ထူးခြားသတင်းများ
နေပြည်တော် ဧပြီ ၂၈
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များကို ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အရာထမ်း၊ အမှုထမ်းများတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် အခွန်အယူခံခုံအဖွဲ့ရုံး ရုံးအမှတ် (၅၇) စုပေါင်းခန်းမ၌ကျင်းပရာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်ကျော်သူ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခွန်အယူခံခုံအဖွဲ့ရုံးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ကျင်းပခဲ့သော ကတိသစ္စာပြုပွဲအခမ်းအနားနှင့် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ကျင်းပသည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထား၍ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရသစ်၏ ရည်မှန်းချက်များဖြစ်သော စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ တရားမျှတမှုနှင့် ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း။
ဆက်လက်၍ ဧပြီ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ နိုင်ငံတော်သမ္မတက အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့် နိုင်ငံ့စီးပွား တိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသည့်ကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေးကဏ္ဍ၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ MSME ကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အားကစားကဏ္ဍ စသည်တို့တွင် တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများကို ပြောကြားခဲ့ကြောင်း။
သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ မူဝါဒ၊ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့အလုပ်အပေါ် ဂုဏ်ယူတတ်စေရန်နှင့် စေတနာထားကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MOI
နေပြည်တော် ဧပြီ ၂၇
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ခါလစ်ဘင်မို ဟာမက်အယ်လ် အက်တီယာအား ယနေ့မွန်းလွဲပိုင်းတွင် Jasmine Naypyitaw Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
moi
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဧပြီ ၂၆) က ကျင်းပခဲ့သော လန်ဒန် မာရသွန်ပြိုင်ပွဲတွင် အသက် ၃၁ နှစ်အရွယ်ရှိ ကင်ညာနိုင်ငံသား Sebastian Sawe သည် မာရသွန်အကွာအဝေး ၄၂.၂ ကီလိုမီတာကို တစ်နာရီ ၅၉ မိနစ် ၃၀ စက္ကန့်ဖြင့် အဆုံးသတ်ကာ တရားဝင်ပြိုင်ပွဲတစ်ခုအတွင်း နှစ်နာရီအောက် ဖြင့် ပန်းဝင်နိုင်သည့် ပထမဆုံးသောလူသားအဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။
၎င်းသည် ကွယ်လွန်သူ Kelvin Kiptum တင်ထားခဲ့သည့် ၂:၀၀:၃၅ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအောင်မြင်မှုအပေါ် ကင်ညာသမ္မတ William Ruto က နိုင်ငံအတွက် ဂုဏ်ယူကြောင်းနှင့် တာဝေးအပြေးလောကတွင် ကင်ညာ၏အင်အားကို ထပ်မံသက်သေပြလိုက်ခြင်းဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် လန်ဒန်မာရသွန်၏ အမျိုးသမီးပြိုင်ပွဲ၌လည်း အီသီယိုးပီးယားနိုင်ငံသူ Tigst Assefa က ၂:၁၅:၄၁ ဖြင့် ကမ္ဘာ့စံချိန်သစ်တင်ကာ ပထမရရှိခဲ့သည်။ ထို့အပြင် မော်စကို Half Marathon ပြိုင်ပွဲတွင်လည်း ကင်ညာနိုင်ငံသား Owen Korir က ၅၉:၃၅ စက္ကန့်ဖြင့် အနိုင်ရကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်နာရီအောက် ပထမဆုံး ပန်းဝင်သူအဖြစ် စံချိန်တင်နိုင်ခဲ့သည်။
ကင်ညာအားကစားသမားများသည် ယခုလအတွင်း ကျင်းပခဲ့သည့် ဘော်စတွန် မာရသွန်တွင်လည်း နှစ်နှစ်ဆက်တိုက် အနိုင်ရရှိထားသည့်အတွက် ကမ္ဘာ့ တာဝေးအပြေးလောကတွင် ကင်ညာနိုင်ငံ၏ လွှမ်းမိုးမှုကို ထပ်မံအတည်ပြုနိုင်ခဲ့သော သမိုင်းဝင် နေ့တစ်နေ့ဖြစ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
ဆစ်ဒနီ ဧပြီ ၂၇
လာမည့်ရက်သတ္တပတ်အတွင်း ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံ တို့သို့ သွားရောက်ရန်စီစဉ်ထားကြောင်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည် ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စွမ်းအင်ဖြည့်ဆည်းမှုလမ်းကြောင်းများ ပြတ်တောက်နေချိန်တွင် အဆိုပါအာရှအင်အားကြီးနိုင်ငံ သုံးနိုင်ငံသို့ သွားရောက်ရန် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက စီစဉ်ထားခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်သည် ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီတိုနှင့် တွေ့ဆုံ၍ စွမ်းအင်လုံခြုံရေးကိစ္စများကို ဆွေးနွေးမည်ဖြစ်သည်။
အလားတူ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်ခရီးစဉ်တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံ၍ အဋ္ဌမ အကြိမ်မြောက် ဩစတြေးလျ-တရုတ်နိုင်ငံခြားရေးနှင့် မဟာဗျူဟာဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။
ဂျပန်နှင့် တရုတ်နိုင်ငံ ခရီးစဉ်များအပြီးတွင် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးသည် တောင်ကိုရီး ယားနိုင်ငံသို့ ဆက်လက်သွားရောက်၍ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသည်။
ပြည်တွင်းလောင်စာဆီ လိုအပ်ချက်စုစုပေါင်း၏ အများစုကို ပြည်ပမှမှာယူတင်သွင်းနေရသော ဩစတြေးလျနိုင်ငံသည် အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခ၌ ဒေသအလိုက်နေရာကွက်၍ လောင်စာဆီပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ရတနာပုံ
ဘာရိန်းနိုင်ငံတွင် အီရန်အစိုးရအပေါ် စာနာမှုပြသခြင်း၊ အီရန်၏ လုပ်ရပ်များကို ချီးမွမ်းဂုဏ်ပြုခြင်းနှင့် ပြည်ပအဖွဲ့အစည်းများအတွက် သူလျှိုလုပ်ခြင်းတို့တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ ၆၉ ဦးကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်း ဘာရိန်းအစိုးရသတင်းဌာန (BNA) က ထုတ်ပြန်ခဲ့သည်။
၎င်းတို့အနက် အီရန်ကို ထောက်ခံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များပါဝင်ပြီး အားလုံးမှာ ဘာရိန်းနွယ်ဖွားများ မဟုတ်ကြကြောင်း သိရှိရသည်။ ဘာရိန်းဘုရင် Hamad bin Eissa Al Khalifa က နိုင်ငံတော်အပေါ် သစ္စာဖောက်သူများကို ချက်ချင်းအရေးယူရန်နှင့် နိုင်ငံသားအဖြစ်နှင့် ထိုက်တန်မှု ရှိ၊ မရှိကို ပြန်လည်စိစစ်ရန် ညွှန်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
