေးဆွဲရန်လိုကြောင်း၊ အခြားအဓိကကျသည့် ဥပဒေများရေးဆွဲရာတွင်လည်း ၎င်းအချက်သည် အရေးပါကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမျိုးသားအဆင့် အားလုံးပါဝင်သည့် အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် နည်းဗျူဟာများဖော်ထုတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်နှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့်လူငယ်များ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် စိတ်ပါဝင်စားမှုရှိလာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ်များကိုလည်း ကျင်းပပေးခဲ့ကြောင်း၊ အဆိုပါဖိုရမ်များမှရရှိသည့် ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ နိုင်ငံ့အရေးကို ဆောင်ရွက်ရာ၌ လူငယ်များပါဝင်မှုကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
မိမိတို့အစိုးရအဖွဲ့ တာဝန်ယူစဉ်ကာလအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် မီဒီယာကဏ္ဍအားကောင်းစေရေးအတွက်လည်း အားပေးဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံပိုင်မီဒီယာအပြင် အခြားမီဒီယာများကိုလည်း အဆင့်မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာအပါအဝင် အခြားထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် မီဒီယာနှင့်စာနယ်ဇင်းသမားများအပါအဝင် ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိနေသည့် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့ အသီးသီးတို့အတွက်လည်း လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း။
အနုပညာရှင်များအနေဖြင့် ယခုကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ပါဝင်အားဖြည့် ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာရပ်များ ရေရှည်တည်တံ့နိုင်စေရေးအတွက် နယ်ပယ်အသီးသီးမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် အနုပညာရှင်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း၊ အနုပညာနယ်ပယ်အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ မိမိတို့အနေဖြင့် အားပေးချီးမြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအားများအနေဖြင့် မိမိတို့ဆောင်ရွက်ခဲ့သည်များကို သုံးသပ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ထိုအပေါ်တွင် သင်ခန်းစာယူသုံးသပ်၍ နောင်လာမည့်အစိုးရအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
နိုင်ငံ့စီးပွားတိုးတက်ရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းနှင့် MSME လုပ်ငန်းများပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့မှု
စီးပွားရေးကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို အဓိကဆောင်ရွက်နေခြင်းဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းကိုအခြေခံ၍ နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ၅၀ ရာခိုင်နှုန်းကျော်သည် လယ်ယာသားငါးကဏ္ဍကို ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ မြို့ပြတွင်နေထိုင်သူ ၃၀ ရာခိုင်နှုန်း၌ပင် ၎င်းကဏ္ဍနှင့် စီးပွားရေး ဆောင်ရွက်နေသည်များရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industries) ကို ဆောင်ရွက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသတွင်း နိုင်ငံများတွင် လည်းစိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ထုတ်ကဏ္ဍကို အဓိကဆောင်ရွက်ကြပြီး စက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပပို့ကုန်များရရှိအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေး အသိပညာနှင့် အတတ်ပညာများ တတ်ကျွမ်းသည့် လူသားအရင်းအမြစ်များနှင့် သွင်းအားစုများ လိုအပ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ အခြေခံပညာအထက်တန်းကျောင်းများတွင် လည်း စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့်အခြေခံ အသိပညာများကိုလည်း သင်ကြားပေးလျက်ရှိပြီး လာမည့်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်၌ပါ သင်ကြားပေး၍ နိုင်ငံ၏အဓိကစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့်ကဏ္ဍ၌ အားကောင်းလာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကိုလည်း ခရိုင်များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။
ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည့် နိုင်ငံများ၌ပင် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍသည် အရေးပါလျက်ရှိပြီး ၎င်းကဏ္ဍကိုအခြေခံ၍ အဆင့်မြင့်ထုတ်ကုန်များထုတ်လုပ်နေသည်ကို တွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှာ အခြားနိုင်ငံများထက် နည်းပါးနေခြင်းကြောင့် ပြည်ပပို့ကုန်များနည်းပါးနေခြင်းဖြစ်ကြောင်း၊ ထိုသို့ပြည်ပ ပို့ကုန်နည်းပါးခြင်းကြောင့် နိုင်ငံခြားဝင်ငွေများနည်းပါးနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားပို့ကုန်များပိုမိုတင်ပို့နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ GDP များတိုးတက်လာမည်ဖြစ်ကြောင်း။
ယခင်ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိခဲ့ပြီး ယင်းကို သင်ခန်းစာရယူ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မြှင့်တင်ကာပြည်ပပို့ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအား ကြိုးပမ်းမြှင့်တင်မှုမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရည်မှန်းချက် ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံသားတိုင်းတစ်ဦးချင်း အမှန်တကယ် အလုပ်လုပ်မှသာလျင် တစ်ဦးချင်းဝင်ငွေများတိုးတက်လာပြီး နိုင်ငံ့ဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက်နေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများရှိမှသာ ဒေသဝမ်းစာဖူလုံမှုကိုဖြစ်စေနိုင်မည်ဖြစ်ပြီး အခြေခံစားကုန်များ၏ ဈေးနှုန်းများသည်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းတွင်ရှိနေစေမည် ဖြစ်ကြောင်း၊ ဒေသတွင်းလိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှုများ ကိုက်ညီမှုမရှိခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကြီးမြင့်ခြင်းတို့ကြောင့်သာ အချို့ဒေသများ၌ ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်းဖြစ်ကြောင်း၊ ဒေသတွင်းထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံပြီးထုတ်လုပ်သည့် တိရစ္ဆာန်အစာများဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများအားပေးနိုင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာပေါ်ရှိဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် MSME လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်တွင်းထုတ်ကုန်များတိုးတက်လာပြီး ပြည်ပသွင်းကုန်များကို များစွာအစားထိုးနိုင်မည်ဖြစ်ကြောင်း၊ ယခုအခါတွင် အစိုးရအားပေးမှုနှင့်အတူ MSME လုပ်ငန်းများအနေဖြင့် ယခင်နှင့်မတူအောင်ဖွံ့ဖြိုးတိုးတက်မှုရရှိနေပြီဖြစ်ပြီး ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း MSME လုပ်ငန်းများကို ယခုထက်ပိုမိုအားပေး ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-base Industries) တွင် MSME ကုန်ထုတ်လုပ်ငန်းသည် မဖြစ်မနေလိုအပ်ပြီး MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်စေနိုင်သည်ဖြစ်သဖြင့် လုပ်ငန်းလိုအပ်ချက်များအပေါ် နည်းလမ်းရှာဖွေကျော်ဖြတ်၍ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်လာစေရေး ဆောင်ရွက်ခဲ့မှု
ပို့ဆောင်ရေးနှင့်ပတ်သက်၍ မိမိအနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ် Public Transportation ကို ပိုမိုအားပေးဆောင်ရွက်ခဲ့ကြောင်း၊ တိုးတက်လျက်ရှိသည့် နိုင်ငံများတွင်လည်း မီးရထားအပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်သည့်လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြကြောင်း၊ မိမိတို့အစိုးရတာဝန်ယူစဉ်ကာလအတွင်း ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာခရီးသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်စွာဖြင့် ဆောင်ရွက်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိပြီး ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် မီးရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မှုအား မိမိတို့အစိုးရလက်ထက်တွင် နိုင်ငံတော်ဘက်ဂျက်များဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရထားလမ်းပြေးဆွဲမှုများ ပိုမိုတိုးတက်ကောင်းမွန်လာပြီး အလားတူ မီးရထားများ၏ အမြန်နှုန်းကို ကီလိုမီတာ ၁၀၀ အထိမောင်းနှင်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာ လေကြောင်းခရီးစဉ်များမှတဆင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရေးအတွက် ပုသိမ်၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ ညောင်ဦး၊ ထားဝယ်၊ မြိတ် လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်စတင်ထမ်းဆောင်ချိန်တွင် EV ကားများ အသုံးပြုရန်အတွက် တိုက်တွန်းခဲ့သကဲ့သို့ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ခဲ့ကြောင်း၊ ယခုဖြစ်ပေါ်နေသည့် နိုင်ငံတကာအရေးအခင်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံ၌လည်း လောင်စာဆီများ အခက်အခဲဖြစ်ပေါ်လျက်ရှိချိန်တွင် လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးယာဉ်များ၏ အခန်းကဏ္ဍသည် မြင့်တက်လာနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ လောင်စာဆီအခက်အခဲများကြောင့် မိမိတို့အနေဖြင့် မလိုလားအပ်ဘဲ လောင်စာဆီသုံးစွဲနေမှုများအား အတတ်နိုင်ဆုံးလျှော့ချနိုင်ရေး အခြားနိုင်ငံများနည်းတူ နည်းလမ်းရှာ၍ ဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း။
ပညာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ခဲ့မှု
ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးသည် မရှိမဖြစ်လိုအပ်သည့် “အခြေခံအုတ်မြစ်တစ်ခု” ဖြစ်ပြီး ပိုမိုကောင်းမွန်ခိုင်မာသည့် လူနေမှုစနစ်ကို ပညာရေးဖြင့် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေးအဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၏ သွင်ပြင်လက္ခဏာများ ကောင်းမွန်စေရေး၊ စာကြည့်တိုက်များ၊ သုတေသနဌာနများ၊ အားကစားခန်းမများအပြင် အခြားသော အခြေခံအဆောက်အဦများ၊ သင်ကြားမှုသင်ယူမှုအထောက်အကူ ပြုပစ္စည်းများ ပြည့်စုံကောင်းမွန်စေရေးတို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များနှင့် ကျောင်းများအလိုက်မှလည်း စနစ်တကျဖြင့်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏အရည်အသွေးကို မြှင့်တင်ပေးခဲ့ကြောင်း၊ အထူးသဖြင့် နေပြည်တော်တွင် Napyitaw State Academy & Napyitaw State Polytechnic University တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၄ ခု၌လည်း Polytechnic University များကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်၏ ဖြတ်သန်းခဲ့သည့်သမိုင်းကြောင်းအဆက်ဆက်ကို ပြန်ကြည့်မည်ဆိုပါက ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များစွာရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဘုရင်စနစ်ကျင့်သုံးခဲ့သည့် အချိန်ကာလများတွင် မိမိတို့အနေဖြင့် အတတ်ပညာ၊ စာပေ၊ အနုသုခုမနှင့် ယဉ်ကျေးမှုတို့၌ အဆင့်အတန်းမြင့်မားခဲ့ကြောင်း၊ သို့သော်လည်း အချင်းချင်းညီညွတ်မျှတမှုအားနည်းပြီး အပြန်အလှန်တိုက်ခိုက်နေကြသောကြောင့် စာပေပညာနှင့် အတတ်ပညာများကို လက်ဆင့်ကမ်းနိုင်မှုအားနည်းခဲ့ကြခြင်းဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင် ပညာရေးဖိနိပ်ခံရမှုများရှိခဲ့သကဲ့သို့ လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ပြည်တွင်းမငြိမ်မသက်မှုများကြောင့် ပညာရေးအားနည်းမှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း အချို့ဆူပူမှုဖြစ်ပေါ်ပြီး တည်ငြိမ်မှုမရှိသည့်ဒေသများတွင် ပညာရေးကို ပိုမိုထိခိုက်စေသည်ကို တွေ့ရကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ပညာရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ငြိမ်းချမ်းမှု မရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ရန် များစွာအခက်အခဲရှိနေဦးမည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးကို မဖြစ်မနေဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လိုက်လျောမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသနှင့်နိုင်ငံတော်အကျိုးကိုသာဦးတည်၍ ဖြစ်နိုင်သည်များကိုသာ တောင်းဆိုသွားကြရန်လိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ကျောင်းမနေနိုင်သည့်အရွယ်များကို ကျောင်းပြင်ပ ပညာရေးဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး စာကြည့်တိုက်များတိုးချဲ့ဖွင့်လှစ်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့်သူများအနေဖြင့် အဆိုပါစာကြည့်တိုက်များ၊ စာအုပ်စာပေများ၊ ဆောင်းပါးများမှတဆင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအတွက် အသိပညာဗဟုသုတများရရှိစေနိုင်မည်ဖြစ်ကြောင်း၊ စာပေဗဟုသုတများ၊ ဆောင်းပါးများကို ရေးသားဖော်ပြကြရာတွင်လည်း အများပြည်သူများ လက်လှမ်းမီစွာဖြင့်လွယ်ကူ ရှင်းလင်းစွာ သိမြင်နိုင်မည့်အသုံးအနှုန်းများဖြင့် ရေးသားဖော်ပြကြရန်လိုကြောင်း။
ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ခဲ့မှု
ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းရပ်များကို ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းအနေဖြင့် ယခင်နှစ်များထက် တိုးမြင့်လာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်နေသည့်အတွက် ဆက်လက်မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေး လူနေမှုစနစ်ကိုမြှင့်တင်ပေးရမည်၊ ကျန်းမာရေးနှင့်ညီညွတ်မျှတပြီး အာဟာရပြည့်ဝစွာစားသုံးနိုင်ရမည်၊ အသိပညာမြင့်မားစေရေး ကျောင်းပညာရေးကို လူတိုင်းသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ နိုင်ငံသားများ၏ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရေးအတွက် အစိုးရအနေဖြင့်တာဝန်ရှိပြီး ဘက်ပေါင်းစုံမှစဉ်းစား၍ မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးသည် တိုင်းပြည်၏အသက်ပင်ဖြစ်ပြီး ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများတိုးတက်စေရေး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက စနစ်တကျဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း။
