ထူးခြားသတင်းများ
နေပြည်တော် ဇွန် ၉
အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတနှင့်အတူ ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ရေအရင်းအမြစ်များကို အကျိုးရှိစွာဖြင့် ထိရောက်စွာအသုံးချနိုင်ရေး၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ဘက်စုံစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရေးနှင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ရေနှင့်ဆက်နွှယ်သည့် ဒေသတွင်းနှင့် နိုင်ငံတကာရေကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ” ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မိမိအနေဖြင့် ဥက္ကဋ္ဌအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း။
အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၁၂ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာအသုံးချရေး၊ နွေကာလရေရှားပါးမှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မြစ်ရေနည်းပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေးအတွက် အစီအစဉ်များ ရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားရေဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်း၊ ထို့အပြင် ရေနှင့်ပတ်သက်သည့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့်ဖြစ်ပေါ်နိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေးအစီအမံများဆောင်ရွက်ခြင်းနှင့် ရေအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲရန် လိုအပ်သည့်ရေအရင်းအမြစ်ဆိုင်ရာ အချက်အလက်စုဆောင်းခြင်းများကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိကြောင်း။
အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအနေဖြင့် ကော်မတီ၏လှုပ်ရှားမှုအဖြစ် နှစ်စဉ် မတ်လ ၂၂ ရက်တွင်ကျရောက်သည့် “ကမ္ဘာ့ရေနေ့” အထိမ်းအမှတ်အခမ်းအနားနှင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အဓိပ္ပာယ်ပြည့်ပြည့်ဝဝ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ရေသည် လူသားများ၏အလိုအပ်ဆုံး သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး လူမှုဘဝကဏ္ဍအားလုံးနှင့် တိုက်ရိုက်ဆက်နွှယ်နေကြောင်း၊ ထို့ကြောင့်လည်း ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကြောင့် လျော့နည်းပျက်စီးလာသည့် ရေအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း။
မိမိတို့ မြန်မာနိုင်ငံတွင် စီးဆင်းနေသည့်အဓိကမြစ်ကြီး ၄ သွယ် အပါအဝင် မြစ်ချောင်းများ၊ သဘာဝရေကန်ကြီးများ၊ စိမ့်တောများမှ နှစ်စဉ်ရေချိုဧက ပေ သန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေကြောင်း၊ သို့သော်လည်း အဆိုပါစီးဆင်းနေသည့် ရေချိုပမာဏ၏ ရာခိုင်နှုန်းအနည်းငယ်ခန့်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းသုံးနှင့် အိမ်သုံးရေ စသည့်ကဏ္ဍများတွင်သုံးစွဲနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရေအရင်းအမြစ်များကို ပိုမိုပြီးထိထိရောက်ရောက် အကျိုးရှိရှိအသုံးချပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ရေဆိုင်ရာရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် အလားအလာကောင်းများရှိနေသည်ကို တွေ့ရမည်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေချိုအရင်းအမြစ်များ ထိန်းသိမ်းအသုံးချရန် အနိမ့်တမံများတည်ဆောက်ရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ပြနှင့်ကျေးလက်သောက်သုံးရေပေးဝေရေး၊ စိုက်ပျိုးရေပေးဝေရေးနှင့် ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ်ထုတ်လုပ်ရေးအတွက် အလားအလာများ ရှာဖွေကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင်ရှိသည့် မြစ်ချောင်းများမှထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ပမာဏသည် မဂ္ဂါဝပ် တစ်သိန်းကျော်ရှိသည်ဟု လေ့လာသိရှိရကြောင်း၊ လက်ရှိထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ပမာဏသည် ၃,၅၀၀ မဂ္ဂါဝပ်ခန့်သာရှိသည့်အတွက် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးသည်ကိုလည်းတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိထိရောက်ရောက်အကျိုးရှိနိုင်မည့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးတွင်ဆိုပါက တစ်နိုင်ငံလုံး စပါးစိုက်ဧက ၁၅ သန်းနီးပါးရှိရာတွင် မိုးရာသီ၌ ဧက ၁၅ သန်းခန့် စိုက်ပျိုးနိုင်သော်လည်း နွေရာသီတွင် စိုက်ဧရိယာ ဧက ၂ ဒသမ ၇၁ သန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်းကို တွေ့ရကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းသည် အဓိကမဟုတ်ဘဲရှိသည့် စိုက်ဧကအတွင်း အောင်မြင်အောင်စိုက်ပျိုးကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ တချို့ဒေသများ၌ တစ်နှစ်အတွင်း သီးထပ်သုံးကြိမ်အထိ စိုက်ပျိုးနိုင်သည်ကိုတွေ့ရပြီး တချို့ဒေသများတွင် သီးထပ် နှစ်ကြိမ်အထိ စိုက်ပျိုးနိုင်သည်ကို တွေ့ရှိရကြောင်း၊ အချို့ဒေသများ၌မူ သီးထပ်လုံးဝမစိုက်ပျိုး နိုင်သည်ကိုလည်း တွေ့ရကြောင်း၊ နွေရာသီကာလတွင် စိုက်ပျိုးနိုင်ရန်လိုအပ်သည့် ရေအရင်းအမြစ်ကိုရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ရေလှောင်ကန်များတည်ဆောက်ခြင်း၊ သဲချောင်းများတွင် မြေအောက်တမံများတည်ဆောက်ခြင်း၊ ဆိုလာမြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်ရေတွင်းများတူးဖော်၍ ဆိုလာရေတင်စနစ်များဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စားရေရိက္ခာ ဖူလုံစေနိုင်မည်ဖြစ်ကြောင်းကို တွေ့ရှိရကြောင်း။
နိုင်ငံတစ်ဝန်း တည်ဆောက်ပြီးဖြစ်သည့် ဆည်တမံများ၏ ကြံ့ခိုင်ရေး၊ သဲနုန်းပို့ချမှုအခြေအနေ၊ ရေဝင်ရောက်မည့် ရေဝေရေလဲဒေသအခြေအနေ၊ ရေပိုလွှဲများနှင့် ရေမြောင်းစနစ် စသည်တို့ကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည်များကို အစဉ်အမြဲပြုပြင်ထိန်းသိမ်းနေရန် လိုအပ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရေးနှင့် ရေအရင်းအမြစ်များထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တောမီးရှို့ခြင်းများ၊ တောင်ယာမီးရှို့ခြင်းများသည်လည်း ရေဝေရေလဲဒေသများအပါအဝင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်အတွက် အသိပညာပေးမှုနှင့် ကာကွယ်တားဆီးမှုများ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စီမံချက်များချမှတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နွေရာသီတွင် သောက်သုံးရေနှင့်စိုက်ပျိုးရေရှားပါးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများမှကျေးရွာများတွင် ရေရရှိရေးအတွက် နှစ်အလိုက်စီမံချက်ချ ဆောင်ရွက်ခြင်းများကို အရှိန်မြှင့်တင်သွားရန်လိုကြောင်း၊ အချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အချို့နေရာများတွင်လည်း နွေရာသီမိုးမကျမီကာလ၌ သောက်သုံးရေပြတ်လပ်မှုများရှိနေဆဲဖြစ်သည်ကို တွေ့ရကြောင်း၊ မိုးများသည့်ဒေသများဖြစ်သည့် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အိမ်တိုင်းတွင် တစ်ပိုင်တစ်နိုင် မိုးရေကိုစုဆောင်းသိုလှောင်ကြရန်နှင့် ရပ်ကွက်၊ ကျေးရွာအလိုက် တစ်နှစ်ပတ်လုံး ရေဖူလုံစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရေရရှိရေးဆိုင်ရာအခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအမံများကိုလည်း ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးသွားစေလိုကြောင်း။
ယခုအခါ တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုများကြောင့် အပူချိန်မြင့်မားလာခြင်း၊ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း၊ ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များကလည်း ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပေါ်ခံစားနေကြရကြောင်း၊ ယခုနှစ်တွင် အယ်လ်နီညိုပေါ်ပေါက်ရန် ဖြစ်နိုင်ခြေမြင့်မားနေသည့်အတွက် ၂၀၂၆ နှစ်လယ်ပိုင်းမှ ၂၀၂၇ နှစ်လယ်ပိုင်းအထိ အပူဒဏ်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း ဖြစ်လာနိုင်မည်ဖြစ်သဖြင့် ယင်းကိုကာကွယ်နိုင်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း။
၁၉၅၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အားကောင်းသည့် အယ်လ်နီညို ဖြစ်ပေါ်ခဲ့သည့်နှစ်များနှင့် အင်အားပြင်းထန်သည့် အယ်လ်နီညိုဖြစ်ပေါ်ခဲ့သောနှစ်များရှိခဲ့ပြီး ပြည်တွင်းဒေသအများစု၌ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခြင်းများနှင့် မိုးခေါင်မှုနှင့် သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ကြရကြောင်း။
၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ၂၀၁၀ ပြည့်နှစ် မေလအတွင်း မိုးလေဝသ စခန်းပေါင်း ၂၀ သည် အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့၌ အမြင့်ဆုံးအပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး ၎င်းစံချိန်သစ်သည် ယင်းအချိန်က မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်လည်းဖြစ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်သည် ကမ္ဘာတစ်ဝန်းတွင် အပူဆုံးနှစ်ဖြစ်ခဲ့သည်နှင့်အညီ မြန်မာနိုင်ငံတွင်လည်း ဧပြီလအတွင်း ချောက်၊ မန္တလေးနှင့် ညောင်ဦးဒေသတို့၌ အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်မှ ၄၈ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိ စံချိန်သစ်တင်မြင့်တက်ခဲ့ကြောင်း၊ ထူးခြားချက်အနေဖြင့် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အကြွင်းအကျန်တိမ်များသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို လေပွေလှိုင်းအဖြစ် ဖြတ်ကျော်ခဲ့ခြင်းကြောင့် စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ဒေသအလိုက် နေရာကွက်ပြီးမိုးကြီးကာ စံချိန်သစ်တင် ရွာသွန်းခဲ့သည်ကိုတွေ့ရှိရကြောင်း။
မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်များတွင် အခြားနိုင်ငံများထက်ပိုမိုပြင်းထန်စွာ ခံစားရနိုင်သောကြောင့် လိုက်လျောညီထွေနေနိုင်ရေး ကြိုတင်သုံးသပ်စီမံထားရန်လိုကြောင်း။
ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ အဖွဲ့အစည်းများအနေဖြင့် လမ်း၊ တံတား စသည့်အခြေခံအဆောက်အအုံများ၊ လူနေအဆောက်အအုံများ တည်ဆောက်သည့်အခါတွင် သဘာဝဘေးအန္တရာယ် သက်ရောက်နိုင်မှုတို့ကို ကြိုတင်တွေးဆ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာစေရေး၊ စီမံခန့်ခွဲရာတွင် အထောက်အကူပြုနိုင်ရေး သုတေသနလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုကြောင်း။
ရေချိုအရင်းအမြစ်များကို စိုက်ပျိုးရေ၊ သောက်သုံးရေ၊ စက်မှုသုံးရေများအပါအဝင် ကဏ္ဍစုံ၌အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချနိုင်ရေး ဆောင်ရွက်နေမှုများ၊ ရေဆိုင်ရာအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့် ရေဆိုင်ရာသဘာဝဘေးအန္တရာယ်များကို တုံ့ပြန်ဖြေရှင်းနိုင်ရေး ပြင်ဆင်ထားရန်ကိစ္စများနှင့်စပ်လျဉ်း၍ ကော်မတီဝင်များက ဆွေးနွေးပေးကြစေလိုကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေမည့် ရေကဏ္ဍဖွံ့ဖြိုးစေရေး၊ ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်စေရေးတို့ကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဒုတိယဥက္ကဋ္ဌက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဖွဲ့စည်းဆောင်ရွက်မှု၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူးက ကော်မတီ၏ရေဆိုင်ရာလှုပ်ရှားဆောင်ရွက်မှု၊ ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များက ရေနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ ရေအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ရေအရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေများပေးဝေလျက်ရှိမှုအခြေအနေများနှင့် ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ရှင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် ကျောင်းနေအရွယ်မှစ၍ ရေ၏တန်ဖိုးကိုသိရှိနေရန်လိုကြောင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် ရေများညစ်ညမ်းမှုဖြစ်သည်ကို သိရှိရန်လိုကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများတွင် အမှိုက်များစနစ်တကျစွန့်ပစ်စေရေး ဆရာ၊ ဆရာမများ၏ ကြီးကြပ်မှုများဖြင့် ပညာပေးသင်ကြား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်ကိုစနစ်တကျစွန့်ပစ်သည့် Mind Set ကို ရရှိသည်အထိ ဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေများလုံလောက်စွာရရှိရန်လိုကြောင်း၊ ထို့ကြောင့် ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ချင်းတွင်း စသည့်မြစ်ကြီးများမှ မြစ်ရေတင်လုပ်ငန်းများဖြင့် စိုက်ပျိုးရေများလုံလောက်စွာရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သောက်သုံးရေနှင့်စိုက်ပျိုးရေများ လုံလောက်စွာရရှိရန်လိုကြောင်း၊ မြစ်ရေ၊ ချောင်းရေ၊ ဆည်မြောင်းရေ၊ မိုးရေများမှ ရေများထိန်းသိမ်း၍ အကျိုးရှိစွာပြန်လည်အသုံးချနိုင်ရန်လိုကြောင်း၊ ရေကိုစနစ်တကျ အကျိုးရှိစွာ အသုံးချသည့်အကျင့်များကို မွေးမြူနိုင်ရန်လိုကြောင်း၊ သန့်ရှင်း သည့်ရေများရရှိစေရေးနှင့် ထိန်းသိမ်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း။