လက်ရှိတွင် ဘာရိန်းအစိုးရသည် အီရန်ကိုထောက်ခံသည့် ဆန္ဒပြပွဲများကို ပိတ်ပင်ထားပြီး ပါဝင်သူ ဒါဇင်နှင့်ချီကိုလည်း ဖမ်းဆီးတရားစွဲဆိုထားသည်။ အလားတူပင် အီရန်နှင့် ပဋိပက္ခဖြစ်ပွားနေသည့် အခြား အာရပ် ပင်လယ်ကွေ့ နိုင်ငံများတွင်လည်း ဖမ်းဆီးမှုများ ရှိနေသည်။
ကူဝိတ်နိုင်ငံသည် အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့မှုဖြင့် လူ ၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကလည်း လျှို့ဝှက်အဖွဲ့အစည်းထောင်မှုနှင့် ပြည်ပအဖွဲ့အစည်းများကို သစ္စာခံမှုတို့ဖြင့် လူ ၂၇ ဦးကို ဖမ်းဆီးခဲ့ရာ ဒေသတွင်း၌ အီရန်နှင့် ဆက်နွှယ်သည့် လှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေကြောင်း တွေ့ရှိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
အီရန်နှင့် အစ္စရေးအကြား တိုက်ပွဲများငြိမ်သက်သွားသော်လည်း လက်ဘနွန် တောင်ပိုင်းတွင်မူ အခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွား လာနေသည်။ အမေရိကန်က ဦးဆောင်၍ ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးကာလကို သုံးပတ်ထပ်မံ တိုးမြှင့်ထားသော်လည်း တနင်္ဂနွေနေ့ (ဧပြီ ၂၆) က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် လူပေါင်း (၁၄) ဦး သေဆုံးခဲ့ရပြီး ယင်းသည် အပစ်အခတ်ရပ်စဲရေးကာလအတွင်း အသေအပျောက်အများဆုံးနေ့ ဖြစ်ခဲ့ရသည်။
အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများသည် ဂါဇာတွင် အသုံးပြုခဲ့သည့် နည်းဗျူဟာများအတိုင်း ကျန်းမာရေးဌာနများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ စိတ်ဓာတ်စစ်ဆင်ရေးများပါ လုပ်ဆောင်လာနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြလျက်ရှိသည်။
တစ်ဖက်တွင်လည်း လက်ဘနွန်နိုင်ငံရေးလောကအတွင်း ဟစ်ဇဘိုလာအဖွဲ့၏ လုပ်ရပ်များအပေါ် ပြင်းထန်သောဝေဖန်မှုများ ထွက်ပေါ်လာ နေသည်။ လက်ဘနွန်သမ္မတ ဂျိုးဇက်အောင်းက ဟစ်ဇဘိုလာအဖွဲ့အနေဖြင့် အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ငြင်းဆန်နေခြင်းသည် မိမိနိုင်ငံ၏ အကျိုးစီးပွားထက် အီရန်နှင့်ဂါဇာအတွက် ရှေ့တန်းတင်နေခြင်းဖြစ်ပြီး နိုင်ငံကိုစစ်ပွဲအတွင်းသို့ အတင်းအကျပ်ဆွဲသွင်းနေခြင်းမှာ "သစ္စာဖောက်မှု" ပင်ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။
သို့သော်လည်း ဟစ်ဇဘိုလာအဖွဲ့ကမူ ၎င်းတို့၏ရပ်တည်ချက်ကို လျှော့ချခြင်းမရှိဘဲ အစ္စရေး၏ ကျူးကျော်မှုကိုဟန့်တားရန် ၁၉၈၀ ပြည့်လွန်နှစ်များက အသုံးပြုခဲ့သည့် "အသေခံတပ်ဖွဲ့" ဗျူဟာများကို ပြန်လည်အသက်သွင်းကာ ခုခံသွားမည်ဟု တုံ့ပြန်ထားသဖြင့် ဒေသတွင်း ပဋိပက္ခမှာ ပိုမိုနက်ရှိုင်းလာမည့် အခြေအနေတွင် ရှိနေသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
ပြည်တွင်းသတင်းများ
နေပြည်တော် ဧပြီ ၂၇
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်း သာယာရေးတို့အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတွမ်းမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ တိုင်းရင်းသား ရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၇
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ယနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့ (တွင်း) ရပ် လိုမာဟိုတယ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား သုံးဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး ခြောက်ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် All In One Computer သုံးလုံး၊ Laptop ၁၃ လုံး၊ ဖုန်းမျိုးစုံ အလုံး ၃၂၀၊ Tablet မျိုးစုံ ၁၀၈ လုံး၊ Printer တစ်လုံး၊ Wifi စက် ခြောက်လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ ရပ်ကွက်အတွင်း နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ရှစ်ဦး၊ တရုတ်နိုင်ငံသား ထိုင်ဝမ်လူမျိုး အမျိုးသမီး တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် All In One Computer ၂၃ လုံး၊ မော်နီတာ တစ်လုံး၊ System ပုံး တစ်လုံး၊ ဖုန်းမျိုးစုံ ၅၂ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သောကြောင့် တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု ကျူးလွန်သူ စုစုပေါင်း ၅၂ ဦးနှင့် လုပ်ငန်းသုံး ပစ္စည်းများအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသော တရားမဝင် အွန်လိုင်းလောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့်အွန်လိုင်း လိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိက ပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင် လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၇
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၄)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်း အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများ ကျင်းပကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့် အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၄) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လ ၁၀ ရက်နေ့တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှု ထမ်းသင်တန်းများမှ သင်တန်း ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိ ရပါသည်-

၁။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီပြည်သူ့စစ်မှုထမ်းကို ထမ်းဆောင်သင့်တယ်ထင်လို့ ကျွန်တော်လာပြီး ထမ်းဆောင်တာဖြစ်ပါတယ်။ ဘယ်လိုခံယူချက်လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ သူတွေ ယောက်ျားသားတိုင်းက ဒီပြည်သူ့စစ်မှုထမ်းကို မည်သူမဆို ထမ်းဆောင်သင့်တယ်ထင်လို့ ကျွန်တော်လာရောက် ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့် မိသားစုတွေကတော့ ပြည်သူ့စစ်မှု ထမ်းကို လိုလိုလားလားနဲ့ပါ။ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ပေါ့။ သူတို့ကတော့ တက်ရောက် စေချင်တယ်လို့ ကျွန်တော်ကိုယ်တိုင်ကလည်း တက်ရောက်ချင်တဲ့စိတ်ရှိလို့ ပြည်သူ့စစ်မှုထမ်းကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ကိုယ်ဝါသနာပါတာလဲဖြစ်သလို ကိုယ့်မိဘတွေကလည်း လိုက်ပြီးတော့ လိုက်လျော ညီထွေစွာနဲ့ တိုက်တွန်းပေးတယ်။ ပြီးတော့ ဒီမှာအပေါင်းအသင်းဘော်ဒါတွေလည်းရှိတော့ ပိုပြီး ပျော်ရွှင်ရပါတယ်။ ပြည်သူ့စစ်မှုထမ်းကို ပြဋ္ဌာန်းလိုက်တဲ့အချိန်မှာဆိုရင် နိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို တာဝန်ယူကာကွယ်ရမယ်ဆိုပြီး သိရှိနားလည်လာပါတယ်။ ပြီးတော့ မျိုးချစ်စိတ်ဓာတ်နဲ့ နိုင်ငံကို ကာကွယ်ချင်တဲ့စိတ်လည်း ဖြစ်လာပါလိမ့်မယ်။