နိုင်ငံတကာဆက်ဆံရေးဆောင်ရွက်ခဲ့မှု
နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ (၅) ချက်နှင့်အညီ စောင့်ထိန်းလိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တာဝန်ထမ်းဆောင်ချိန်များအတွင်း ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် ကာဇတ်စတန်နိုင်ငံများသို့ ခရီးစဉ်များသွားရောက်ခဲ့ပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံ၏အကျိုးစီးပွားများကို ပိုမိုမြှင့်တင်နိုင်ရေး အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ကြပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ကို ၎င်းတို့တွေ့မြင်ခဲ့ရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုမှုနှင့်ပတ်သက်၍လည်း နိုင်ငံတော်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် တရားရင်ဆိုင်မှုကာလအထိ တရားစီရင်မှုအဆင့်အားလုံးတွင် ပါဝင်ရင်ဆိုင်ခဲ့ပြီး ဥပဒေကြောင်းအရ ထိရောက်စွာဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။
အွန်လိုင်းလိမ်လည်လောင်းကစားမှုများတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတို့နှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ထိထိရောက်ရောက်တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သည့်နေရာများနှင့် ကျူးလွန်ရာတွင်ပါဝင်ပတ်သက်ခဲ့သူများအား ဖော်ထုတ်ရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်နေသည့်နေရာများအား ဖော်ထုတ်ရှင်းလင်းခြင်းများကို မိမိတို့အနေဖြင့် အင်ပြည့်အားပြည့်ဖြင့် ထိရောက်ပြင်းထန်စွာ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်နေရာများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများမရှိစေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ လက်ရှိအချိန်အထိဖော်ထုတ် ရှင်းလင်းရရှိမှုများနှင့် နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးကိစ္စရပ်များကို သုံးသပ်ကြည့်မည်ဆိုပါက အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားနှင့် ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့နယ်မြေအတွင်း ထိုသို့လုပ်ဆောင်နေမှုများမရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
တစ်ဆက်တည်းတွင် တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍လည်း ထိန်းသိမ်းဆောင်ရွက်ရန်တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကိုနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နေကြသည့် အကျင့်ဆိုးကို တိုက်ဖျက်ရန်လိုကြောင်း၊ ၎င်းအကျင့်ဆိုးသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် အဂတိလိုက်စားမှုများကိုဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအတွက်လည်း ဝင်ငွေများရရှိနေမည်ဖြစ်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်း ထိခိုက်စေနိုင်ကြောင်း၊ သို့ဖြစ်၍ တရားမဝင်ကုန်စည်စီးဆင်းမှုများသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် နည်းလမ်းမျိုးစုံဖြင့် ထိခိုက်နစ်နာစေနိုင်သောကြောင့် အားလုံးကဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်ကာလအတွင်း အခက်အခဲအကြပ်အတည်းပေါင်းများစွာမှ ကြံ့ကြံ့ခံ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့ချိန်ကာလများအတွင်း နိုင်ငံတော်အတွက် သစ္စာရှိစွာဖြင့် လက်တွဲလုပ်ဆောင်ခဲ့မှုများအတွက် အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပြီး မိမိတို့၏တာဝန်ထမ်းဆောင်မှုများသည် နိုင်ငံတော်တွင် မှတ်ကျောက်တင်ခံခဲ့ကြမည်ဖြစ်ကြောင်း၊ နောင်လာမည့်အစိုးရအနေဖြင့် ယခုကဲ့သို့ အခက်အခဲများကြုံတွေ့ရမှုမရှိစေရေးအတွက် မိမိတို့တာဝန်ထမ်းဆောင်ခဲ့ရချိန်ကာလများအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့်အတွေ့အကြုံများကို ပြည့်ပြည့်စုံစုံဖြင့် ရေးသားဖော်ပြ၍ စနစ်တကျ လွှဲပြောင်းပေးသွားကြရန်လိုကြောင်းနှင့် ကောင်းမွန်သည့်လုပ်ဆောင်မှုများကို လက်ဆင့်ကမ်းပေးခဲ့ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် မတ် ၈
နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောသည် ယနေ့နံနက်ပိုင်းတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖြင့်တည်ဆောက်သော ကရင်ပြည်နယ်ဘားအံမြို့ ဂျိုင်း(ဇာသပြင်)တံတားအသစ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အတ္ထရံ တံတားအသစ် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသားရိုးရာအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကရင်ပြည်နယ် ဘားအံမြို့ ရှိ၊ ဂျိုင်း(ဇာသပြင်)တံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က မင်္ဂလာအချိန် တွင် ဂျိုင်း(ဇာသပြင်) တံတားအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောက ဂျိုင်း(ဇာသပြင်) တံတားအသစ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရာတွင်ပါဝင်ခဲ့ကြသည့် အင်ဂျင်နီယာအဖွဲ့များအား အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ဂျိုင်း (ဇာသပြင်) တံတားအသစ် ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အသစ်တည်ဆောက်ပြီးစီးသည့် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အတ္ထရံတံတားအသစ် ဖွင့်ပွဲအခမ်းအနားသို့ ဆက်လက်တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးမျိုးမြင့်တို့က အတ္ထရံတံတားအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အတ္ထရံတံတားအသစ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ အတ္ထရံတံတားအသစ် ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်အား ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အသစ်တည်ဆောက်ပြီးစီးသည့် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။
ဂျိုင်း(ဇာသပြင်)တံတားအသစ်သည် သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏အရှည်မှာ ၂၆၁၅ ပေ၊ ယာဉ်သွားလမ်း အကျယ်လေးလမ်းသွား၊ ရေလမ်းကင်းလွတ်အကျယ်ပေ ၇၅၀ နှင့် အမြင့် ပေ ၄၀ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ အတ္ထရံတံတားသစ်သည်လည်း သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး တံတား၏အရှည်မှာ ၁၅၇၅ ပေ၊ ယာဉ်သွားလမ်းအကျယ် လေးလမ်းသွား၊ ရေလမ်းကင်းလွတ်အကျယ် ပေ ၄၀၀၊ အမြင့် ပေ ၄၀ ရှိကာ တံတား၏ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း။
ဆက်သွယ်သွားလာနိုင်
အဆိုပါ ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသတွင်းလူမှုစီးပွားဘဝများနှင့် ပြည်တွင်း /ပြည်ပ စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ယင်းတံတားများကိုအသုံးပြု၍ မွန်ပြည်နယ် မော်လမြိုင်မြို့မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်တည်ဆောက်မည့် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်မြို့ရှိ သီလဝါအထူး စီးပွားရေးဇုန်သို့လည်း ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်မြန်ဆန်လာမည်ဖြစ်သကဲ့သို့ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်း နိုင်ငံများနှင့်ပါ ဆက်သွယ်သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားကာ ဌာနအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် မတ် ၈
တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/80690
ပြင်သစ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ဟော်မုဇ်ရေလက်ကြား၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ရန်အတွက် စစ်သင်္ဘော ၁၀ စီးကို အရေးပေါ်စေလွှတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မတ်လ ၉ ရက်နေ့က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ဆိုက်ပရပ်စ် ကျွန်းရှိ စစ်အခြေစိုက်စခန်းတစ်ခု၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ အရှေ့မြေထဲပင်လယ်၊ ပင်လယ်နီနှင့် ဟော်မုဇ်ရေလက်ကြားတို့တွင် ဖရီးဂိတ်စစ်သင်္ဘော (၈) စီးနှင့် ရဟတ်ယာဉ်တင်သင်္ဘော (၂) စီးတို့ကို ၄၈ နာရီအတွင်းနေရာချထားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရေတပ်အင်အားစုသည် လက်ရှိ မြေထဲပင်လယ်တွင် တာဝန်ယူထားသည့် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော Charles de Gaulle နှင့် ဆိုက်ပရပ်စ်တွင် အခြေစိုက်ထားသော လေကြောင်းရန်ကာကွယ်ရေးစနစ်တို့နှင့် ပူးပေါင်း၍ အင်အားဖြည့်တင်းသွားမည် ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုသည် ပြင်သစ်ရေတပ်သမိုင်းတွင် မကြုံစဖူးသော စုစည်းမှုတစ်ခုဖြစ်ကြောင်း သမ္မတ မက်ခရွန်က ဆိုသည်။
လေယာဉ်တင်သင်္ဘော Charles de Gaulle ပေါ်သို့ တက်ရောက်စဉ် သမ္မတ မက်ခရွန်က ရှင်းလင်းပြောကြားရာတွင် အဆိုပါ ရေတပ်အင်အား ဖြည့်တင်းမှု၏ အဓိကရည်ရွယ်ချက်မှာ ဒေသတွင်းရှိ ပြင်သစ်နိုင်ငံသား ၄၀၀,၀၀၀ ခန့်အား အကာအကွယ်ပေးရန်၊ မဟာမိတ်နိုင်ငံများအား ပစ်မှတ်ထားတိုက်ခိုက်မှုများမှ ကာကွယ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာမည့် ကုန်တင်သင်္ဘောများအား လုံခြုံစွာလိုက်ပါ စောင့်ရှောက်ရန် (Escort duties) ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားကြောင်းနှင့် အဆိုပါ ရေလမ်းကြောင်းကို ဖြတ်သန်းသည့် မည်သည့်သင်္ဘောကိုမဆို တိုက်ခိုက်မည်ဖြစ်ကြောင်း မတ်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းအခြေအနေကြောင့် အရေး ပါသော ရေနံတင်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းနိုင်စေရန်အတွက် နိုင်ငံတကာအစောင့်လိုက်ပါရေး ရေတပ်ဖွဲ့ (International Escort Force) တစ်ခုကို ဖွဲ့စည်းရန် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကြိုးပမ်းနေသည်။ မက်ခရွန် ၏ ပြောကြားချက်အရ အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် အခြား အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံအချို့သည်လည်း ပြင်သစ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေပြီဖြစ်သည်။
ပြင်သစ်သမ္မတသည် မတ်လ ၈ ရက်နေ့က အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ခီယန်နှင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ "ဒါဟာ ထိုးစစ်ဆင်ဖို့အတွက် ရည်ရွယ်တာမဟုတ်ပါဘူး ၊ သင်္ဘောတွေကို လုံခြုံစွာ အစောင့်အရှောက်ပေးဖို့နဲ့ ထောက်ပံ့ဖို့အတွက်သာ ဖြစ်ပါတယ်" ဟု မက်ခရွန်က ပြောကြားခဲ့သည်။ ထို့အပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခသည် ပြင်းထန်သောအဆင့်တွင် နောက်ထပ်ရက် အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်ခန့် ဆက်လက်တည်ရှိ နေနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအား လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသသည် ပဋိပက္ခများအတွင်း နစ်မွန်းလျက်ရှိသည်။ အဆိုပါ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးနှင့် ဒေသတွင်းရှိ အာရပ်နိုင်ငံများတွင် အခြေစိုက်ထားသော အမေရိကန် စစ်စခန်းများ ဆီသို့ ဒုံးကျည်များ၊ အသေခံဒရုန်းများဖြင့် ပြန်လည်တုံ့ပြန် တိုက်ခိုက် ခဲ့သည်။
ဥရောပအရာရှိများ၏ စွပ်စွဲချက်အရ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများ သည် တူရကီနိုင်ငံနှင့် ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိသျှစစ်စခန်းများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ထိုအခြေအနေကြောင့် ဥရောပတိုက်ကြီးမှာလည်း အဆိုပါပဋိပက္ခအတွင်းသို့ ဆွဲသွင်းခံရမည့် အန္တရာယ်ရှိနေသည်။
အီရန်ဘက်ကမူ ၎င်းတို့အနေဖြင့် ဒေသတွင်းနိုင်ငံများကို စစ်မကြေညာထားကြောင်းနှင့် တူရကီနိုင်ငံကို တိုက်ရိုက်ပစ်မှတ်ထားခြင်းမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။ ထို့အပြင် ဆိုက်ပရပ်စ်ကျွန်းကို ဦးတည်တိုက်ခိုက်ခဲ့သည့်ဒရုန်းများသည် လက်ဘနွန်နယ်မြေအတွင်းမှ ပစ်လွှတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
အီရန်နိုင်ငံသည် လက်ရှိဖြစ်ပွားနေသည့် ဒေသတွင်းပဋိပက္ခများအတွင်း မိမိတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်သည့်အနေဖြင့် တစ်တန်ကျော်အလေးချိန်ရှိသော ဒုံးကျည်ထိပ်ဖူးများသာ အသုံးပြုတော့မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကြေညာလိုက်သည်။
IRGC လေကြောင်းအာကာသတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် Majid Mousavi ၏ အဆိုအရ ဤနည်းဗျူဟာအသစ်သည် အမေရိကန်နှင့်အစ္စရေးတို့၏ စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် ပိုမိုပြင်းထန်သော ထိခိုက်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ လက်နက်တိုက်တွင် Shahab-3 ၊ Khorramshahr ဒုံးကျည်များနှင့် ၂ ဒသမ ၄ တန် အထိ သယ်ဆောင်နိုင်သော Hoveyzeh ခရုစ်ဒုံးကျည်များ ပါဝင်နေသည့်အတွက် စစ်ရေးကျွမ်းကျင်သူများက ယခုအပြောင်းအလဲသည် ဒေသတွင်း ပျက်စီးဆုံးရှုံးမှုကို ပိုမိုကျယ်ပြန့်စေနိုင်ကြောင်း သတိပေးထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အမေရိကန်နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများမှာ "ခါးသီးသော သင်ခန်းစာများ" သာ ရရှိခဲ့သည့် အတွက် ဝါရှင်တန်နှင့်ညှိနှိုင်းရန် အစီအစဉ်မရှိတော့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် နျူကလီးယားကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ကတိပေးထားသော်လည်း ကြိုတင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းအပေါ် ၎င်းက ပြင်းထန်စွာဝေဖန်ခဲ့သည်။
ထို့ပြင် အမေရိကန်၏ အစိုးရအပြောင်းအလဲပြုလုပ်ရန် ကြိုးပမ်းချက်များမှာ ကျရှုံးသွားပြီဖြစ်ကြောင်းနှင့် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေး လှုပ်ရှားမှုများမှာ လမ်းပျောက်နေသည့် အစီအစဉ်များသာဖြစ်ကြောင်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။
လက်ရှိအခြေအနေတွင် အီရန်သည် မိမိကိုယ်ကို ခုခံကာကွယ်သည့် အနေဖြင့် ဒေသတွင်းရှိ အမေရိကန်စခန်းများကို ပစ်မှတ်ထား တုံ့ပြန်သွားရန် အသင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အီရန်၏ လက်နက်များမှာ အမေရိကန်ပြည်မကြီးအထိ မရောက်နိုင်သော်လည်း ဒေသတွင်းရှိ စစ်ရေးနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိသည့်အတွက် အရှေ့အလယ်ပိုင်းဒေသ၏ တင်းမာမှုမှာ ပိုမိုအန္တရာယ်ကြီးမားလာမည့် အနေအထားတွင် ရှိနေသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်၍ "ဆိုးရွားသည့် နောက်ဆက်တွဲဆိုးကျိုးများ" ဖြစ်လာစေနိုင်ကြောင်း သတိပေးပြောကြားလိုက်သည်။ အမေရိကန်နှင့် တောင်ကိုရီးယား တို့သည် မတ်လ ၉ ရက်နေ့တွင် "Freedom Shield" ဟု အမည်ပေးထားသည့် နွေဦးစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုတွင် စစ်သည်အင်အား ၁၈,၀၀၀ ခန့် ပါဝင်လျက်ရှိသည်။ ဤသည်မှာ ပုံမှန် ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်သော်လည်း မြောက်ကိုရီးယားကမူ ၎င်းကို "ကျူးကျော်ရန် စစ်ရေးလေ့ကျင့်မှု" ဟု ဝေဖန်လေ့ရှိသည်။
မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ၏ ဖော်ပြချက်အရ ကင်ယိုဂျုံ သည် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်၍ "မမှန်းဆနိုင်လောက်အောင် ဆိုးရွားသည့် နောက်ဆက်တွဲဆိုးကျိုးများ" ဖြစ်ပေါ်လာနိုင်ကြောင်း မတ်လ ၁၀ ရက်နေ့တွင် သတိပေး ပြောကြားခဲ့သည်။ ကင်ယိုဂျုံ၏ပြောကြားချက်အရ ယခုစစ်ရေးလေ့ကျင့်မှုသည် "ကမ္ဘာ့နေရာအများအပြားတွင် စစ်ပွဲများဖြစ်ပွားနေသည့်" အရေးကြီးသောအချိန်ကာလတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ဤအခြေအနေမှာ အချို့သောနိုင်ငံများ၏ "တာဝန်မဲ့သည့် လုပ်ဆောင်ချက်များ" ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ဆိုသည်။
ကင်ယိုဂျုံ၏ ယခုထုတ်ပြန်ချက်သည် မြောက်ကိုရီးယားခေါင်းဆောင်က ဆိုးလ်၏ နောက်ဆုံးလုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ‘ညံ့ဖျင်းသည့် ဟန်ဆောင်မှု’ ဟု ဖော်ပြခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားနှင့် ထိတွေ့ဆက်ဆံရမည့်တာဝန် လုံးဝမရှိကြောင်း ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ပြုံယမ်း သည် အီရန်တွင်ဖြစ်ပွားနေသော ပဋိပက္ခကိုလည်းရှုတ်ချခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဆင်ရေးများကို "တရားမဝင် ကျူးကျော်မှု" ဟု စွပ်စွဲ ခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကမူ "Freedom Shield" စစ်ရေးလေ့ကျင့်မှုသည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများရှိသော်လည်း ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ယခင်က အချို့သောသူများသည် အမေရိကန် အနေဖြင့် Patriot စနစ်အပါအဝင် စစ်ဘက်ဆိုင်ရာပစ္စည်းအချို့ကို အရှေ့အလယ်ပိုင်းသို့ပြောင်းရွှေ့ရန် တောင်ကိုရီးယားမှ ရုပ်သိမ်းလိုက်ခြင်း ကြောင့် ယခုစစ်ရေးလေ့ကျင့်မှုအပေါ် ထိခိုက်မှုရှိနိုင်မည်ဟု စိုးရိမ်မှုများ ရှိခဲ့ကြသည်။
မြောက်ကိုရီးယားသည်လည်း ၎င်းတို့၏စစ်ရေးစွမ်းရည်ကို မကြာခဏပြသနေပြီး ကင်ဂျုံအန်က နိုင်ငံ၏နျူကလီးယား လက်နက်သိုလှောင်မှု ကို တိုးမြှင့်ရန် စီမံကိန်းများကို အဓိကထား ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။
လက်ရှိအခြေအနေအရ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် ၁၉၅၀-၁၉၅၃ ပဋိပက္ခကို ငြိမ်းချမ်းရေးစာချုပ်ဖြင့်မဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့်သာ အဆုံးသတ်ခဲ့ခြင်းဖြစ်သောကြောင့် စစ်မက်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ နှစ်နိုင်ငံအကြား တင်းမာမှုများသည် မကြာခဏမြင့်တက်လေ့ရှိပြီး မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုများနှင့် သတိပေးချက်များကို တိုးမြှင့်လုပ်ဆောင်သကဲ့သို့ တောင်ကိုရီးယားကလည်း ၎င်း၏ မဟာမိတ်ဖြစ်သော အမေရိကန်နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ပြည်တွင်းသတင်းများ
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၂၀ ဦးအား ၂၀၂၆ ခုနှစ်၊ မတ် ၆ ရက်တွင် ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေး နိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မတ် ၅ ရက် ညနေ ၆ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ် ၆ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁၄,၃၈၅ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃,၂၆၂ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၁၂၃ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
လွှဲပြောင်းရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၁၂၃ ဦးအနက် ပြည်ပနိုင်ငံသား ၁၅၄ ဦးအား မြဝတီမြို့မရဲစခန်း၌ ချုပ်နှောင်ထားရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဆွဲဆိုအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
MOHA
နေပြည်တော် မတ် ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း အောင်မြင်စွာကျင်းပပေးခဲ့ပြီး ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၆၈ နှင့် နည်းဥပဒေ ၁၁၂ တို့အရ တင်သွင်းလာသည့် ကန့်ကွက်လွှာအမှုနှစ်မှုကို ယနေ့ စတင်ကြားနာစစ်ဆေးသည်။
ယင်းအမှုများကို ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ (က) (၁) အရ ၂၃-၂-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၆ နှင့် အမိန့်အမှတ်၊ ၂/၂၀၂၆ တို့ဖြင့် ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ကို ဖွဲ့စည်းခဲ့သည်။
ယနေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၂၅)၊ လျှောက်ထားသူ ဒေါက်တာကောင်းထက်ခိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးပေါင်ဇလန်း (ဇိုမီးအမျိုးသားပါတီ) အမှုကိုလည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၂၅)၊ လျှောက်ထားသူ ဦးဝင်းကြူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးခိုင်ဦး (ပြည်သူ့ပါတီ) အမှုကိုလည်းကောင်း စတင်ကြားနာစစ်ဆေးကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် မတ် ၆
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သီးခြားဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက် ကြပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး (၁/၂၀၂၆) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားသည့် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက် (၄) ရပ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများအပြီး လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ် ပေးခဲ့ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ဦးစားပေးကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပ သွင်းကုန်အစားထိုးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ အခြားကဏ္ဍများတွင် မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များနှင့် သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန်၊ အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံးစရိတ်များကို လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်က နှစ်စဉ်ခွင့်ပြုပေးခဲ့သကဲ့သို့ ယခုတွင်လည်း လိုအပ်ချက်များကို စိစစ်လျာထားပေးသွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ခွဲဝေချထားပေးသည့် ရန်ပုံငွေများကို နိုင်ငံတော်အတွက် အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်လိုကြောင်း၊ ထို့ကြောင့်လည်း လျာထားလုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ အမှန်တကယ်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့်ပမာဏကိုသာ သေချာစွာစိစစ်တွက်ချက်ပြီး လျာထားကြရန် အရေးကြီးကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြရန်လို ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ သတ်မှတ်ချက်များနှင့်အညီ ရေးဆွဲတင်ပြခဲ့ကြပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ကော်မတီများမှ အဆင့်ဆင့်စိစစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရငွေပိုင်းလျာထားချက်များ၊ အသုံးစရိတ်များ၊ သာမာန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်းအသုံးစရိတ်များ၊ ကြွေးမြီအသုံးစရိတ်များကိုလည်း စနစ်တကျဖြင့် စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကြိုတင်မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များနှင့် သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့်ကိစ္စရပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများ ချီးမြှင့်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်းတို့အတွက် အသုံးစရိတ်များကိုလည်း လျာထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၎င်းကို အခြေပြု၍ ရေးဆွဲထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က သုံးသပ်ပြီး အတည်ပြုထောက်ခံပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ ၂၀၂၆-၂၀၂၇ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၆-၂၀၂၇ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်အရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
၎င်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက အသီးသီးတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိတို့အနေဖြင့်နိုင်ငံ၏ GDP တိုးတက်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အခြားစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း၊ လျာထားခွင့်ပြုငွေများအား လာမည့်အစိုးရအဖွဲ့အနေဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်အတွက် အသေးစိတ်စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ဖြည့်စွက်ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ၂၀၂၆ ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်းများ (Agro-based Industries) ကို တိုးတက်အောင် အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး အနာဂတ်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ပန်းတိုင်များအထိ ရရှိစေရန်အတွက် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် စုစုပေါင်းပြည်တွင်းထုတ်ကုန် အမှန်တကယ်တိုးတက်ရေးက အဓိကအရေးပါသည့် လုပ်ဆောင်ချက်ရလဒ်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု၊ အလုပ်အကိုင်များ တိုးမြှင့်နိုင်ရန် အတွက်ကိုလည်း အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ခိုင်မာတောင့်တင်းသည့် စီးပွားရေးကို ရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် အဆိုပါနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်းဖြစ်ကြောင်း၊ ပညာရေးသည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာရေးကို အခြေခံသည့်လူသားအရင်းအမြစ်များကို တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် အသိဉာဏ်ပညာဖြင့် သတိတရားကိုလက်ကိုင်ထားပြီး NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အတူတကွကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို ရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်း၊ တံတားများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ထုတ်ကုန်များကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အတွက် မိသားစုဝင်ငွေ တိုးတက်ရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လျာထားချက်ပါရငွေများကို အပြည့်အဝရရှိစေရေး အချိန်ကာလပိုင်းခြားသတ်မှတ်ပြီး ရည်မှန်းချက်များချမှတ်ကာ တွန်းအားပေးကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်ကခွဲဝေချထားပေးသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး လေလွင့်မှုမရှိစေဘဲ အကျိုးရှိထိရောက်စွာ သုံးစွဲကြရန် လိုအပ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့တာဝန်ယူသည့်ကာလအတွင်း ချမှတ်ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်နှင့်ဆောင်ပုဒ်များကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထိရောက်အောင်မြင်အောင် ပြည့်ပြည့်ဝဝအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ကျရာကဏ္ဍမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပေါ်ပေါက်လာမည့် အစိုးရသစ်အတွက် အောင်မြင်သည့် ဖွံ့ဖြိုးမှုလမ်းကို စနစ်တကျခင်းပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် မတ် ၆
အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ/ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) တွင် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ကို ဆွေးနွေးညှိနှိုင်းအတည်ပြုကြမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ယနေ့ထိ နိုင်ငံတော်ကို အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်ယူခဲ့ပြီး နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းမျိုးစုံဖြင့် တိုးတက်အောင် ကြိုးပမ်းလျက်ရှိကြကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ချမှတ်ထားသည့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခဲ့သည်မှာ ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း။
နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့သည့်အချိန်တွင် နိုင်ငံ၏စီးပွားရေး ကျဆင်းနေပြီး အခက်အခဲမျိုးစုံကြားမှ နိုင်ငံအရေးကို ဦးစားပေးပြီး အမျိုးသားရေးမျှော်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးတည်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စေရန်အတွက် အဓိကအားပေးမြှင့်တင်ပေးသည့်အပြင် လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် ကျေးလက်ဒေသစီးပွားရေးတိုးတက်စေရန်အတွက် ဦးစားပေးအလေးထားဆောင်ရွက်ပေးခဲ့ကြောင်း။
မိမိတို့တာဝန်ယူသည့်ကာလတွင် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များမြှင့်တင်မှုကို အဓိကတွန်းအားပေးမြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ MSME လုပ်ငန်းများသည် ထုတ်ကုန်အရည်အသွေးနှင့် ထုတ်ပိုးမှုပုံစံများသည် ယခင်နှင့် နှိုင်းယှဉ်ပါက အတော်အသင့် တိုးတက်မှုရှိလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတန်းဝင်အရည်အသွေးမြင့် ကုန်ပစ္စည်းများအဆင့် တိုးတက်ရောက်ရှိစေရေးနှင့် ပြည်ပပို့ကုန်အဆင့်အထိရောက်ရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
ပြည်တွင်းထုတ်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံသည်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပကိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပက တင်သွင်းမှုများကိုလည်း လျော့နည်းစေမည်ဖြစ်သည့်အတွက် ထုတ်လုပ်မှုကို ဆက်လက်အားပေးမြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး လိုအပ်ချက်များရှိနေသေးသည့်အတွက် နိုင်ငံ့စီးပွားရေးတွင် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဆုံးရှုံးနစ်နာနေမှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေးတွင် အဓိကလိုအပ်သည့် မျိုး၊ မြေ၊ ရေနှင့် နည်းစနစ်ကောင်းမွန်ရေးကိုလည်း ဆက်လက်တွန်းအားပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လူနှင့် စက်အင်အား အသုံးပြုရသည်များရှိသည့်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာတိုးတက်သုံးစွဲနိုင်ရေးကို အဓိကတွန်းအားပေးဆောင်ရွက်ရန်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့် လက်ရှိထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ ပကတိအခြေအနေကိုသုံးသပ်ပြီး အနာဂတ်တွင် တိုးတက်ရန် သမားရိုးကျဆောင်ရွက်ခြင်းထက် ခေတ်နှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
မူဝါဒချမှတ်ရာတွင် လိုအပ်သည့် အခြေခံအချက်အလက်များကို ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရလဒ်များမှ မိမိတို့နှင့်သက်ဆိုင်သည့် စာရင်းပိုင်းဆိုင်ရာများကို ရယူရှာဖွေသုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူဦးရေမူဝါဒသည် အရေးကြီးသည့်အတွက် တိုးတက်ပြောင်းလဲလာမည့် လူဦးရေပမာဏ၊ အသက်အရွယ်အလိုက် အချိုးအစား၊ လုပ်သားအင်အား၊ ပညာရေး၊ ကျန်းမာရေးစသည့် အချက်အလက်များပေါ်မူတည်ပြီး ပြည်ထောင်စု၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
အစိုးရအနေဖြင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးကို ဦးတည်ဆောင်ရွက်နိုင်ရန် ဆောင်ပုဒ် (၃) ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်ရန်၊ ပညာရေးဖြင့် လူသားအရင်းအမြစ် တိုးတက်စေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် ကဏ္ဍအလိုက် တာဝန်ယူထားသည့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု၊ ပြည်သူအားလုံး ပါဝင်မှုတို့ဖြင့် ပူးပေါင်းပြီး တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် ပြည်သူအားလုံး၏ လိုလားချက်များပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် အစိုးရတစ်ရပ်အနေဖြင့်လည်း ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်သဖြင့် ထိုသို့ဖြည့်ဆည်းနိုင်ရန် ယခုစီမံကိန်းတွင် လမ်းခင်းဆောင်ရွက်ပြီး လွှဲပြောင်းပေးသွားကြရမည်ဖြစ်ကြောင်း။
မကြာမီကာလတွင် အစိုးရသစ်က နိုင်ငံ့တာဝန်ကို လွှဲပြောင်းယူမည်ဖြစ်သည့်အတွက် မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစပြီး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးခဲ့သည့်လုပ်ငန်းများနှင့် စီမံကိန်းများကိုပြီးပြတ်မှုရှိအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ယခင်ကာလအဆက်ဆက်က ဆောင်ရွက်နေသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်နေသည်များကိုလည်း စနစ်တကျ မှတ်တမ်းများနှင့် လွှဲပြောင်းပေးသွားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်ကာလများအတိုင်း လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးကို အားလုံးက ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံ့အနာဂတ် ကောင်းမွန်ရန်ပညာရေးတွင် ခေတ်မီပြီး အရည်အသွေးမြင့်မားသည့် ပညာရေးစနစ်ဖြစ်စေရန် အခြေခံကောင်းများ ချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါအခြေခံကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ပညာရေးကဏ္ဍတိုးတက်ရန် မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးတွင်လည်း ဝန်ဆောင်မှု ကောင်းများရရှိစေရန်နှင့် လိုအပ်သည့်အခြေခံအဆောက်အအုံများ တိုးတက်စေရေး၊ ဆေးဝါးနှင့် စက်ကိရိယာများ ပြည့်စုံစွာရရှိစေရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုရရှိရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
အနာဂတ်တွင် မျိုးဆက်သစ်လူငယ်များကို တိုင်းပြည်တည်ဆောက်ရေးတွင် အကျိုးရှိရှိ၊ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ရေး ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်များပါဝင်မှုအခန်းကဏ္ဍ မြှင့်တင်ရေးတို့ကိုလည်း လေ့ကျင့်ပျိုးထောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိကာလတွင် သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုများသည် ကြိမ်ဖန်များစွာ ဖြစ်ပွားလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူးအလေးထားဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ရေတိုက်စားမှုနှင့် ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များမှ ကာကွယ်နိုင်ရေးတို့အတွက် လိုအပ်သည့် ကြိုတင်စီမံမှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
နိုင်ငံတော်၏ လူမှုစီးပွားအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ပြီး ကောင်းမွန်ခိုင်မာအောင် တည်ဆောက်ရာတွင် ကျေးလက်ဒေသများအပါအဝင် မြို့ရွာများ စနစ်တကျနှင့် သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တိုးတက်စေရေးကို တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကဏ္ဍအလိုက် တာဝန်ယူထားကြသည့် ဝန်ကြီးဌာနများနှင့် ဒေသအလိုက် တာဝန်ယူထားကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကလည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြင်ကျယ်ကျယ်ဖြင့် ပြည်ထောင်စုက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အစွမ်းကုန်ကြိုးပမ်းကြရန်မှာကြားလိုကြောင်း။
ဒေသအသီးသီးတွင် အကြမ်းဖက်ဖြစ်စဉ်နှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံအဆောက်အအုံများ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရန် ဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်လည်းဖြစ်ကြောင်း။
အကန့်အသတ်ရှိနေသည့် အရင်းအမြစ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် စီမံခန့်ခွဲရာ၌ ပြည်တွင်း၌ရှိသည့် အရင်းအမြစ်မျိုးစုံကို အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိထိထိရောက်ရောက် အသုံးပြုကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ အသုံးစရိတ်များကို မလိုအပ်ဘဲသုံးစွဲခြင်းမျိုးမဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ရုံသာမက အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်သည့် မြန်မာ့လူ့အဖွဲ့အစည်းအဖြစ် ရေရှည်ဖြစ်ထွန်း ပေါ်ပေါက်လာရေးအတွက်ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဦးဆောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
ယခုအစည်းအဝေးက အတည်ပြုမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းသည် နိုင်ငံတော်တာဝန်လွှဲပြောင်းရယူမည့် အစိုးရအဖွဲ့က သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ကြမည်ဖြစ်ပြီး စီမံကိန်းတွင် ပါဝင်သည့် ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်းရည်မှန်းချက်များကို အောင်မြင်စေရန် အစိုးရနှင့် လွှတ်တော်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ နောင်ပေါ်ပေါက်လာမည့် လွှတ်တော်များ၊ အစိုးရနှင့်ဌာနများအကြား အပြန်အလှန် ထိန်းကျောင်းမှုများနှင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အစိုးရဌာနဆိုင်ရာများအနေဖြင့် ရည်မှန်းချက်များ အောင်မြင်ရန်အတွက် အဆင့်ဆင့်တာဝန်ယူကြီးကြပ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်က မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ လူမှုစီးပွားဘဝများ သာယာဝပြောရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့်လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြရာတွင် ယနေ့ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးတွင် အတည်ပြုချက်ရယူမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်ရည်ရွယ်ပြီး ရေးဆွဲထားပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက် ဦးတည်ချက်များနှင့်အညီ အခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး၊ စိုက်ပျိုးမွေး မြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်မှုများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိုမှတစ်ဆင့် ပို့ကုန်တိုးမြှင့်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးအဆင့်မြှင့်တင်နိုင်ရေးနှင့် လူတိုင်းလက်လှမ်းမီသင်ယူနိုင်သည့် ပညာရေးစနစ်တိုးတက်ဖြစ်ပေါ်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု တိုးတက်ရေး၊ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါကြောင်း။
အလားတူ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ အသစ်တည်ဆောက်မည့် လမ်း၊ တံတားလုပ်ငန်းများ၊ သဘာဝဘေးဒဏ်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက်လည်း ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ များဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည့်အပြင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် စီမံကိန်းအသုံးစရိတ်များကိုလည်း စနစ်တကျထိရောက်စွာသုံးစွဲနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လေလွင့်မှုများမဖြစ်စေရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုပြီး ပြည်သူများရရှိခံစားနိုင်မည့် လူမှုအကျိုးစီးပွားဖြစ်ထွန်းရေးကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နောင်တာဝန်ယူမည့်အစိုးရသို့ တာဝန်လွှဲပြောင်းရာတွင် စနစ်တကျဖြစ်စေရေးစိစစ်ဆောင်ရွက်ထားရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၆ ခုနှစ်၊ အမျိုးသားစီမံကိန်း (မူကြမ်း) ရေးဆွဲထားမှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ (မူကြမ်း) ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက ဘဏ္ဍာနှစ်အလိုက် အမျိုးသားစီမံကိန်းလျာထားမှုနှင့် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားရာတွင် ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်ပြီး ပို့ကုန်နှင့်ပတ်သက်၍ လယ်ယာသားငါးထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိကြောင်း၊ အခြားတင်ပို့နိုင်သည်များလည်း များစွာရှိပြီး လုပ်ကိုင်နိုင်စွမ်း လျော့နည်းနေသည့်အတွက် ပို့ကုန်အားနည်းနေရခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းရှိမှသာလျင် ရောင်းကုန်၊ ပို့ကုန်ပစ္စည်းများရှိမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထုတ်လုပ်မှုအားနည်းချက်များရှိခြင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းတို့ကြောင့် ပို့ကုန်ပစ္စည်းများ အားနည်းနေရခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံဖြတ်ကျော်ခဲ့ရသည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ အတန်းပညာအားနည်းပါက အတတ်ပညာသင်ကြားရေးနှင့်ပတ်သက်၍လည်း အားနည်းချက်များ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့်အတတ်ပညာများကို သင်ယူရရှိနိုင်ရေး အတန်းပညာမြင့်မားရန်လိုအပ်မည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်သည့် အတတ်ပညာရှင်များသည်လည်း များစွာလိုအပ်နေဆဲဖြစ်ကြောင်း၊ ယင်းအချက်သည် အမျိုးသားစီမံကိန်းများ ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် အနာဂတ်လူငယ်လူရွယ်များ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ အသိပညာများရရှိစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိကထားလုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ သို့ဖြစ်၍ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်ပေးခြင်းသာမက အမှန်တကယ်အလုပ်လုပ်ကြရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ထုတ်လုပ်မှုနှင့် သုံးစွဲမှု မမျှတခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် ဒေသတွင်း အခြေခံစားကုန်များ၊ ဟင်းသီးဟင်းရွက် သားငါးနှင့် ဥအမျိုးမျိုးတို့ကို ဖူလုံအောင် အားထုတ်ဆောင်ရွက်ကြမည်ဆိုပါက ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချစေနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံသည်များကို ပြင်ပသို့ ရောင်းချခြင်းဖြင့် ဒေသ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရေး ဒေသတွင်းအုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များစီမံခန့်ခွဲပေးခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနှင့် အခွင့်အလမ်းများ ဖန်တီးကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုချင်းစီမှစ၍ မြို့နယ်အလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆင့်ဆင့် ဝမ်းစာဖူလုံမှုမြင့်တက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း။
ဆီထွက်သီးနှံနှင့်ပတ်သက်၍လည်း နိုင်ငံအတွင်း စားသုံးဆီဖူလုံမှုရှိစေရေး စတင်တာဝန်ယူစဉ်ကတည်းကပင် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုရှိရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိရန်လိုအပ်နေဆဲဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့်လည်း စီမံကိန်းများရေးဆွဲရာတွင် ဆီထွက်သီးနှံဖူလုံရေးနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန် ပြောကြားလိုခြင်းဖြစ်ကြောင်း။
လျှပ်စစ်ဓာတ်အားဖူလုံရေးနှင့်ပတ်သက်၍လည်း ရေအားလျှပ်စစ်စီမံကိန်းများ၊ ဆိုလာလျှပ်စစ်စီမံကိန်းများကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခင်က ချမှတ်ဆောင်ရွက်ဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား ဖူလုံစွာသုံးစွဲနိုင်မှုမရှိခြင်းဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖူလုံမှုရှိစေရေးအတွက်လည်း အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့်စတင်တာဝန်ယူပြီးကာလနောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ စက်သုံးဆီကားများ၊ ရထားများအစား၊ လျှပ်စစ်ကားများနှင့် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် EV ကားများအသုံးပြုနေကြပြီဖြစ်သကဲ့သို့ လျှပ်စစ်စွမ်းအင်သုံးရထားစက်ခေါင်းများ အသုံးပြု၍လည်း ရထားခရီးစဉ်များ ပြေးဆွဲပေးနိုင်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီရှားပါးမှု ဖြစ်ပေါ်လာနိုင်မည့်အခြေအနေတွင် လျှပ်စစ်ကားနှင့် ရထားများ၏ အခန်းကဏ္ဍသည် များစွာတိုးတက်လာစေမည်ဖြစ်ကြောင်း၊ အမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ရာတွင် ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများကို နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့နှင့် ချိန်ထိုးသုံးသပ်စဉ်းစားတွက်ချက်၍ အမြင်ကျယ်ကျယ်ဖြင့် ရေးဆွဲချမှတ်သွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေး၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းကို ဆွေးနွေးညှိနှိုင်းကြပြီးဖြစ်ကြောင်း၊ ယခုအတည်ပြုခဲ့သည့် အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ရာတွင် အစိုးရ၊ ဌာနများအနေဖြင့် စီမံကိန်းဆိုင်ရာ အင်္ဂါရပ်များနှင့် ညီညွတ်ရန်လိုအပ်မည်ဖြစ်ပြီး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ခေတ်ကာလအလိုက် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူပြီး လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ လိုအပ်နေသည့် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရန်နှင့် နောင်တာဝန်ယူကြမည့် အစိုးရထံစနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