၂။ တာဝန်သိတတ်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ကျရာတာဝန်ကို လာရောက် ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ကျွန်တော် သင်တန်းပြီးသွားလို့ တာဝန်ကျတဲ့ တပ်ဌာနတွေမှာ ကျွန်တော် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားမယ်လို့ ပြောချင်ပါတယ်။

၃။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသင်တန်းကို စိတ်ပါဝင်စားစွာတက်ရောက်ဖို့ လာရောက် တက်ရောက်ခြင်း ဖြစ်ပါတယ်။ အလွန်ကောင်းပါတယ်။ မြန်မာနိုင်ငံသားအားလုံးလည်း ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့်အနေနဲ့ သင်တန်းမှာ သင်ပြသွားမယ့် ဘာသာရပ်တိုင်းကို အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ကြိုးစာပြီးတော့လေ့လာသွားပါမယ်။ ဒီသင်တန်း အပတ်စဉ် (၂၄) ပြီးဆုံးသွားရင် ကျွန်တော်ရဲ့ ကျရာတာဝန်၊ တပ်ရင်းကပေးတဲ့ တာဝန်ကို အကောင်းဆုံး တာဝန်ထမ်းဆောင် သွားပါမယ်။
MDN
နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက တိုင်းဒေသကြီး/ ပြည်နယ်များရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီး ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ခံဝန်ကတိ လက်မှတ်ရေးထိုး
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းမှူးက အလင်းဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးက ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် ပစ္စတိုသေနတ် သုံးလက်၊ Type-81 သေနတ် ၁၄ လက်၊ M-16 သေနတ် လေးလက်၊ M-22 သေနတ် လေးလက်၊ M-79 သေနတ် နှစ်လက်၊ MA-11 သေနတ် နှစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ ကျည်အိမ်မျိုးစုံ ၄၂ ခု၊ ကျည်မျိုးစုံ ၂၂၁၉ တောင့်၊ မိုင်းမျိုးစုံ သုံးလုံး၊ လက်ပစ်ဗုံး ၁၅ လုံး၊ ဒီတိုနေတာ ၁၃ ခုနှင့် စကားပြောစက်နှစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပစ္စတိုသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် သုံးလက်အတွက် ငွေကျပ် သိန်း ၆၀၊ မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂၇ လက်အတွက် ငွေကျပ် သိန်း ၁၃၅၀၊ လက်ပစ်ဗုံးတစ်လုံးစီအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှုန်းဖြင့် ၁၅ လုံးအတွက် ငွေကျပ် ၄၅ သိန်း၊ မိုင်းတစ်လုံးအတွက် ငွေကျပ် သုံးသိန်းနှုန်းဖြင့် သုံးလုံးအတွက် ငွေကျပ် ကိုးသိန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှုန်းဖြင့် နှစ်လုံးအတွက် ငွေကျပ် လေးသိန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်း နှုန်းဖြင့် ၆၁ ဦးအတွက် ငွေကျပ် ၆၁ သိန်း စုစုပေါင်းငွေကျပ် ၁၅၂၉ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ အပ်နှံထားသော လက်နက်ခဲယမ်းများကို ကြည့်ရှုစစ်ဆေးပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ညောင်ရွှေမြို့နယ်မှ အမျိုးသားတစ်ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၃၀၊ ပင်လောင်းမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ၁၀ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသားခြောက်ဦး စုစုပေါင်း PNLO အဖွဲ့ဝင် အမျိုးသား ၆၁ ဦး ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဧပြီ ၂၄ ရက်တွင်လည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို သိရှိနားလည် သဘောပေါက်လာကြသည့် KIA၊ AA၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါ အဝင် PDF အမည်ခံ အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်အမျိုးသား ၄၇၀ နှင့် အမျိုးသမီး ၄၇ ဦး ပေါင်း ၅၁၇ ဦးတို့သည်လည်း လက်နက်ကိုင်လမ်းစဉ်များကို စွန့်လွှတ်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ အလင်းဝင်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် လက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အမည်ခံ အဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ် သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ ကျွန်တော်ကတော့ ပင်လောင်းမြို့နယ်ကပါ။ PNLO အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင်ရောက်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ PNLO အဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ PNLO အဖွဲ့မှ ခွန်တန် (ခ) ဆလိုက်ရဲ့ စည်းရုံးခေါ်ဆိုမှုကြောင့် PNLO အဖွဲ့ကို ဝင်ရောက်ခဲ့ပြီး ဆီဆိုင်မြို့နယ် ဗန်းမတ်ကျေးရွာမှာ လှုပ်ရှားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ထဲ ရောက်ရှိခဲ့ချိန်မှာတော့ အကြမ်းဖက်အဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်ခံခဲ့ရတာ အနေအထိုင် အစားအသောက် အလွန်ခက်ခဲ ကျပ်တည်းခဲ့ရတာတွေအပြင် ၂၀၂၆ ခုနှစ်မှာ ဆီဆိုင်မြို့နယ် ဗန်းမတ်ကျေးရွာကို PNO အဖွဲ့က နယ်မြေရှင်းလင်း ဝင်ရောက်ခဲ့တဲ့အတွက် ထီတဖြေကျေးရွာဘက်မှ ကျွန်တော်တို့ ဆုတ်ခွာထွက်ပြေးခဲ့ရတယ်။ PNLO အကြမ်းဖက်အဖွဲ့မှာ ဆက်နေခဲ့ရင် အသက်သေဆုံးနိုင်ပြီး မသေလျှင်လည်း အဖမ်းခံရနိုင်တာကြောင့် ထွက်ပြေးပြီး အခုလို အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်တော့လည်း တပ်မတော်မှ တာဝန်ရှိသူတွေက သားသမီးလို ညီအစ်ကိုလိုမျိုး နွေးထွေးစွာ ပြောဆိုဆက်ဆံခဲ့ပါတယ်။ ကောင်းမွန်စွာထားပြီး မိသားစုသဖွယ် အခုလို ဆက်ဆံတဲ့အတွက် လွန်စွာဝမ်းသာကျေနပ်ခဲ့ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော့်အနေနဲ့ အခုလို အလင်းဝင်ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ တောထဲမှာ ကျန်ရှိခဲ့တဲ့ လူငယ်တွေကို တောထဲမှာ အကြောင်းမဲ့ သေဆုံးရမယ့်အစား မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ ကျွန်တော်နဲ့ လက်တွဲပြီး တပ်မတော်ကို အလင်းဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