မိမိတို့ တာဝန်ယူခဲ့သည့် ၅ နှစ်ကာလတွင် ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ မြို့ပြအင်္ဂါရပ်များနှင့် ညီညွတ်မှုရှိစေရေး၊ စွန့်ပစ်အမှိုက် စနစ်တကျစီမံခန့်ခွဲနိုင်ရေးစသည့် နယ်ပယ်များတွင် ပြောင်းလဲတိုးတက်စေရန်ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းငယ်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် အစဉ်ရေရှည်ရပ်တည်နိုင်ရေးအတွက် လုပ်ငန်းစတင်ချိန်မှစပြီး ဈေးကွက်သို့ ရောက်ရှိချိန်ထိ လိုအပ်သည့်နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
သက်မွေးပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်များ၏ ဘဝမြှင့်တင်နိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ အကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ရေးကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလအတွင်း မိမိတို့အနေဖြင့် နိုင်ငံတော်အတွက် ဘက်ပေါင်းစုံတွင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုလားတောင့်တချက်များကို ပြည်တွင်း၌ ရှိသည့်အင်အားဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဖြည့်ဆည်းပေးခဲ့ကြကြောင်း။
ကောင်းမွန်ပြီးအစဉ်ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကို ဖန်တီးနိုင်ရေး စီးပွားရေး အင်အားကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အခက်အခဲအမျိုးမျိုးကြားမှ တာဝန်ယူဆောင်ရွက်ခဲ့ကြရခြင်းဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်များရှိသကဲ့သို့ ပြည့်မီရန် လိုအပ်သည့်ကိစ္စရပ်များကိုလည်း ပေါင်းစပ်ညှိနှိုင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊ အစိုးရနှင့် ပြည်သူလူထုများအကြား ယုံကြည်မှုအခိုင်အမာတည်ဆောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယများနဲ့ စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်းကြရန် လိုအပ်ကြောင်း။
“စည်းလုံးခြင်းသည် အင်အား၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” ဆိုသည့် ဆိုရိုးစကားများနှင့်အညီ တိုင်းပြည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အချင်းချင်းဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ပြောင်းလဲလာသည့် ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေးလမ်းကြောင်းပေါ်တွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး ဆက်လက်လျှောက်လှမ်းသွားရန်ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရှေ့တန်းတင်ပြီး တစ်ထောင့်တစ်နေရာမှ မိမိတို့ကျရာတာဝန်များကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြသည့် ဝန်ထမ်းများနှင့် အလွှာအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ပြည်သူလူထုများကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။
ယခုအတည်ပြုပြီး ဥပဒေပြဋ္ဌာန်းတော့မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းပါ လုပ်ငန်းများကို လွှတ်တော်များ၏ သဘောတူညီချက်များနှင့်အညီ ရှေ့ဆက်အကောင်အထည် ဖော်ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ပြည်သူအားလုံးတောင့်တပြီး မျှော်မှန်းထားသည့် ရည်မှန်းချက်များ အောင်မြင်စေရေး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူမည့် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
moi
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
moi
နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ
moi
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း
moi
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း
moi
ကျောက်တလုံးကြီး မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)ကျောက်တလုံးကြီးမြို့၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော လီလီပန်းများ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
လီလီပန်းများစိုက်ပျိုးရာတွင် ပန်းမျိုးဥများ အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်ကာ အမြစ်များရှင်သန်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမည့်စိုက်ပေါင်နှင့် စိုက်ကျင်းအနက်တို့သည် မျိုးဥပေါ် မူတည်၍ပြုလုပ်ပေးရပြီး မျိုးဥမချမီ စိုက်ပေါင်ကို နွားချေး၊ အာမိုနှင့် ဒီစူပါ မြေသြဇာများရော၍ထည့်ကာ ရေဖြင့် ခြောက်နာရီခန့်ကြိုတင်နှပ်ထားပြီးမှ မျိုးဥချရကြောင်း၊ လီလီပန်းပင်များစိုက်ပျိုးရာတွင် တွင်းအနက်အနည်းဆုံး ၆ လက်မလိုအပ်ပြီး တစ်ပင်နှင့်တစ်ပင်ကြား ၆ လက်မခြား စိုက်ပျိုးရကြောင်း၊ လီလီပန်းများသည် နေရောင်ခြည်ကြိုက်သော်လည်း အေးသောရာသီဥတုကိုနှစ်သက်သောကြာင့် အပူဒဏ်ခံနိုင်ရန် အမိုးများမိုးထားပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးပြီး နှစ်ရက်လျှင်တစ်ကြိမ် ရေလောင်းပေးရကာ ပေါင်းမြက်ပေါက်ရောက်မှုအပေါ်မူတည်၍ တစ်လတစ်ကြိမ်ခန့် ပေါင်းရှင်းပေးရန်လိုအပ်ကြောင်း သိရသည်။
လီလီပန်း မျိုးကွဲပေါင်း ၁၀၀ ကျော်ရှိပြီး အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင်၊ ခရမ်း၊ အနီရောင်တို့ရှိကြောင်း၊ လီလီပန်းသည် စိုက်ပျိုးပြီးရှစ်လကြာလျှင် ပန်းများခူးယူနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ် သြဂုတ်လတွင် အဖြူရောင် လီလီပန်းမျိုးကို စိုက်ပျိုးခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလတွင် ပန်းများစတင်ခူးယူရောင်းချနိုင်သဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း လီလီပန်းစိုက်ပျိုးသူ တစ်ဦးထံမှသိရသည်။
MWD
ပွင့်ဖြူ မတ် ၉
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲဧက ၇၀၀ ကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၃ တင်းခန့်ထွက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စားတော်ပဲ ဧက ၃၄၈၀ စိုက် ပျိုးနိုင်ခဲ့ပြီး အဆိုပါစားတော်ပဲစိုက်ခင်း များကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင် ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ဧက ၇၁၀ ရိတ် သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၃ တင်းခန့်ထွက်ရှိကြောင်း သိရ သည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူ မြို့နယ်အတွင်း စားတော်ပဲ ဧက ၃၄၈၀ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစားတော်ပဲ စိုက်ခင်းတွေကို ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းခဲ့တာ လက်ရှိမှာ ဧက ၇၁၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ စားတော်ပဲ ရိတ်သိမ်းတာနဲ့ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုတွေ မဖြစ်အောင် စနစ်တကျရိတ်သိမ်း ဖို့နဲ့ လိုအပ်တဲ့ရိတ်သိမ်းခြွေလှေ့နည်း စနစ်တွေကိုလည်း ကွင်းဆင်းကြီးကြပ်ဆောင် ရွက်ပေးပါတယ်။ ရိတ်သိမ်းပြီးသီးနှံတွေ ကိုလည်း အရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက်မှာ သေချာ သိမ်းဆည်းနိုင်ဖို့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ပွင့်ဖြူမြို့နယ်၌ စားတော်ပဲစိုက်တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံအထွက်နှုန်းတိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးရေစနစ် တကျသုံးစွဲရေး၊ မြေဩဇာနှင့် သွင်းအားစု များ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။
စားတော်ပဲကို အထွက်နှုန်းတိုးတက် အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။
MWD
ကြံခင်း မတ် ၉
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ်၌ ဒေသထွက်ငါး သလောက်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ကြံခင်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရီရီထွန်း၏ပြောကြားချက်အရ သိရသည်။
ကြံခင်းမြို့နယ်၌ ယခုနှစ် မတ်လပထမ ပတ်မှစ၍ လက်ရှိအချိန်ထိ ငါးသလောက်များ ဝယ်လိုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ လက်ရှိ အဆိုပါငါးသလောက်များ တစ်ရက်လျှင် ပိဿာ ၄၅၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
"လက်ရှိ အရောင်းအဝယ်ဖြစ်နေတဲ့ ငါးသလောက်ကလည်း လတ်ဆတ်မှုနဲ့ အရွယ်အစားပေါ် မူတည်ပြီး ဈေးအပြောင်း အလဲရှိပါတယ်။ လက်ရှိလည်း ငါး သလောက်တွေ အဝယ်လိုက်နေပါတယ်။ ဒီဘက်ကနေ တင်ပို့တဲ့ငါးသလောက်တွေကို ဒေသဈေးကွက်က ဒေသတွင်းအပြင် တခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချနေပါတယ်" ဟု ဒေါ်ရီရီထွန်းကပြောသည်။
ကြံခင်းမြို့နယ်၌ အရောင်းအဝယ် ကောင်းမွန်နေသည့် ငါးသလောက်များသည် အရွယ်အစားပေါ် မူတည်ကာ ဈေး နှုန်းအမျိုးမျိုး သတ်မှတ်ထားကြောင်း သိရသည်။
MWD
ကျောက်ဆည် မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆည်ရေဖြင့် ဒေသန္တရစီမံကိန်းလျာထား ချက်ရေးဆွဲ၍ နွေသီးနှံမျိုးစုံ ၅၂၇၁၅ ဧက စိုက်ပျိုးသွားမည်ကြောင်း သိရှိရပြီး ယခုချိန်၌ မင်းရဲ၊ သင်းတွဲ၊ နွားတက် မြောင်းရေများဖြင့် ကျေးရွာအုပ်စု ၁၂ အုပ်စု၌ နွေနှမ်းနှင့် နွေစပါး ၆၀၀၀ ဧကကျော် လျာထားကာ စတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာ၌ မင်ရဲမြောင်းရေဖြင့် တောင်နောက်ကျေးရွာအုပ်စု၌ နွေနှမ်း ၃၀၂ ဧက၊ နွေစပါး ၁၄၀ ဧက၊ သင်တောင်းကျေးရွာအုပ်စု၌ နွေနှမ်း ၃၇၇ ဧက၊ နွေစပါး ၄၃၇ ဧက၊ အင်ဒိုင်းကျေးရွာအုပ်စု၌ နွေနှမ်း ၃၄၇ ဧက၊ နွေစပါး ၃၇၈ ဧက၊ ကြက်မင်းတွန်ကျေးရွာအုပ်စု၌ နွေနှမ်း ၂၄ ဧက၊ နွေစပါး ၁၀ ဧက၊ ဖောင်ရွာကျေးရွာအုပ်စု၌ နွေနှမ်း ၉ ဧက၊ နွေစပါး ၁ ဧက၊ သင်းတွဲမြောင်းရေဖြင့် ပတ္တာကျေးရွာအုပ်စု၌ နွေနှမ်း ၈၈ ဧက၊ ၄၃၀ ဧက၊ ပင်တလယ်ကျေးရွာအုပ်စု၌ ၂၈၁ ဧက၊ နွေစပါး ၅၇၃ ဧက၊ နွားတက်မြောင်းရေဖြင့်ပတ္တာကျေးရွာအုပ်စု၌ နွေနှမ်း ၉၁ ဧက၊ နွေစပါး ၂၂၁ ဧက၊ ပြည်ပန်းကျေးရွာအုပ်စု၌ နွေနှမ်း ၂၃၉ ဧက၊ နွေစပါး ၁၈၅ ဧက၊ သမန္တလင်းကျေးရွာ အုပ်စု၌ နွေနှမ်း ၈၂၀ ဧက၊ မြင်းကဘက်ကျေးရွာအုပ်စု၌ ၃၇၉ ဧက၊ နွေစပါး ၄၀ ဧက၊ မုန့်ပေါင်းကျေးရွာအုပ်စု၌ နွေနှမ်း ၃၈၃ ဧက၊ ၂၀ ဧက၊ လက်ပံဇင်ကျေးရွာအုပ်စု၌ ၃၀၁ ဧက၊ နွေစပါး ၁၂ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
နွေနှမ်းနှင့်နွေစပါးသီးနှံများ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြေပြင်၊ ပျိုးထောင်၊ စိုက်ပျိုးရေးများ ပြည့်ဝစွာပေးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊မျိုး၊ပိုး တာဝန်ခံများမှလည်း သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
ရန်ကုန် မတ် ၈
ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းရှစ်သောင်းခန့် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။
ထိုသို့တင်ပို့ရာတွင် ပြည်ပပို့ကုန်ကုမ္ပဏီ ၅၆ ခုမှ ဆန်တန်ချိန် ၁၀၄၈၆၁ ဒသမ ၅ တန်နှင့် ဆန်ကွဲတန် ချိန် ၇၃၃၃၀ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့နိုင်ရန်လျာထားကြောင်း သိရ သည်။
ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ ဆန်တင်ပို့ရာ တွင် တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပိုလန်၊ မဒါဂတ်စကား နိုင်ငံတို့သို့ တန်ချိန်အများဆုံးတင်ပို့ခဲ့ပြီး စုစုပေါင်း နိုင်ငံ ၃၀ သို့ တင်ပို့ခဲ့ကြောင်း၊ ဆန်ကွဲကို တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နှင့် ဗြိတိန် နိုင်ငံတို့သို့ အများဆုံးတင်ပို့ခဲ့ကာ စုစုပေါင်း ၁၅ နိုင်ငံ သို့ တင်ပို့ခဲ့ကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်သို့ ပြည်တွင်းမှ ဆန်တင်ပို့ ရာတွင် ဧည့်မထ၊ ငစိန်အုပ်စုဝင်များဖြစ်သည့် ဆင်း သုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စသည့်ဆန်ကြမ်းများကို အဓိကတင်ပို့ကြောင်း သိရသည်။
MWD
အိမ်မဲ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ငှက်ပျောသီး အဖီးရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း အိမ်မဲမြို့နယ်၌ ငှက်ပျောသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရီရီဝင်း၏ပြောပြချက်အရ သိရသည်။
အိမ်မဲမြို့နယ်မှ ဒေသထွက်ငှက်ပျောသီးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ပြီးခဲ့သည့်ဇန်နဝါရီလတစ်လအတွင်း ငှက်ပျောသီး အဖီးရေ ၅၅၀၀၀၀ ခန့်သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်အထိ တစ်လအတွင်း ငှက်ပျောသီးအဖီးရေ ၈၅၀၀၀၀ ခန့်အထိတင်ပို့ ရောင်းချခဲ့ရကြောင်း၊ ထိုသို့တင်ပို့ရောင်းချခဲ့သည့် ငှက်ပျောသီးများတွင် ဖီးကြမ်း၊ ရခိုင်၊ သီးမွှေးနှင့် ဆင်စွယ်ငှက်ပျောများကို အများဆုံးတင်ပို့ရောင်းချ ခဲ့ရကြောင်း သိရသည်။
"ရန်ကုန်ဈေးကွက်ကို အိမ်မဲမြို့နယ်ကနေထွက်ရှိ တဲ့ ငှက်ပျောသီးတွေ တင်ပို့အားကောင်းနေပါတယ်။ ဒေသထွက်သီးနှံတွေကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ငှက်ပျောသီးကို ရေလမ်းကြောင်းအပြင် ကုန်တင် ယာဉ်တွေနဲ့လည်း တင်ပို့နေရပါတယ်။ ငှက်ပျောသီးတွေက ပြည်တွင်းမှာကို ဝယ်လိုအား များနေတာပါ။ ဖေဖော်ဝါရီလတစ်လအတွင်း ငှက်ပျောသီးအဖီးရေ အများအပြား တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ ငှက်ပျောသီးဈေးကလည်း အရင်ကထက်ကောင်း လာပါတယ်" ဟု ဒေါ်ရီရီဝင်းကပြောသည်။
အိမ်မဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်း ချခဲ့သည့် ငှက်ပျောသီးများမှာ အမျိုးအစားပေါ်မူတည် ၍ ဈေးနှုန်းအသီးသီးရှိကြောင်း သိရသည်။
MWD
ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးထားသည့် ဆောင်း ပဲမျိုးစုံသည် အောင်မြင်ဖြစ်ထွန်းပြီး ယခုအခါ ရိတ်သိမ်းမှုများ ဆောင်ရွက်နေပြီဖြစ်ကာ ၅၀ ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ကျောက်ဆည်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နို၀င်ဘာလနှင့် ဒီဇင်ဘာလအတွင်းက ကျောက်ဆည်ခရိုင် အတွင်းရှိ တောင်သူများသည် ဆောင်းပဲမျိုးစုံဖြစ်သည့် ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ ပဲယင်း၊ ပဲပုတ်၊ မတ်ပဲနှင့်အခြားပဲ စုစုပေါင်းစိုက်ဧက ၁၂၅၂၆၅ ဧကစိုက်ပျိုးခဲ့ကြသည်။
“တောင်သူတွေအနေနဲ့ ဆောင်းပဲမျိုးစုံ စိုက်ပျိုးကြပြီးတော့ ကုလားပဲတစ်ဧကကို (၁၅ ဒသမ ၃၃) တင်း ၊ ပဲတီစိမ်းတစ်ဧကကို (၁၆ ဒသမ ၄၀) တင်း၊ ပဲမျိုးစုံတစ်ဧကကို (၁၅ ဒသမ ၁၈) တင်း၊ ပဲကြီးတစ်ဧကကို(၁၂ ဒသမ ၈၃) တင်း၊ ပဲကြားတစ်ဧကကို (၁၃ ဒသမ ၈၀) နဲ့ ပဲယင်းတစ်ဧကကို (၁၂ ဒသမ ၉၃)တင်းလောက် အထွက်နှုန်း ရရှိကြတယ်”ဟု ကျောက်ဆည်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ညိမ်း ထွေးက ပြောကြားသည်။
ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံစိုက်ဧက (၅၈၃၇၅)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၂၂၂၄၃) ဧကနှင့် မြစ်သားမြို့နယ်တွင် (၄၄၆၄၇)ဧက စုစုပေါင်းခရိုင်အတွင်း စိုက်ဧက (၁၂၅၂၆၅) ဧကစိုက်ပျိုးခဲ့ပြီး ဒေသအတွင်းမှ ပဲစိုက်တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းကောင်းမွန်စေရေး အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
MWD
နေပြည်တော် မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့နယ် ဝေဠုဝန်ဘုန်းကြီးကျောင်း၌ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းကြီးကျောင်း၌ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပအိုဝ်းအမျိုးသားနေ့ပွဲတော် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားကာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပအိုဝ်းတိုင်းရင်းသား ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းမှူးကပင်လုံမြို့ ဝေဠုဝန် (ဝါးတောကျောင်း) ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပညာ ဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
moi
ဂျပန်နိုင်ငံ၊ အိုကာယာမမြို့ရှိ ဆိုင်ဒိုင်းဂျီ ကန်နွန် (Saidaiji Kannon) ဘုရားကျောင်းတွင် ကျင်းပခဲ့သည့် ယခုနှစ် “ဟာဒါကာ မဆူရီ” (Hadaka Matsuri) ပွဲတော်အတွင်း လူအုပ်ပိတ်မိတိုးဝှေ့မှုကြောင့် အမျိုးသား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ပြောကြား ခဲ့သည်။
ဂျပန်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာ အခြေအနေ စိုးရိမ် ရပြီး ည ၁၀ နာရီခန့်တွင် သတိလစ်သွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ထိခိုက်မှုများသည် ဘုရားကျောင်းဝန်းအတွင်း အဝတ်ဗလာနီးပါးဖြင့်ပါဝင်ဆင်နွှဲသူ ၁၀,၀၀၀ ကျော် တိုးဝှေ့နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဟာဒါကာ မဆူရီ” သို့မဟုတ် “ဆိုင်ဒိုင်းဂျီ အဲယို” (Saidaiji Eyo) ပွဲတော်သည် နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ရိုးရာဓလေ့ တစ်ခုဖြစ်သည်။ ၎င်းပွဲတော်တွင် အမျိုးသားများသည် ဆူမိုနပန်း သမား များ ဝတ်ဆင်လေ့ရှိသည့် “မာဝါရှီ” (Mawashi) ခေါ် ခါးဝတ်ပုဆိုး တစ်ထည်ကိုသာ ဝတ်ဆင်၍ “ရှင်ဂီ” (Shingi) ဟုခေါ်သော အထွတ် အမြတ်ထားသည့် သစ်သားချောင်းများကို အရယူရန် အလုအယက် ယှဉ်ပြိုင်ကြရသည်။ အဆိုပါ သစ်သားချောင်းကိုရရှိသူအား ထိုနှစ်၏ ကံအကောင်းဆုံးပုဂ္ဂိုလ် “ဖူကူအိုတိုကို” (Fukuotoko) အဖြစ် သတ်မှတ် ချီးမြှောက်ကြသည်။
အဆိုပါ အဓိကအခမ်းအနား မစတင်မီ ပါဝင်ဆင်နွှဲသူများသည် အလွန် အေးမြသောရေအေးဖြင့် မိမိကိုယ်ကို ဆေးကြောသန့်စင်ကြရသည်။ထို့နောက် ၎င်းတို့သည် ဒုတိယထပ်မှပစ်ချပေးမည့် “ရှင်ဂီ” (Shingi) သစ်သားချောင်းများကို စောင့်ဆိုင်းရန်အတွက် ဘုရားကျောင်းအတွင်း စုရုံးရောက်ရှိလာကြသည်။ မီးများအားလုံး ပိတ်လိုက်သည့်အချိန်တွင် နံ့သာရည်စိမ်ထားသော သစ်သားချောင်းများကို လူအုပ်ထဲသို့ပစ်ချလိုက် ပြီးနောက် ထောင်ပေါင်းများစွာသော လူအုပ်ကြီးမှာ ၎င်းတို့ကိုရှာဖွေရန် ရုန်းရင်းဆန်ခတ် အလုအယက်ကြိုးပမ်းကြတော့သည်။ သစ်သားချောင်း များတွင် စွဲကျန်နေသောရနံ့က ပြိုင်ပွဲဝင်များအတွက် အလွန် မှောင်မိုက် နေသည့် ကြားထဲမှ ရှာဖွေရာတွင် အထောက်အကူဖြစ်စေသည်။
ကျဉ်းမြောင်းသော နေရာလွတ်အတွင်း ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တွန်းတိုက်မှုများသည် ဘေးအန္တရာယ်ဖြစ်ပွားရန် အလွန်နီးစပ် စေပါသည်။ ၂၀၀၇ ခုနှစ်ကလည်း ပါဝင်ဆင်နွှဲသူတစ်ဦး လူအုပ်အတွင်း နင်းမိရာမှ သေဆုံးခဲ့ဖူးသည်။ အဆိုပါပွဲတော်ကို အရေးကြီးသော ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဓလေ့တစ်ခုအဖြစ် သတ်မှတ်ထား သော်လည်း ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် ဒဏ်ရာရရှိမှုများကြောင့် ပျော်ပွဲရွှင်ပွဲမှသည် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များသို့ ကူးပြောင်းမသွား စေရန် လူအုပ်ထိန်းချုပ်မှုနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ အပေါ် စိုးရိမ်ပူပန်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
ဟားခါး ဖေဖော်ဝါရီ ၂၀
(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ခရိုင်စုပေါင်း ရုံးဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်ရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားမုခ်ဦးကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်နှင့် ဒေါက်တာချာလီသန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံကို အလေးပြုပြီး သဘာပတိအဖွဲ့ဝင်များက နေရာယူကြကာ သဘာပတိအဖွဲ့ခေါင်းဆောင် မတူပီမြို့နယ် ကိုယ်စားလှယ် ဒေါ်ဖွာဒေါက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီစည်သူ ရာပြည့်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆုရရှိသူများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမဆင့်) ရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယဆင့်)ရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဦးအေးထွန်း ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူတစ်ဦးနှင့် (ဒုတိယဆင့်)ရရှိသူနှစ်ဦးကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု(တတိယဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းကလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့အတွက် ပေးအပ်သော DTH စလောင်းအစုံ ၆၀ နှင့် DVB T-2 Settop Box အလုံး ၄၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်နယ်လူမှုရေးရာဝန်ကြီးထံပေးအပ်ပြီး သဘာပတိအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကာ အခမ်းအနားကို ခေတ္တရပ်နားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တာဝန်ရှိသူများက ခရိုင်စုပေါင်းရုံးဝင်းအတွင်းရှိ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် MSME ပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ချင်းရိုးရာအကအဖွဲ့များ၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဟားခါးမြို့ သာသနာ့ရက္ခိတတပ်ဦးကျောင်း သို့ရောက်ရှိကြရာ ဟားခါးမြို့နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကလေးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
moi
ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား
ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် “ချင်းအမျိုးသားနေ့” နေ့ထူးနေ့မြတ် အခါသမယ၌ ချင်းတိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူ အားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စိတ်တူကိုယ်တူ စည်းလုံးညီညွတ်စွာ အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြရသောကြောင့် ကမ္ဘာ့အလယ်တွင် ခန့်ညားထည်ဝါသိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့ပါသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ် တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးရပြီး နိုင်ငံတော် တည်ဆောက်ချိန်များတွင်လည်း ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ လက်တွဲပါဝင်ခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရစဉ်က ချင်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့နှင့် ချင်းတိုင်းရင်းသားများသည် အခြားသော တိုင်းရင်းသားပြည်သူတို့နှင့်အတူ နယ်ချဲ့တို့ကို ရဲဝံ့စွန့်စားစွာ ခုခံတော်လှန်ခဲ့ကြပါသည်။
ထို့ပြင် လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလက ဦးထောင်ဇခုပ်၊ နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်) ဦးကီးယိုမန်း၊ ဝဏ္ဏကျော်ထင် ဦးလှူရ်မှုန်၊ သီရိပျံချီ ဦးထောင်ကျင်းထန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) သတိုးမဟာသရေစည်သူ ဦးဝမ္မသူးမောင်၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်)သီရိပျံချီ ဦးထပ်လိုင်းတို့သည်လည်းကောင်း၊ လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီး ဟရန်ထီးယို၊ ဒုတိယဗိုလ်မှူးကြီး လျန်ကျင့်ဇမ်း၊ ဗိုလ်ကြီးသူရ၊ အောင်ဆန်းသူရိယ တိုက်ချွန်း၊ ဗိုလ်မှူးကြီး ဇေယျကျော်ထင် ဗန်ကူး၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ဗိုလ်ချုပ်ထောင်ဇာခိုင်တို့နှင့်အတူ ချင်းတိုင်းရင်းသားများက နိုင်ငံတော်အတွက် ကျရာတာဝန်အသီးသီးကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ ပါသည်။
ထိုသို့ နိုင်ငံတော်နှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော နိုင်ငံတော်နှင့်တပ်မတော်အတွက် ထာဝရဂုဏ်ယူ လေးစားနေရသည့် ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများစွာ သမိုင်းတွင် မော်ကွန်းတင်ကျန်ရစ်ခဲ့ကြသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများအတွက် ဂုဏ်ယူလေးစားဖွယ် ဂုဏ်ဒြပ်များပင် ဖြစ်ပါသည်။
လွတ်လပ်ရေးရပြီးခါစ ၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒေသန္တရ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ပေးနိုင်ခဲ့သော ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ချင်းအမျိုးသားနေ့”အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြပြီး အခမ်းအနားများနှစ်စဉ်ဂုဏ်ယူစွာ ကျင်းပခဲ့သည်မှာ (၇၈)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ယနေ့အချိန်တွင် ချင်းပြည်နယ်၏ နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည် လာခဲ့သည့် သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီး လျက်ရှိကြသည့် ပြည်တွင်းပြည်ပအဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။
ယခု ကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ်ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကိုအမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်း ဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့်အာဏာချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်များကြောင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများ၏ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်ပါသည်။ ပျက်စီးဆုံးရှုံးမှု မှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုးမှုအရှိန် အဟုန်ရရှိနေသည့်အခြေအနေတွင် ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူတည်ဆောက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိပါ သည်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများကို ဖြစ်ပေါ် စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရေး ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူများမှ အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာပါက နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတိုးတက်ကောင်းမွန်လာမည်ဖြစ်ရာ ပြည်သူ များ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် စီးပွားရေးဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများကိုလည်း ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ပစ္စည်းများကိုအခြေခံ၍ အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြင့် အရည်အသွေးပြည့်မီသော MSME ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်ကြပြီး ဒေသတွင်းစားသုံးမှု ဖူလုံရေး၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအထိပါ ကြိုးစားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါသည်။ လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် ကုန်ထုတ်သွင်းအားစုတို့ကိုလည်း နိုင်ငံတော်မှ ပံ့ပိုးပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း အားပေးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
နိုင်ငံတော်မှ ရည်မှန်းတည်ဆောက်နေသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ အားလုံးကျန်းမာကြံ့ခိုင်ပြီး အသိပညာ၊ အတတ်ပညာ ပြည့်စုံကြရန် လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အသိပညာ၊ အတတ်ပညာရှိသူများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်သဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်သည်အထိ ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ KG+9 ပြီးမြောက် အောင်မြင်သူများ အသက်မွေးဝမ်းကျောင်းမှုပညာများ သင်ယူနိုင်ရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိပြီး လူသားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။
အခြေခံပညာနှင့် အဆင့်မြင့်ပညာများကို ဒေသအလိုက် လက်လှမ်းတမီသင်ယူနိုင်ရေး ကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ကျောင်းနေအရွယ်လူငယ်တိုင်း ကျောင်းနေရေး၊ အချိန်မတိုင်မီ ကျောင်းထွက်မှုမရှိစေရေး၊ ပညာရေးကို ဆုံးခန်းတိုင်သင်ယူပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ပါရဂူများဖြစ်အောင် သင်ကြားသင်ယူ မွေးထုတ်ပေးနိုင်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။ လူသား အားလုံးအတွက် ပညာရေးနည်းတူ ကျန်းမာရေးသည်လည်း အဓိကကျသဖြင့် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှု၊ အသိပညာပေးမှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ လူတိုင်းအသက်ရှည်ကျန်းမာအောင် ကိုယ်တိုင်ကျင့်ကြံနေထိုင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူခဲ့ရပါသည်။ ထိုသို့ စတင်တာဝန်ယူချိန်မှစ၍ ပြည်ထောင်စုတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့် ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပပေးခဲ့ပြီး ဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်အစည်းအဝေးများကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ပေါ်ထွက်လာမည့်အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အပြည့်အဝအကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။ ချင်းတိုင်းရင်းသားများအနေဖြင့် သမိုင်းစဉ်ဆက် ရှိရင်းစွဲဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်၍ ချင်းပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