၂။ ကျွန်တော်ကတော့ ဆီဆိုင်မြို့နယ်ဇာတိ ပအိုဝ်းလူမျိုးတစ်ဦး ဖြစ်ပါတယ်။ PNLO အဖွဲ့ကနေ အလင်းဝင်ရောက်လာတဲ့သူလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်ခင်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ PNLO အကြမ်းဖက်အဖွဲ့က ၎င်းတို့အဖွဲ့အစည်းကို ဝင်ရောက်ဖို့ စည်းရုံးခဲ့မှုကြောင့် PNLO အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိချိန်မှာတော့ အကြမ်းဖက် အဖွဲ့ဝင်အချင်းချင်း ကြီးနိုင်ငယ်ညှဉ်း အုပ်ချုပ်ခံခဲ့ရတယ်။ အနေအထိုင် အစားအသောက် အလွန်ခက်ခဲ ကြမ်းတမ်းခဲ့ရတယ်။ အကြမ်းဖက်အဖွဲ့တွေက သူတို့ကို မထောက်ခံတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ အခုချိန်မှာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်မှ ငြိမ်းချမ်းရေးဖိတ်ခဲ့မှုကြောင့် နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်ပြီး အေးချမ်းစွာ နေထိုင်လိုခြင်းဖြစ်ပါတယ်။ အလင်းဝင်ရောက်လာတဲ့ အချိန်မှာလည်း တပ်မတော်က တာဝန်ရှိသူတွေအနေနဲ့ နွေးထွေးစွာကြိုဆိုကြပါတယ်။ ကောင်းကောင်းမွန်မွန်ထားပြီး မိသားစုဝင်တစ်ဦးလို ဆက်ဆံတဲ့အတွက် အလွန်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ လူငယ်တွေအနေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လူမှုကွန်ရက်ကနေ ပြောဆိုစည်းရုံးတာတွေ ၎င်းတို့နဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ မဟုတ်မမှန် ဝါဒဖြန့် ပြောဆိုစည်းရုံးမှုတွေကို နားယောင်ပြီး အကြမ်းဖက်အဖွဲ့ကို မဝင်ကြဖို့ ကျွန်တော်အခုလို အလင်းဝင်ရောက်ပြီးတော့ မိသားစုတွေနဲ့အတူ မြို့မှာ အေးအေးချမ်းချမ်း နေထိုင်ရသလို အကြမ်းဖက်အဖွဲ့ထဲမှာ ကျန်ရှိနေတဲ့ လူငယ်တွေကိုလည်း အမြန် အလင်းဝင်ရောက်လာပြီး မိသားစုနဲ့အတူ ပြန်လည်နေထိုင်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ခါလစ်ဘင်မို ဟာမက်အယ်လ် အက်တီယာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၇
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ခါလစ်ဘင်မို ဟာမက်အယ်လ် အက်တီယာအား ယနေ့မွန်းလွဲပိုင်းတွင် Jasmine Naypyitaw Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်သမ္မတက တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်အနေဖြင့် မိမိကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာအား ပထမဦးဆုံးပေးပို့ခဲ့ပြီး အလေးအနက်ထားမှုကိုပြသပေးမှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း မိမိဦးဆောင်သည့်အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်တွင် ပထမဆုံးလာရောက်ခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ပြောကြားရာတွင် အဆွေတော်အနေဖြင့် မြန်မာနိုင်ငံ၏သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော်ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြောက်ခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်တက်ရောက်စေခဲ့ခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတို့အပေါ်၌ မိမိတို့နိုင်ငံအနေဖြင့် အလေးအနက်ထားမှုကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာမည်ဟုလည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည် ထောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ပြည်သူများ၏ထောက်ခံမှုကိုလည်း ရရှိနိုင်သည့် အောင်မြင်မှုလမ်းကြောင်းကိုချီတက်ရန် စွဲစွဲမြဲမြဲထောက်ခံ အားပေးလျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကိုလည်း စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် လူ့ဘောင်အဖွဲ့အစည်း သဟဇာတဖြစ်မှုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး စသည့်ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မန္တလေးငလျင်ကြီးကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့် အာဆီယံအသိုက်အဝန်းတို့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့်အတွက် အာဆီယံအဖွဲ့အတွင်း ပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြောကြားထားသည့်အကြံပြုချက် (၄) ချက်အပေါ်တွင်လည်း ထောက်ခံလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှု၊ စွမ်းအင်နှင့် သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. MS. Ma Jia ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် ဧပြီ ၂၂
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ယခုအချိန်သည် နှစ်နိုင်ငံစလုံးတွင် အစိုးရသစ်များ အသီးသီးဖွဲ့စည်းခဲ့ပြီး အရေးကြီးသည့် အကူးအပြောင်းကာလဖြစ်ရာ နှစ်နိုင်ငံအကြား၌ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားရှိ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများဖြစ်သည့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာပူးတွဲကော်မရှင် (JC) နှင့် ကုန်သွယ်ရေးပူးတွဲကော်မရှင် (JTC) တို့ ပြန်လည်စတင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြုသဘော ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုထောက်ခံမှုပြသသော ခရီးစဉ်တစ်ခုဖြစ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံ ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ် အေးချမ်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေမည့်အပြင် နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ၏ သာယာဝပြောရေးအတွက် အထူးအရေးကြီးပါသဖြင့် နယ်စပ်ဒေသရှိ စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးပေးရန် ဆန္ဒရှိမှု အားကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင်ကိုအခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသားများလွှတ်ပေးခဲ့ခြင်းကို ကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့ များအား ဖိတ်ခေါ်ခဲ့ခြင်းကိုလည်း ကြိုဆိုပါကြောင်း၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ပါဝင်ပံ့ပိုးပေးလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ထောက်ခံပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် Jasmine Nay Pyi Taw Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဦးသန်းဆွေသည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ကို ယနေ့တွင် Jasmine Nay Pyi Taw Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ စီးပွားရေးကဏ္ဍ၊ နယ်စပ်ဒေသ ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံဘဏ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
ပွင့်ဖြူ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်းဧက ၅၇၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ စိုက်ပျိုးရေဖူလုံမှုကြောင့် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်း ၃၃၇၃၇ ဧက စိုက်ပျိုးရန်လျာထားပြီး မတ်လက စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ၅၇၆၂၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။
“ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ် အတွင်း နှမ်း ၃၃၇၃၇ ဧက စိုက်ပျိုးဖို့လျာထား ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ၅၇၆၂၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။
နှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့ ၊ GAP နည်းစနစ်တွေနဲ့အညီ စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့စိုက်ပျိုးရေး အသိပညာပေးတာတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုးရေဖူလုံတဲ့အတွက် နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း နှမ်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန် သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် နှမ်းစိုက်တောင်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
နှမ်းကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သောကြောင့် နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက် သင့်ကြောင်း သိရသည်။ MWD
နေပြည်တော် ဧပြီ ၂၈
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ ရုရှားသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရအချင်းချင်းနှင့် ပုဂ္ဂလိကကဏ္ဍများတွင် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံချက်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပါအဝင် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
ဒေးဒရဲ ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ငါးသလဲထိုး ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဒေးဒရဲမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံ ပိုင်ရှင် ဒေါ်ယဉ်ဌေးက ပြောပြသည်။
ဒေးဒရဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ငါးသလဲထိုးပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လအတွင်း ငါးသလဲထိုးပိဿာချိန် ၅၅၀၀၀ ထိ တင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးသလဲထိုး တစ်ပိဿာလျှင် အရွယ်အစားနှင့် အရည်အသွေးအလိုက် ငွေကျပ် ၁၈၅၀၀ မှ ၂၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။
"ပြီးခဲ့တဲ့လထဲမှာ ဒေးဒရဲ မြို့နယ်ကနေ ငါးသလဲထိုးတွေကို ရန်ကုန်ဈေးကွက်ကို အများအပြား တင်ပို့ရောင်းချခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်တွေ အဓိကတင်ပို့ ရောင်းချနေတာပါ။ ဒေသထွက် ငါးသလဲထိုးတွေကို လက်ရှိ ရန်ကုန် ဈေးကွက်က မှာယူမှုများသလို နောက်ထပ်လဲ ချိတ်ဆက်မှာယူနေပါတယ်။ ကုန်ချိန်အများအပြားတင်ပို့ရတော့ ငါးလုပ်ငန်းနဲ့ဆက်စပ်သူတွေ အဆင်ပြေနေပါတယ်” ဟု ဒေးဒရဲမြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ယဉ်ဌေးက ပြောပြသည်။
ဒေးဒရဲမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးများအပါအဝင် ရေထွက်ကုန်များ တင်ပို့မှုကောင်းလာသည့်အတွက် ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ရေလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများအဆင်ပြေနေကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံ
ရေဦး ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းထံမှ သိရသည်။
ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၄၉၈၅ ဧကထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးထားသော ကုလားပဲစိုက်ခင်းများကို ယခုနှစ် ဇန်နဝါရီလပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၂၂ ဒသမ ၅၉ တင်း ထွက်ရှိကြောင်း သိရသည်။
"ဒီပဲယင်းမြို့နယ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ကုလားပဲ ၄၉၈၅ ဧကထိ စိုက်ပျိုးထားပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ကုလားပဲစိုက်ခင်းတွေ လက်ရှိအချိန်မှာတော့ ဧက အားလုံးရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ကုလားပဲစိုက်ပျိုးမှုအနေနဲ့ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာပါတယ်"ဟု ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြသည်။
ဒီပဲယင်းမြို့နယ်၌ ကုလားပဲ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရေဆင်း (၈) နှင့် ရေဆင်း (၁၁) မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ကုလားပဲတစ်ဧကစိုက်ပျိုးပါက ငွေကျပ် သုံးသိန်းကျော်ကုန်ကြကြောင်း သိရသည်။
ကုလားပဲကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကုလားပဲကို ပိုမိုစိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြ၍ သိရသည်။
ရတနာပုံ
နေပြည်တော် ဧပြီ ၂၇
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်မြို့ အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ သံရုံး ယာယီတာဝန်ခံ Mr. Yordying Supasri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေသော ထိုင်းနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်မြင့်မားရေး၊ နှစ်နိုင်ငံကုန်သွယ်မှုများ မြန်ဆန်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ထိုင်းသံရုံးနှင့် ထိုင်းနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်း (၇,၁၀၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
MDN
သထုံ ဧပြီ ၂၇
မွန်ပြည်နယ် သထုံမြို့နယ် အုပ္ဖိုလ်ချောင်ကျေးရွာရှိ အုပ္ဖိုလ်ချောင် စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် နွေစပါးများ ရိတ်သိမ်းနေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများက အုပ္ဖိုလ်ချောင် စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အသင်းသား တောင်သူများ စိုက်ပျိုးထားသည့် ရွှေသွယ်ရင်နွေစပါး ရိတ်သိမ်းပြီးစီးမှု အခြေအနေကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ နွေစပါးရိတ်သိမ်းရာတွင် ရွှေသွယ်ရင်စပါး တစ်ဧကလျှင် ၁၁၇ တင်း နှုန်းထွက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