နေပြည်တော် ဖေဖော်ဝါရီ ၁၄
(၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်ကြီးများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာ - တရုတ် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့နာယကနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့အား ခြင်္သေ့ရှစ်ကောင်က မင်္ဂလာဂါရဝပြုကြိုဆိုကြပြီး တရုတ်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်ပဝါများဖြင့် ဂါရဝပြုသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က နှစ်သစ်ကူးပွဲတော်အခမ်းအနားကို မင်္ဂလာမောင်းအား ၃ ကြိမ်တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေး သည်။
ယင်းနောက် မြန်မာပြည် တရုတ်ဗုဒ္ဓဘာသာရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌ၊ ကွမ်ရင်စီကျောင်းတိုက်ဆရာတော်နှင့် ဘုန်းတော်ကြီးများက တရုတ်-မြန်မာ နှစ်ဘာသာဖြင့် နှစ်သစ်ကူး ဆုတောင်းစကား ဆုတောင်းမေတ္တာများ ပို့သကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က ကွမ်ရင်ကျောင်းဆရာတော်ထံ သစ်သီးခြင်းအား ဆက်ကပ်လှူဒါန်းရာ ဆရာတော်က ဘာသာရေးဆိုင်ရာ နှစ်သစ်ကူးအမှတ်တရ မင်္ဂလာလက်ဆောင်ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ရှိ တရုတ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် တရုတ်အသင်းအဖွဲ့များ၊ မြန်မာ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP) မှ ကိုယ်စားလှယ်များက ရိုးရာလက်ဆောင်မွန်များ ဂါရဝပြုပေးအပ်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် ဖျော်ဖြေရေးအဖွဲ့များ၏ တစ်ဖွဲ့ချင်းစီအလိုက် ဂါရဝပြုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် တရုတ်အသင်းအဖွဲ့များနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများသည် ခြင်္သေ့ထိုင်အက၊ တရုတ်ရိုးရာ ကြက်တောင်ရိုက်ခြင်းနှင့် မြန်မာ့ရိုးရာတစ်ပင်တိုင် ခြင်းလုံးခတ်သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များသည် တရုတ်ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ လက်မှုပညာပြခန်းများ၊ တိုင်းရင်းဆေးဝါးပြခန်းများ၊ တရုတ်ရိုးရာအစားအစာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြရာ ပြခန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ဂုဏ်ပြုဆေးခြယ်သပေး
ယင်းနောက် မြင်းနှစ်တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ရိုးရာ ခြင်္သေ့အရုပ်အား ဆေးခြယ်အသက်သွင်းခြင်း မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က တရုတ်ရိုးရာခြင်္သေ့ အရုပ်အား တရုတ်ထုံးတမ်းစဉ်လာများနှင့်အညီ ဂုဏ်ပြုဆေးခြယ်သပေးသည်။ ယင်းနောက် တရုတ် ရိုးရာခြင်္သေ့အကအဖွဲ့က ဂါရဝပြုကပြကြရာ နှစ်သစ်ကူးလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက တရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကားပြောကြားရာတွင် တရုတ်နိုင်ငံ၏ လွန်ခဲ့သောနှစ် ပေါင်း ၅၀၀၀ ကျော်ကတည်းက တည်ရှိခဲ့သည့် ယဉ်ကျေးမှုသမိုင်းတွင် တရုတ်ရိုးရာ ရာသီခွင် ၁၂ပါး ရှိပြီး ယခု ၂၀၂၆ ခုနှစ်သည် မြင်းနှစ်ဖြစ်သည်ကို သိရှိရကြောင်း၊ မြင်းနှစ်၏အဓိပ္ပာယ်သည် လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်နှင့် စွမ်းအားအပြည့် ဆောင်ရွက်နိုင်ခြင်း၊ စိန်ခေါ်မှုများကို ဉာဏ်ပညာ၊ ကျွမ်းကျင်မှုများနှင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်ခြင်းဆိုသည့် ကောင်းမွန်သော အဓိပ္ပာယ်များရှိသည်ဟု မှတ်သားရပါကြောင်း၊ ထို့ကြောင့် ယခုနှစ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့်သာမက မြန်မာနှင့် တရုတ်နိုင်ငံနှစ်ခုလုံး၏ ပြည်သူလူထုအကျိုးစီးပွားအတွက် ယခုထက်ပိုမိုပြီးတိုးတက်မှု၊ အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ထူးခြားသည့် ၂၀၂၆ ခုနှစ် အတွင်းတွင် မြန်မာ-တရုတ်နှစ် နိုင်ငံအကြား မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းပီပီ စိတ်ကောင်းစေတနာအပြည့်နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်နှင့် တိုးချဲ့သွားနိုင်မည်ဟုလည်း အပြည့်အဝယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် ရေမြေတောတောင်ချင်း ထိစပ်နေသည့် ရွေးချယ်စရာမရှိသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြားတွင်လည်း အေဒီ ၉၀၀ ကျော် ပျူခေတ်ကာလကတည်းက ရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်ဆံခဲ့ကြခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှုသည် ယခုအခါ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုသို့ သမိုင်းကြောင်းကြာမြင့်ပြီဖြစ်သည့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေမှုများကြောင့် နှစ်နိုင်ငံအကြား နားလည်မှု၊ ယုံကြည်မှုများကို တိုးမြှင့်ပြီး “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးကို အခိုင်အမာထူထောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း။
ကဏ္ဍစုံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်
“ဆွေမျိုးပေါက်ဖော်” ညီအစ်ကိုရင်းချာစိတ်ဓာတ်ကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်လျက်ရှိသကဲ့သို့ ၂၀၁၁ ခုနှစ်တွင် “ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး” အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း”ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုကို အခြေခံပြီး ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်း အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေးရထားလမ်းသည် ကျောက်ဖြူ - ကူမင်းမီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်းမီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းကောင်းများဖြစ်ကြောင်း။
နှစ်နိုင်ငံလုံးအတွက် များစွာအကျိုးဖြစ်ထွန်း
ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံက အလေးထားပါကြောင်း၊
လမ်းပန်းဆက်သွယ်မှုအနေဖြင့် လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်ပါက နှစ်နိုင်ငံလုံးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ယနေ့ထက်တိုင် လက်ခံကျင့်သုံးနေသကဲ့သို့ စစ်မှန်သော မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကူညီပေးခဲ့မှု၊ မန္တလေးငလျင်အတွက် အစောဆုံးအကူအညီစေလွှတ်ခဲ့မှုတို့အပေါ် အစဉ်အမှတ်ရပါကြောင်းနှင့် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်မှုအပေါ်များစွာကျေးဇူးတင်ရှိကြောင်း၊ ဒေသတွင်းတွင်သာမက နိုင်ငံတကာအသိုက် အဝန်းများတွင် စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထားကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်တွင် ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်များ ဦးဆောင်ပြီး လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပနိုင်တော့မည်ဖြစ်ကြောင်း၊ လွှတ်တော်မှတစ်ဆင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့တစ်ရပ်သည်လည်း လာမည့်ဧပြီလဆန်းပိုင်းတွင် ပေါ်ပေါက်လာတော့မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ယခုထက်ပိုသည့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း။
တရုတ်ရိုးရာ ရာသီခွင်များထဲက “ မြင်း ” ဆိုသည်မှာ အောင်မြင်မှု၊ ကံကောင်းခြင်းနှင့်လည်း ဆက်စပ်နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက် ကို အခြေခံသည့် အိမ်နီးချင်းချစ်ကြည်ရေး ထာဝရတည်တံ့စေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရန်နှင့် ယနေ့ကြွရောက်လာသည့် ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကျန်းမာရွှင်လန်းပြီး အောင်မြင်ခြင်း၊ ကံကောင်းခြင်းများ ပိုင်ဆိုင်ကာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်လက်ဆောင်များကို အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက နှစ်သစ်ဆုတောင်းစကား ပြောကြားရာတွင် ယနေ့ညတွင် ကျင်းပပြုလုပ် သော မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၏ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ပြီး အတူတကွ မြင်းနှစ်သစ်ကို ကြိုဆိုခွင့်ရခြင်း အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တရုတ်နှစ်သစ်ကူး ပွဲတော်သည် မိသားစုစည်းလုံး စုစည်းခြင်း စိတ်ခံစားမှု၊ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုခြင်း တောင်းဆုမွန်များဖြင့် နှစ်သစ်၏အနှစ်သာရ ပေါ်လွင်နေပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတဖြစ်စွာ ဆက်ဆံပြုမူခြင်းတို့ကိုလည်း ထင်ဟပ်စေပါကြောင်း၊ ဤအချက်များသည် အရှေ့တိုင်း၏တူညီသော တန်ဖိုးထားမှုများ ဖြစ်ပါကြောင်း။
၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်ရိုးရာလပြက္ခဒိန် နှစ်သစ်ကူးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊ ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့နှင့် နီးနေသဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်းသည် ဤပွဲတော်နှစ်ခုလုံး၏ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်းနှင့် စည်းလုံးခြင်းစိတ်ဓာတ်ကို ထင်ရှားစေပါကြောင်း။
၂၀၂၅ ခုနှစ်သည် တရုတ်-မြန်မာဆက်ဆံရေးအတွက် အရေးပါသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် အဆင့်သစ်တစ်ခုသို့ တက်လှမ်းခဲ့ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစာလွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကာ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်ခြင်းကို အခွင့်အခါကောင်းယူ၍ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာတူညီရေး တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မှုနှင့် အင်အားကို ပေါ်လွင်စေခဲ့ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ်များ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခဲ့ကြောင်း၊ နှစ်နိုင်ငံလူထုအကြား ယဉ်ကျေးမှုဖလှယ်ရေးတွင် လည်းစုံလင်လှကြောင်း၊ ကျဲ့ကျန်းအော်ပရာအဖွဲ့နှင့် တရုတ်ရုပ်ရှင်ရက်သတ္တပတ်တို့သည် မြန်မာပြည်သူများကို တရုတ်နိုင်ငံအား လက်တွေ့ကျကျ ရုပ်လုံးကြွစွာ ခံစားသိရှိစေခဲ့ပါကြောင်း၊ ယမန် နှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသွားဧည့်သည် ဦးရေသည် ၂၅၀၀၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ခရီးသွားအရင်းအမြစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့ကြောင်း၊ တရုတ်-မြန်မာအစိုးရအရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ အနုပညာရှင်များ၊ လူငယ်နှင့် အားကစားသမားများ အပြန်အလှန်လေ့လာရေးခရီးစဉ်များသည် ပြည်သူနှစ်ရပ်အကြား နားလည်မှုနှင့် ချစ်ကြည်မှုတိုးပွားစေခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း နှစ်နိုင်ငံ၏ “ပေါက်ဖော်ချစ်ကြည်ရေး” ဆက်ဆံရေးသည် ပိုမိုမြင့်မားလာခဲ့ပြီး ၂၀၂၅ ခုနှစ် မတ် လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့ သည့် မြေငလျင်အပြီး အသက်ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ခြင်းများသည် ကြီးမားသောမေတ္တာတရားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရမှ လူအား၊ ပစ္စည်းအားနှင့် ငွေကြေးထောက်ပံ့မှုများ ပေးအပ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းကလည်း အမြန်ဆုံးတုံ့ပြန်ကာ အလှူငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ကြကြောင်း၊ မြန်မာပြည်ဖွား တရုတ်လူငယ်စေတနာ့ဝန်ထမ်းများသည် သဘာဝဘေးဒဏ်အခြေအနေ အချက်အလက်များ စုဆောင်းပေးခြင်း၊ ထိခိုက်ဒဏ်ရာရသူများကို ကူညီပြောင်းရွှေ့ပေးခြင်းနှင့် လိုအပ်သော အထောက်အပံ့များ ပေးအပ်ခြင်းတို့ဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း၊ ဤကဲ့သို့ တစ်ဦးဒုက္ခရောက်လျှင် အားလုံးဝိုင်းဝန်းကူညီခြင်းသည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားခြင်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာတူ အသိုက်အဝန်း၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်စေ ပါကြောင်း။
၂၀၂၆ ခုနှစ်သည် တက်ကြွမှုနှင့် အားမာန်အပြည့်ရှိသော မြင်းနှစ်သစ်ကို မိမိတို့ကြိုဆို ဂုဏ်ပြုကြမည့်နှစ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ခရီးစဉ်သစ်တစ်ခုကို စတင်တော့မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသော အရေးကြီးသောအချက်အလက်များကို မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲခိုင်မာစေကာ နှစ်နိုင်ငံကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးဆက်ဆံမှု သမိုင်းသစ်ကိုလည်း အတူတကွရေးဖွဲ့သွားမည်ဖြစ်ကြောင်း၊ မြင်းသည် ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လကို ကိုယ်စားပြုသည့် သင်္ကေတဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံတွင် ရာစုနှစ်ချီ၍ အခြေချနေထိုင်ကာ ဝီရိယရှိရှိ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော မြန်မာပြည်ဖွား တရုတ်ညီအစ်ကိုမောင်နှမများ၏ စိတ်ဓာတ်နှင့် အလွန်ကိုက်ညီလှကြောင်း၊ မြင်းနှစ်၏ ရဲရင့်အားမာန်ကို အသုံးချကာ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံလူထု အကြား စိတ်ချင်းနီးစပ်မှု ပိုမိုတိုးပွားစေရန်၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ခေတ်သစ်တွင် ရောင်ခြည်အသစ်ဖြင့် ထွန်းလင်းတောက်ပစေရန် မြန်မာပြည်ဖွား တရုတ်ညီအစ်ကိုမောင်နှမအားလုံးက တရုတ် - မြန်မာအကြား တံတား၊ ယဉ်ကျေးမှုသံတမန်များအဖြစ် ဆက်လက် ဆောင်ရွက်ကြပါရန် မျှော်လင့်ပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံစလုံး ထွန်းကားတိုးတက်ပါစေ၊ နိုင်ငံနှင့် ပြည်သူအေးချမ်းသာယာပါစေ၊ အားလုံးဆန္ဒတိုင်းပြည့်ဝပြီး ကောင်းခြင်းမင်္ဂလာ ခံစားရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ သုံးဆောင်နေစဉ်အတွင်း တရုတ်နိုင်ငံမှ လာရောက်ဖျော်ဖြေသည့် ချုံချင့်ရိုးရာအကအဖွဲ့၊ ဓိရာမိုရ် (ဂီတကဗျာ) အကအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များက အဆိုအကများ၊ တေးသရုပ်ဖော်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တရုတ်ယဉ်ကျေးမှုအဖွဲ့များက တရုတ်ရိုးရာတေးသီချင်းများ၊ တူရိယာများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေခြင်းများ၊ ပြင်ပအနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များကို အမှတ်တရလက်ဆောင်ပန်းခြင်းများ ပေးအပ်ကြသည်။