MDN
မီလန် — အေစီမီလန်အသင်း၏ ဝါရင့်ကွင်းလယ်
လပွတ္တာ ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသော ကရင်တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၄ ရက်က လပွတ္တာမြို့ အမှတ်(၇)ရပ်ကွက် စိတ္တဝံသီဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ဘုန်းဟန်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး လပွတ္တာမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းထွန်းသစ်လွင်က သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပိုးကရင်နှင့် စကောကရင်စာပေဆုရ သင်တန်းသား သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူ နန့်မိုးဇာယုက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
MDN
ငွေဆောင် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ မြန်မာနိုင်ငံ၏ နာမည်ကြီး အပန်းဖြေကမ်းခြေတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေသို့ ဇန်နဝါရီလ အစမှ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၁၂၉၃၆ ဦးအထိ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကြည့်ရှုခံစားနိုင်
ငွေဆောင်ကမ်းခြေသည် ပင်လယ်ရေကြည်လင်ခြင်း၊ ကမ်းခြေသဲသောင်ပြင် သန့်ရှင်းသပ်ရပ်ခြင်း၊ လုံခြုံမှုစိတ်ချရခြင်းတို့ကြောင့် ရေကူးခြင်း၊ လှိုင်း ကစားခြင်း၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခြင်းတို့ကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ခြင်း၊ Jet Ski၊ Banana Boat၊ Speed boat စသည့် ရေယာဉ်များဖြင့်လည်း ပင်လယ်၏အလှအပနှင့် ကျွန်းများ၏ အလှအပကို အနီးကပ်ကြည့်ရှုခံစားနိုင်ခြင်း၊ လည်ပတ်စရာနေရာပေါများခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစားဖြင့် စဉ်ဆက်မပြတ် လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၈ လုံး၊ တည်းခိုရိပ်သာအလုံး ၇၀ ဖြင့် ကမ်းခြေသို့လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ကျော်လင်းဦး(ပြန်/ဆက်)
MDN
ဂျေရုဆလင်မြို့ရှိ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ Church of the Holy Sepulchre ဘုရားကျောင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုအပေါ် နိုင်ငံတကာမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အစ္စရေးအစိုးရသည် အဆိုပါနေရာ၌ ‘ကန့်သတ်ချက်များဖြင့် ဝတ်ပြုဆုတောင်းခြင်း’ ကို ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၂၉) က ကျရောက်သော Palm Sunday ပွဲတော်တွင် အစ္စရေးရဲတပ်ဖွဲ့သည် ကက်သလစ်သာသနာပိုင် အကြီးအကဲ များကို ဘုရားကျောင်းအတွင်း ဝင်ရောက်ခွင့်တားဆီးခဲ့သဖြင့် ကာဒီနယ် Pierbattista Pizzaballa သည် နီးစပ်ရာကျောင်းတိုက်တစ်ခု၌သာ ဝတ်ပြုပွဲကျင်းပခဲ့ရသည်။ ထိုကဲ့သို့ အဟန့်အတားဖြစ်မှုသည် ရာစုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်ခွင့် လွတ်လပ်ခွင့်ကို ထိပါးရာရောက်ကြောင်း လက်တင်သာသနာပိုင်ရုံးက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အီရန်၏ လက်စားချေတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် လုံခြုံရေး စိုးရိမ်ရမှုကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့သော်လည်း ယခုအခါ ကာဒီနယ် Pizzaballa ကို အပြည့်အဝ ဝင်ရောက်ခွင့်ပြုရန်နှင့် ဝတ်ပြုပွဲများ ကျင်းပနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီးဖြစ်သည်။ တနင်္လာနေ့ (မတ် ၃၀) အစောပိုင်းတွင် အစ္စရေးရဲတပ်ဖွဲ့နှင့် သာသနာပိုင် ရုံးတို့ ညှိနှိုင်းမှုအရ ‘ကန့်သတ်ဆုတောင်းမှုဆိုင်ရာ မူဘောင်’ တစ်ခုကို အတည်ပြုခဲ့ပြီး အသေးစိတ်အစီအစဉ်များကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂျေရုဆလင်ရှိ အခြားသော ဘာသာရေးဆိုင်ရာနေရာများတွင်လည်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။ အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ အယ်လ်အက်ဆာ ဗလီ (Al-Aqsa Mosque) သည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိဒ်ဖီတာ (Eid al-Fitr) ပွဲတော်ကာလအတွင်း ပိတ်ထားခဲ့ရသည်။ ယင်းကန့်သတ်မှုများသည် အမေရိကန်၊ ပြင်သစ်နှင့် အီတလီ အစိုးရများ၏ ဝေဖန်မှုကိုခံနေရပြီး အမေရိကန် သံအမတ်ကြီးကမူ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းဟု တုံ့ပြန်ခဲ့သည်။ ထို့အပြင် ရုရှား အော်သိုဒေါ့စ် အသင်းတော်ကလည်း ဧပြီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ‘သန့်ရှင်းသော မီးတောက် (Holy Fire)’ အခမ်းအနားအတွက် ဘုရားကျောင်းရှိ ကန့်သတ်ချက်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ရန်ကုန် မတ် ၂၈
မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုတွင် ရေခဲတောင်တက် ခရီးသွားရာသီသို့ ဝင်ရောက်လာချိန်၌ ဝန်ဆောင်မှုကုမ္ပဏီများက ရေခဲတောင်တက်အတွေ့အကြုံမရှိသော ခရီးသွားများအား ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်ပြီးမှသာ အခြားသောရေခဲတောင်များကို တက်ရောက်ရန် အကြံပြုဝန်ဆောင်မှုပေးနေကြောင်း ပူတာအို ရေခဲတောင်ခရီးသွားပို့ဆောင်ရေးကုမ္ပဏီမှ သိရသည်။
ရေခဲတောင်ခရီးစဉ်အတွေ့အကြုံမရှိသူများအား ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက Level – 1 ဟု သတ်မှတ်ထားသည့် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်စေပြီး အောင်မြင်ခဲ့ပါက ခရီးလမ်းပန်းကြမ်းသော အခြားရေခဲတောင်များသို့ တက်ရောက်ရန် တိုက်တွန်းအကြံပြုထားခြင်းဖြစ်သည်။
ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၁၉၂၈ ပေရှိ၍ ခရီးသွားများအား ပူတာအိုမြို့မှ ညအိပ်ခရီးအဖြစ် အသွား/အပြန် ခြောက်ညအိပ် ခုနစ်ရက်ခရီးစဉ်အဖြစ် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ခရီးစဉ်ပထမဆုံးနေ့၌ ပူတာအိုမြို့မှ ဆိုင်ကယ်ဖြင့် သုံးနာရီကျော်ကြာမောင်းနှင်၍ အထက်ဆန်ဂေါင်ရွာလမ်း၊ ကျောက်စိမ်းတောင် ရှိန်းလိန်းလျက်လမ်းသို့ ဖြတ်ကျော်ပြီး ထိုမှ မူလာချောင်းနား ကျားခုန်တံတားသို့ ရောက်ရှိကာ ဝမ်လိုင်ဒမ်းရွာ၊ လုံးနဒမ်းရွာ၊ ခါးလန်ရွာမှ ဇီယာဒမ်းရွာ(ရေခဲတောင်ခြေရွာ)သို့ ရောက်ရှိပြီး ခရီးစဉ်ပထမညအဖြစ် အိပ်စက်ရပ်နားသည်။
ဒုတိယနေ့တွင် ဇီယာဒမ်းရွာမှ သစ်ပင်ကြီးစခန်းသို့ ခုနစ်မိုင်ခရီး ခြေကျင်ခရီးစတင်ကြပြီး ချောင်းများ၊ ကြိုးတံတားများကို ဖြတ်ကျော်၍ မွန်းလွဲပိုင်းတွင် ဖုန်ကန်ချောင်းဆုံနေရာ၌ အနားယူကာ သစ်ပင်ကြီးစခန်းသို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဒုတိယနေ့ညအဖြစ် စခန်းချ ရပ်နားကြလေ့ရှိသည်။
တတိယနေ့တွင် သစ်ပင်ကြီးစခန်းမှ ခုနစ်မိုင်ရှိသော ခမ်းတောက်မြစ်စခန်းသို့ ခြေကျင်တက်ကြပြီး လေးမိုင်ခန့် ရောက်ပါက ဖုန်ကန်ရာဇီရေခဲတောင်ကို စတင်မြင်တွေ့ရကာ ထိုင်ခုံရပ်နားစခန်း တွင် ခေတ္တနား၍ ထိုမှ တစ်မိုင်ခန့်တက်ပါက ခမ်းတောက်မြစ်စခန်းသို့ ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။
စတုတ္ထနေ့တွင် ခမ်းတောက်မြစ်စခန်းမှ ခြောက်နာရီကြာ ခြေကျင်ခရီးတက်ပြီးပါက ရေခဲပြင်များကို စတင်တွေ့ရှိရာ ရေခဲစပ်(ဖုန်ကန်ရာဇီတောင်ခြေ) စခန်းသို့ ရောက်ရှိပြီး ထိုနေရာမှ နှစ်မိုင်ကျော် ခန့်ဝေးကွာသည့် ဖုန်ကန်ရာဇီတောင်ထိပ်ကို တွေ့မြင်ရသော ရေခဲစပ်စခန်း၌ ညအိပ် ရပ်နားသည်။ ပဉ္စမနေ့တွင် အတက်အဆင်းမတ်စောက်သော ရေခဲစပ်စခန်းမှ ဖုန်ကန်ရာဇီတောင်ထိပ်သို့ တက်ရောက်ကြပြီး မြန်မာပြည်မြောက်ဖျား၏ ရေခဲတောင်များအလှကို အားပါးတရ ကြည့်ရှု ခံစားကြကာ နေ့ချင်းပြန်အဖြစ် ရေခဲစပ် စခန်းသို့ ပြန်ဆင်း၍ ညအိပ်ရပ်နားကြသည်။
ဆဋ္ဌမနေ့တွင် ရေခဲစပ်စခန်းမှ ရှစ်နာရီကြာခရီးအဖြစ် ဇီယာဒမ်းရွာသို့ ခရီးသွား များ ပြန်ဆင်းလာကြပြီး ညအိပ်ရပ်နားသည်။ သတ္တမနေ့တွင် ဇီယာဒမ်းရွာမှ ဆိုင်ကယ်ခရီးစဉ်ဖြင့် ပူတာအိုမြို့သို့ တောင်တက်ခရီးသွားများ ပြန်လည်ပို့ဆောင်ကာ ဝန်ဆောင်မှုပေးထားသည်။
“ဒီမှာ မတ်လဆိုရင် ရေခဲတောင် ခရီးသွားတွေကို စပြီး ဝန်ဆောင်မှုပေးနေပါပြီ။ မနှစ်ကတည်းက ကြိုပြီး ခရီးစဉ်တွေကို လက်ခံထားပြီးမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရတာပါ။ မတ်လတတိယပတ် အကုန်မှာ ရာသီဥတုပြောင်းလဲသွားတာကြောင့် ဒီရက်ပိုင်းလေးမှာ ခရီးစဉ်အချို့ကို ခေတ္တရပ်ထားတာရှိပေမယ့် ရာသီဥတု ကောင်းတာနဲ့ ဆက်ထွက်မှာပါ။ ခရီးသွား တွေရဲ့ အလုံးစုံကို တာဝန်ယူရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေချောမွေ့အောင်၊ အန္တရာယ်ကင်းအောင် အထူးကြပ်မတ် ဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီအနေနဲ့ ရေခဲတောင်ခရီးစဉ် အတွေ့အကြုံကောင်း တွေရှိတဲ့အတွက် အထိအခိုက်မရှိအောင်၊ ခရီးသွားတွေနှစ်ခြိုက်အောင်၊ ကိုယ့်နိုင်ငံရဲ့ ရေခဲတောင်အလှကို ရုပ်ရှင်၊ အင်တာနက်မှာ မဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့ခံစား ဖမ်းဆုပ်လို့ရအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ ဒီလကုန်ပိုင်း မှာ နှင်းမိုးတွေရွာတဲ့အတွက် အထူးသတိထားပြီး ခရီးသွားတွေ စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ပူတာအိုမြို့မှ ELSSM ရေခဲတောင် ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ ဦးဒမ်ရိမ်းက ပြောသည်။
ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင် ခုနစ်ရက်ခရီးစဉ်တွင် လည်းကောင်း၊ ခါကာဘိုရာဇီ ရေခဲတောင် ၁၇ ရက်ကြာ ခရီးစဉ်တွင် လည်းကောင်း တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးထားသည်။ ရေခဲတောင် ခရီးစဉ်တက်ကြမည့် ခရီးသွားများ အနေဖြင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်ပြီး ရေခဲတောင်ခရီးစဉ် မတက်ရောက်မီ ကြိုတင်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ တောင်တက်အတွေ့အကြုံနှင့် သက်ဆိုင် သော ဗဟုသုတ လေ့ကျင့်ခန်းများ ဆောင်ရွက်ထားရန် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ကြိုတင်အသိပေးထားသည်။ မိုးရာသီ၌ ရေခဲတောင်တန်းဒေသတွင် မိုးရွာသွန်းမှုမရှိ၍ ရေခဲတောင်ခရီးစဉ်များကို ဇူလိုင်လ ဒုတိယအပတ်အထိ ခရီးသွားဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဥဿ
ဓာတ်ပုံ - ကိုလွင်
MDN
အင်္ဂလန်အသင်းတော် (Church of England) သည် ၁၅၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော အမျိုးသမီး ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ဒိမ်း စာရာ မူလာလီ (Dame Sarah Mullally) ကို ရာထူးအပ်နှင်းခဲ့သည်။
ရာထူးအပ်နှင်းပွဲအခမ်းအနားကို ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ကန်တာဘာရီ ကသီဒရယ် (Canterbury Cathedral) ဘုရားရှိခိုးကျောင်းကြီးတွင် ကျင်းပခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနှင့်အတူ ဝေလမင်းသား ဝီလျံနှင့် ကြင်ယာတော် ကက်သရင်းတို့ တက်ရောက်ခဲ့ကြသည်။
NHS သူနာပြုဟောင်းတစ်ဦးဖြစ်သူ မူလာလီက သူမ၏မိန့်ခွန်းတွင် အတိတ်က အလွဲသုံးစားပြုခံခဲ့ရသူများဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း နှင့် ဘေးကင်းလုံခြုံရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
“ကျွန်မတို့ရဲ့ ခရစ်ယာန်အသင်းတော်တွေနှင့် လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရှိနေသည့်သူများ၏ လုပ်ဆောင်မှုတွေ၊ ပျက်ကွက်မှုတွေကြောင့် နစ်နာခဲ့ရသူများ၏ နာကျင်မှုကို ကျွန်မတို့ လျစ်လျူမရှုသင့်သလို အလေးမထားဘဲလည်း မနေသင့်ပါဘူး” ဟု သူမက ဆိုသည်။
ယခင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂျက်စတင် ဝဲလ်ဘီ (Justin Welby) သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ယူကေနှင့် အာဖရိကရှိ အသင်းတော်များအတွင်း ဩဇာတိက္ကမရှိသူ ရှေ့နေ ဂျွန် စမိုက် (John Smyth) ၏ လိင်ပိုင်းဆိုင်ရာ ဆက်တိုက်အလွဲသုံးစားပြုမှုများကို ဖုံးကွယ် ထားခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ဂျေရုဆလင်မြို့ရှိ မွတ်စလင်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သော အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော် (Al-Aqsa Mosque) ကို အစ္စရေးအာဏာပိုင်များက ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ဘာသာဝင်များသည် ရာမာဒန်ဥပုသ်လ၏ နောက်ဆုံးသောနေ့နှင့် အိဒ်ပွဲတော် (Eid al-Fitr) ကို ဆင်နွှဲနေကြသော်လည်း ယခုကဲ့သို့ ပိတ်ပင်ထားခြင်း ဖြစ်သည်။
အဆိုပါ ဝတ်ကျောင်းတော်ဝင်းကို အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပိတ်ထားခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘာသာဝင်များအား ၎င်းနေရာ၌ ပွဲတော်ကျင်းပခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။