ဆက်လက်၍ မြန်မာအနုပညာရှင်များနှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များသည် တရုတ်- မြန်မာချစ်ကြည်ရေး Theme Song ဖြစ်သည့် “ပန်းတိုင်းပွင့်စေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOI
နေပြည်တော် ဖေဖော်ဝါရီ ၁၂
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် တိုင်းရင်းသားရိုးရာအစားအစာများရောင်းချပွဲတော်ကို ယနေ့နံနက်ပိုင်းက ရေဆင်းတက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဖိတ်ကြားထားသူများ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာပဒေသာကပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိပြီး နောင်လာမည့် ဆင့်ကဲမျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေပေးရန် တာဝန်ရှိကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များ တည်ရှိသည့် ရေဆင်းတက္ကသိုလ်များနယ်မြေသည် ပြည်ထောင်စုသားလူငယ်များ စနစ်တကျ စည်းလုံးညီညွတ်ပြီး အေးချမ်းစွာ ပညာရင်နို့ သောက်စို့ခွင့်ရသည့် ရိပ်မြုံကြီးတစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အေးချမ်းစွာ ပညာသင်ကြားခွင့်ရသည့် ကျောင်းတော်ကြီး မယိမ်းမယိုင်ပဲ ဆက်လက်တည်မြဲနိုင်ရန်အတွက် ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံတော်က ခေတ်အဆက်ဆက်တွင် ယခုတက္ကသိုလ်သုံးခုကို အားထားခဲ့ကြပြီး နိုင်ငံတော်အတွင်း မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုအရင်းအမြစ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအတွက် အစဉ်အမြဲ အကျိုးပြုနိုင်မည့် တက္ကသိုလ်များဖြစ်အောင် တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအားလုံးက အမြဲစောင့်ရှောက်ကြရန်လိုကြောင်း၊ ပြည်ထောင်စုတစ်ဝန်း မိမိတို့နေထိုင်ရာအရပ်ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ ဒေသ၏လူငယ်လူရွယ်များအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကိန်းအောင်းလာစေရန်နှင့် ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာတရားများကို အပြန်အလှန်လေးစားတန်ဖိုးထား၍ တိုင်းရင်းသားလူမျိုးများ၏ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာပြီး နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သူများဖြစ်အောင် ကျောင်းသား ကျောင်းသူများအနေဖြင့် လက်ဆင့်ကမ်းပြောကြားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာအကများဖြင့် တင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး စျေးရောင်းပွဲတော်ရှိ တက္ကသိုလ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီများ၏ တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် တိုင်းရင်းသားရိုးရာအစားအစာများရောင်းချပွဲတော်ကို တက္ကသိုလ်များနယ်မြေ (ရေဆင်း) ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
moi
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှစ၍ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ MSME ထုတ်ကုန်များကို အမျိုးအစားစုံလင်စွာ ပြသရောင်းချလျက်ရှိရာ ထိုသို့ လာရောက်ပြသရောင်းချကြသည့် MSME လုပ်ငန်းရှင်များ၊ ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
ဦးတင်လှ
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့
ကျွန်တော်တို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ထုတ်ကုန်ပြခန်းမှာ ပြည်နယ်ရဲ့ ကုန်ထုတ်လုပ်ငန်းရှင် ၂၇ ဦးရဲ့ ထုတ်ကုန်ပစ္စည်းအမယ် ၈၅ မျိုး၊ အမျိုးအစား ၁၇၇ မျိုး ပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်က ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့အတွက် ငါးသယံဇာတတွေ အင်မတန်ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြခန်းမှာဆိုရင် ကျောက်ငါး၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ကဏန်းအရှင်တွေကို ပြည်နယ်ထွက်ကုန်အနေနဲ့ ထည့်သွင်းပြသမှာဖြစ်ပါ တယ်။ ပြီးတော့ ပြည်နယ်ကထွက်ရှိတဲ့ ငါးတွေကို စားသုံးသူပြည်သူများ သက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်အောင် ရောင်းချပေးသွားမယ့် အစီအစဉ်လည်းရှိပါတယ်။
အခုလို လာရောက်ရောင်းချတဲ့အတွက် MSME လုပ်ငန်းရှင်တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက MSME လုပ်ငန်းရှင်တွေနဲ့အချင်းချင်းတွေ့ဆုံပြီး ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ဖို့အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ချိတ်ဆက်ရောင်းချနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှုတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ လည်းရရှိမယ်၊ ဒေသအကျိုး၊ လုပ်ငန်းရှင်အကျိုးကနေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ များစွာအထောက်အကူပြုတဲ့ ပြပွဲတစ်ခုဖြစ်ပါတယ်။ ပြီးတော့ လာရောက်ပါဝင်ပြသရောင်းချချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ချိတ် ဆက်နိုင်မှု၊ ဝယ်ယူသူဖောက်သည်အသစ် တွေရရှိနိုင်မှုနဲ့ လုပ်ငန်းစီးပွားချိတ်ဆက်နိုင်မှုစတဲ့ အကျိုးကျေးဇူးတွေအများကြီး ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်နယ်က လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း စိတ်အား ထက်သန်ကြတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်ကြည့်ရှုသူတွေနဲ့ ဝယ်ယူသူတွေကို စိတ်ကျေနပ်မှုရှိအောင် ခင်းကျင်းပြသရောင်းချသွားမှာဖြစ်တဲ့အပြင် ကုန်ထုတ်ပစ္စည်းတွေရဲ့ အရည် အသွေး၊ ထုပ်ပိုးမှုကအစစနစ်တကျ ကောင်းမွန်အောင် စီမံဆောင်ရွက်ထားရှိပါတယ်။ ရခိုင်တိုင်းရင်းသား ရိုးရာအစားအစာဆိုင်ခန်းမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစာတွေကို ရောင်းချပေးနေပါတယ်။ ရခိုင်မုန့်တီကို အရင်နှစ်နဲ့မတူဘဲ ပိုမိုကောင်းမွန်တဲ့၊ တစ်မူထူးခြားတဲ့ လက်ရာနဲ့ရောင်းချသွားမှာဖြစ်လို့ လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ရေကြက်သုပ်၊ ရေဘဝဲသုပ်၊ ရေခူသုပ် စတဲ့ပင်လယ်စာအစားအစာတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ရောင်းချ သွားမှာဖြစ်ပါတယ်။
ဦးတင်ဦး
စီးပွားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူးတိုင်းဒေသကြီး MSME ပြခန်းမှာ သွင်းကုန်အစားထိုး အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာပစ္စည်း ၃၆ မျိုး ခင်းကျင်းပြသထားပါတယ်၊၊ ထို့အတူ MSME ရဲ့ စားသောက်ကုန်၊ ထုတ်ကုန်ပြခန်းမှာလည်း ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်တွေ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး အခြေခံကုန်ကြမ်းတွေကထွက်ရှိတဲ့ ထုတ်ကုန်တွေ၊ ပြည်ပပို့ကုန်တွေ၊ OROP ထုတ်ကုန်တွေ စုစုပေါင်းကဏ္ဍအလိုက် အမယ်ပေါင်း ၃၃၆ မျိုးကို ခင်းကျင်းပြသထားပါတယ်၊၊ ပြီးတော့ဒေသကထွက်ရှိတဲ့ ကြက်ဥ၊ ဘဲဥတွေကို သက်သာသော ဈေးနှုန်းနဲ့ ပြခန်းမှာ နေ့စဉ် နံနက် ၆ နာရီကနေ ည ၁၀ နာရီအထိ ခင်းကျင်းရောင်းချပေးလျက်ရှိပါတယ်၊၊ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်၊၊
ပြီးတော့ ကျွန်တော်တို့ တိုင်းဒေသ ကြီးရဲ့ ပြခန်းမှာပါဝင်ပြသတဲ့ ဒေသအတွင်းက လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ အားတက်သရောနဲ့ သူတို့ရဲ့ထုတ်ကုန်တွေ တီထွင်ကြံဆမှုတွေကို လာရောက်လေ့လာတဲ့သူတွေဆီ မျှဝေသွားမယ်။ အခုဒီပြပွဲဖွင့်ပွဲမှာ ကျွန်တော်တို့ဆီကထွက်ရှိတဲ့ ထုတ်ကုန်တွေကို ဒေသအသီးသီးက အမှာစာတွေအများကြီး လက်ခံရရှိပါတယ်၊၊
MSME လုပ်ငန်းတွေအတွက် အဓိကလိုအပ်ချက်က ဈေးကွက်ဖြစ်ပြီးရရှိပြီးသား ဈေးကွက်ခိုင်မာရေး၊ ဈေးကွက် တိုးချဲ့ရေး ပြည်တွင်းဈေးကွက်ကနေ ပြည်ပဈေးကွက်ကို တက်လှမ်းနိုင်ရေး ကြိုးစားနေကြတာပါ။ ကျွန်တော်တို့ တိုင်းဒေသကြီးက လုပ်ငန်းရှင်တွေဟာ အခုပြပွဲကနေတစ်ဆင့် ပြည်ပဈေးကွက်တွေအထိ သက်ဆိုင်ရာ စီးပွားရေးသံမှူး တွေနဲ့ ထိုးဖောက်နိုင်ပြီဖြစ်ပါတယ်၊၊ ဒါတွေဟာ MSME ပြပွဲပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အကျိုးရလဒ်တွေပဲဖြစ်ပါတယ်၊၊
ဦးထွန်းဝင်း
မန်နေဂျင်းဒါရိုက်တာ၊ MANDALAY BEVERAGES ENTERPRISE Co.,Ltd.
ပြည်ပကတင်သွင်းတဲ့ ဓာတ်ဆီနဲ့ပြည်တွင်းကထွက်ရှိတဲ့ ဓာတ်ဆီကို ပြည်တွင်းကထွက်ရှိတဲ့ ရေမဲ့အီသနောနဲ့ရောစပ်ပြီး Ron 73 အဆင့်ရှိတဲ့ စက်သုံးဆီကို ထုတ်လုပ်ထားပါတယ်။ သကြားထုတ်လုပ်မှုရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ တင်လဲရည်ကနေ အီသနောကိုချက်လုပ်ပါတယ်။ ကျွန်တော်တို့က အီသနောရဲ့ ဘေးထွက်ပစ္စည်းကနေ Organic Fertilizer ထုတ်လုပ်တဲ့ စက်ရုံကိုလည်းတည်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကပြည်ပကနေ စက်သုံးဆီတင်သွင်းမှုလျှော့ချနိုင်ပြီး နိုင်ငံခြားငွေကုန်ကျမှု သက်သာစေဖို့၊ လူသားတွေရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်စေမယ့် အခိုးအငွေ့ထုတ်လွှတ်မှု လျော့ကျစေဖို့၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုအစား ဇီဝလောင်စာအသုံးပြုမှုကို ပြောင်းနိုင်ဖို့ဆိုပြီးဖြစ်ပါတယ်။
အားသာချက်တွေကတော့ သဘာဝပတ်ဝန်းကျင်အတွက်ကောင်းမွန်ပြီး ဇီဝလောင်စာဖြစ်တဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုမှာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပါတယ်။ ဓာတ်ဆီနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကုန်ကျစရိတ်သက်သာစေပါတယ်။ ကားအင်ဂျင်မောင်းနှင်မှုအားလည်း ကောင်းမွန်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အတွက် ပစ္စည်းပြတ်လပ်မှုလည်း နည်းပါးစေပါတယ်။ ရေမဲ့အီသနောကို ဓာတ်ဆီနဲ့ ရောနှောသုံး စွဲခြင်းဖြင့် နိုင်ငံရဲ့နှစ်စဉ်စက်သုံးဆီ ကဏ္ဍလိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ရေနံချက်စက်ရုံတွေကထွက်ရှိတဲ့ ဓာတ်ဆီတွေကိုလည်း ရေမဲ့အီသနောနဲ့ရောစပ်ပြီး ဇီဝလောင်စာအဖြစ် အသုံးပြုမယ်ဆိုရင် Fossil Fuel အသုံးပြုမှုနဲ့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုတို့ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ရေနံစိမ်းအပေါ် မှီခိုအားထားနေမှုကို လျှော့ချနိုင်ပြီး ရေမဲ့အီသနောကို အစားထိုးလောင်စာအဖြစ် အသုံးပြုနိုင်ပါတယ်။ မကြာမီမှာ ဈေးကွက်ထဲလည်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီ MSME ပြပွဲနဲ့ ဈေးရောင်းပွဲတော်လာ ပြည်သူတွေကို ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်လည်ပတ်ဖို့လည်း ဖိတ်ခေါ်ပါတယ်။
ဦးမြင့်ဝင်း
Manufacturing Director၊ Super Seven Stars Industrial Development Co., Ltd.
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ဆိုလာစွမ်းအင်၊ Industry Development၊ EV ပြခန်းနဲ့ မွေးမြူရေးနဲ့ပတ်သက်တာတွေကို ပြသထားပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားကြတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ အင်အားဖြည့်တင်းပေးတဲ့အနေနဲ့ရော MSME လုပ်ငန်းရှင်တွေအတွက် ဒီနှစ်မှာ ထူးခြားမှုအနေနဲ့ မွေးမြူရေးကဏ္ဍကို ဦးစားပေးပြသထားပါတယ်။ EV အပိုင်းလည်း ပြသထားတယ်။ ဆိုလာစွမ်းအင်အပိုင်းလည်းပါပါတယ်။
MSME လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ ထုတ်ဖို့ဆိုရင် ခေတ်မီနည်းပညာတွေကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီပြပွဲကနေ ခေတ်မီနည်းပညာတွေကို လေ့လာသိရှိနိုင်အောင် တစ်နှစ်ပြီး တစ်နှစ် ဆန်းသစ်လာတဲ့နည်းပညာတွေ ထောက်ပြကူညီတဲ့နေရာကနေ ပါဝင်ပါတယ်။ အခုလိုပြပွဲမှာ MSME လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်ထဲမှာ နည်းပညာနဲ့ပတ်သက်တဲ့၊ ထုတ်လုပ်မှုအပိုင်းနဲ့ပတ်သက်တဲ့ အခက်အခဲရှိရင် ကျွန်တော်တို့ဆီကို လာရောက်လေ့လာပြီး အကြံဉာဏ်တောင်းလို့ ရပါတယ်၊ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အားလုံးနဲ့ လာရောက်သူတွေကို ကျွန်တော်တို့ပြခန်းကို လေ့လာကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးရဲဟိန်းကျော် တွဲဖက်အတွင်းရေးမှူး(၁)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း
MSME ပြပွဲမှာ လာရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆီထွက်သီးနှံကနေ ကြိတ်ခွဲပြီး ရရှိလာတဲ့ဆီတွေဖြစ်တဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ပဲပုပ်ဆီအမျိုးမျိုးကို အခုပြပွဲမှာ လာရောက်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ အခုလို ပြပွဲတွေက MSME လုပ်ငန်းရှင်တွေ အတွက်အင်မတန်ကောင်းမွန်ပြီး အကျိုး များပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြပွဲမှာလည်း ကျွန်တော်တို့ အသင်းဝင်ကုမ္ပဏီတွေအနေနဲ့ ချိတ်ဆက်မှုပြခန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ခါတည်း One Stop Service အဖြစ် Business Ma-chine လုပ်လိုက်ပြီးတော့ ဈေးကွက်အခွင့်အလမ်းတွေ အများကြီးရသွားတယ်။ ဒီနှစ်မှာလည်း ဒီလိုမျိုးအစီအစဉ်တွေ ထပ်ပြီးတော့ လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဝယ်ယူအားပေးမယ့် မိဘပြည်သူတွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးသွားမှာဖြစ်လို့ လာရောက်လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်
ဓာတ်ပုံ-အောင်မင်းထိန်
moi
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခန့်အပ်တာဝန်ပေးခြင်း
moi
နိုင်ငံတကာသတင်းများ
အမိန့်ကြော်ငြာစာများ
နေပြည်တော် မတ် ၉
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်တွေရဲ့ နွေဦးတော်လှန်ရေးခေါင်းစဉ်အောက်မှာ သာသနာ့ဝန်ထမ်း ဘုရားသားသမီးတွေရဲ့ ဆွမ်းခံခရီးတောင်အန္တရာယ်မကင်းတော့ပြီလား” ခေါင်းစဉ်ဖြင့် မတ် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ လာမည့်အပတ် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် “ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ပေါ် အာဏာလွှဲဖို့လုပ်နေချိန်မှာ ဘာလုပ်ရမှန်းမသိကြောင်ပျောက်နေတဲ့ NUG၊ PDF” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ဆက်မည်ဖြစ်ပါသည်။
အထက်ပါအစီအစဉ်အား အပတ်စဉ်ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉ ၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
moi