သောကြာနေ့ (မတ် ၂၀) တွင် လူအများအပြားသည် ဝတ်ပြုဆုတောင်းရန် ဂျေရုဆလင်မြို့၌ စုဝေးခဲ့ကြသော်လည်း မြို့ဟောင်း (Old City) ၏ ဂိတ်တံခါးများသို့ ချဉ်းကပ်ရန် ကြိုးပမ်းမှုများကို စစ်ဆေးရေးဂိတ်များတွင် တပ်စွဲထားသော အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ ဖြင့် လူစုခွဲခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုမှတ်တမ်းများအရ သိရှိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးသည် အမေရိကန်နှင့် ပူးပေါင်း၍ အီရန်ကို စတင်တိုက်ခိုက်ချိန်ကတည်းက လုံခြုံရေး အကြောင်းပြချက်ဖြင့် အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အပါအဝင် မြို့ဟောင်းအတွင်းသို့ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့သည်။ ယခုအခါ ပဋိပက္ခသည် စတုတ္ထပတ် အတွင်းသို့ ရောက်ရှိလာသော်လည်း ဗလီကို ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။
မတ်လအစောပိုင်းတွင် မွတ်စလင်အများစုနေထိုင်ရာ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး စသည့် ရှစ်နိုင်ငံက ဗလီပိတ်ထားမှုကို ရှုတ်ချကြောင်း ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ "ဂျေရုဆလင် မြို့ဟောင်းနှင့် ဘာသာရေးဝတ်ပြုရာနေရာများသို့ဝင်ရောက်ခွင့်ကို လုံခြုံရေးအကြောင်းပြကန့်သတ်ထားခြင်းသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်" ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့ပြီး သိမ်းပိုက်ထားသော ဂျေရုဆလင် သို့မဟုတ် အဆိုပါ နယ်မြေရှိ အစ္စလာမ်နှင့် ခရစ်ယာန် အထွတ်အမြတ်ထားရာနေရာများအပေါ် အစ္စရေးတွင် အချုပ်အခြာအာဏာ မရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။
ခရစ်ယာန်ပွဲတော်များပါ ထိခိုက်နိုင်ခြေရှိ
အီစတာ (Easter) ပွဲတော်ရာသီ နီးကပ်လာသည်နှင့်အမျှ အစ္စရေး၏ လုံခြုံရေးတင်းကျပ်မှုများသည် ခရစ်ယာန်ဘာသာဝင်တို့၏ ပွဲတော်များ ကိုပါ စိုးရိမ်စရာ ဖြစ်လာစေသည်။ ခရစ်ယာန်ဘာသာ၏ အထွတ်အမြတ် အထားဆုံးနေရာဖြစ်သော Holy Sepulchre ဘုရားကျောင်း ကိုလည်း ပိတ်ထားဆဲဖြစ်ရာ နှစ်စဉ် ကျင်းပမြဲဖြစ်သော Holy Fire (ဓမ္မမီး) အခမ်းအနား ကျင်းပနိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
ယခုနှစ်တွင် အဆိုပါအခမ်းအနားသည် ဧပြီ ၁၁ ရက်တွင် ကျရောက်မည်ဖြစ်သော်လည်း ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဝတ်ပြုသူများကို ဘုရား ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်၊ မပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ရုရှား အော်သိုဒေါ့စ်အသင်းတော် (Russian Orthodox Church) ကလည်း အဆိုပါကန့်သတ်ချက်များအပေါ် ထုတ်ဖော်ပြောဆို ခဲ့ပြီး ဘုရားကျောင်းပိတ်ထားမှုကြောင့် ဓမ္မမီးလွှဲပြောင်းပေးသည့် အစီ အစဉ်ကို မထိခိုက်စေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာဝင်များအကြားတွင် ဓမ္မမီးကို မရရှိခြင်းသည် နိမိတ်မကောင်းခြင်း သို့မဟုတ် လောကပျက်ကပ် (Armageddon) နီးကပ် လာခြင်း ၏ လက္ခဏာအဖြစ် ယူဆလေ့ရှိကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
နေပြည်တော် မတ် ၁၉
၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)နှင့် ပြည်နယ်ခန်းမတို့၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ချီးမြှင့်သည်။
သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
သဝဏ်လွှာဖတ်ကြား
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဖတ်ကြားသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
မှတ်တမ်းဓာတ်ပုံရိုက်
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များက ပြည်နယ်ဂုဏ်ထူးဆောင်ထူးချွန်ဆုများဖြစ်ကြသည့် စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စိုက်ပျိုးရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ မွေးမြူရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စက်မှုလက်မှုထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ ဝန်ဆောင်မှု ထူးချွန်မှုဂုဏ်ထူးဆောင်ဆုနှင့် လူမှုရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် မော်လမြိုင် မြို့နယ်မင်းရွာကျေးရွာရှိ တိုင်းရင်းသားယဉ်ကျေးမှု စင်တာဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စင်တာမုခ်ဦးကို စက်ခလုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များက စင်တာကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ စင်တာအတွင်းရှိ ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ တိုင်းရင်းသားရိုးရာနေအိမ်များနှင့် ယဉ်ကျေးမှုပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)၌ ကျင်းပသည့် မွန်ပြည်နယ် နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။
အခမ်းအနားတွင် မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ ဂုဏ်ပြုသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ပြီး မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
moi
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်
နိုင်ငံတကာသတင်းများ
အမိန့်ကြော်ငြာစာများ
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ်(၁၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေနှင့်အညီ ကောင်စီ၏လုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်လျက်ရှိပါသည်။
သတင်းမီဒီယာဥပဒေအခန်း(၈) အရေးယူခြင်းအခန်း၏ “ပုဒ်မ ၂၁ တွင် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟုလည်းကောင်း၊ ပုဒ်မ ၂၂ တွင် ကောင်စီသည် ပုဒ်မ ၂၁ အရ တိုင်ကြားချက်ကို လက်ခံရရှိပါက နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၃ တွင် ပုဒ်မ ၂၂ အရ ကောင်စီ၏ ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်” ဟူ၍ ပြဋ္ဌာန်းထားပါသည်။
သို့ဖြစ်ရာ နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပြဋ္ဌာန်းထားသော တာဝန်နှင့်ကျင့်ဝတ် သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အမှတ် ၃၉၂-၃၉၆၊ ကုန်သည်လမ်း၊ (၉) ရပ်ကွက် ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၄၄၈၀၂၆၃၂၆၊ Email mmpresscouncil@gmail.com သို့ တိုင်ကြားနိုင်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
moi