သမဝါယမလုပ်ငန်းဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာများအားလုံး သောက်သုံးရေနှင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရှိပြီးဖြစ်သည့်ရေများကိုလည်း အကျိုးရှိရှိစနစ်တကျ အသုံးချနိုင်ရန်လိုကြောင်း၊ သဘာဝကပေးထားသည့် ကမ္ဘာ့အမွေအနှစ်၊ မြန်မာ့အမွေအနှစ်ဖြစ်သည့် အင်းတော်ကြီးကန်နှင့် အင်းလေးကန်ထိန်းသိမ်းရေးအတွက်လည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေဝေရေလဲ သစ်တောများထိန်းသိမ်းရေးနှင့် ဆည်တာတမံများထိန်းသိမ်းရေးကိုလည်း စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေရှားပါးသည့်ဒေသများတွင် မိုးရေကိုသိုလှောင်ပြီး သုံးစွဲသွားကြရန်နှင့် မြေအောက်ရေရယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သစ်ပင်စိုက်ပျိုးရာတွင် အချိန်နှင့်ငွေကြေး ကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်သည့် သစ်ပင်များကိုလည်း ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။
ထို့နောက် အထွေထွေဆွေးနွေးမှုအဖြစ် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီဒုတိယဥက္ကဋ္ဌက ရေအရင်းအမြစ်များကို စနစ်တကျသုံးစွဲရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ရေအရင်းအမြစ်နှင့်သဘာဝဘေးအန္တရာယ်ကို ခွဲခြားရန်လိုကြောင်း၊ ရေအရင်းအမြစ်ဆိုသည်မှာ ရေရရှိရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပြည်နယ်နှင့်တိုင်းအလိုက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ခွဲခြားဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင် ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ဥပဒေအား မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့်အခြေအနေအတိုင်း ပြန်လည်ပြင်ဆင်ရေးဆွဲသွားရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးမှုတွင် အချက်အလက်များကို ပြည့်ပြည့်စုံစုံဖြင့်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိုအထဲမှ အဓိကကျသည့် အချက်အလက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရာသီဥတုကြောင့် ဖြစ်ပေါ်တတ်သည့် ပြဿနာများလည်းရှိသဖြင့် အချိန်ကာလအလိုက် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မူဝါဒများချမှတ်၍ သက်ဆိုင်ရာလုပ်ငန်းကော်မတီ၊ ဦးစီးကော်မတီများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ရာသီဥတုအလိုက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်အလိုက်၊ တိုင်းဒေသကြီးအဆင့်အလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားကြစေလိုကြောင်းမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MOI
နေပြည်တော် ဇွန် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများ ပေါများခြင်းပင်ဖြစ်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့၏ အဓိကလုပ်ငန်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက်လည်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများပေါများစေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥစ္စာဓနများပေါများစေရေးအတွက် အစိုးရနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်ပေးရသည်များရှိသကဲ့သို့ ပြည်သူလူထုအနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာရှိနေပြီး လိုအပ်ချက်များလည်းရှိကြောင်း၊ အစိုးရ၏အားနည်းချက်များကို အမြဲပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မကြာမီရက်ပိုင်းအတွင်းက မိမိအနေဖြင့် တောင်ငူဒေသသို့သွားရောက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက် အလွယ်တကူသုံးစွဲနိုင်သည့် တန်ဖိုးနည်းသဘာဝပိုးသတ်ဆေးနှင့် အာဟာရဖျော်ရည်များ ထည့်သွင်းမြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှု သရုပ်ပြသခြင်းတို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ ခရိုင်များအလိုက် ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ပညာသင်ယူကြစေရေး အားပေးတိုက်တွန်း ဆောင်ရွက်စေလိုကြောင်း။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့ကိုနှိုင်းယှဉ်ပါက မွေးမြူရေးကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအားနည်းလျက်ရှိနေသည်ကို တွေ့မြင်ရကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာလျှင် ပြည်သူများအနေဖြင့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည် ဖြစ်ကြောင်း၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကိုလိုအပ်သည့် ပမာဏအလိုက် မျှမျှတတ စားသုံးနိုင်ရန်လိုကြောင်း၊ ထိုသို့စားသုံးနိုင်မှသာလျှင် ကျန်းမာကြံ့ခိုင်သန်စွမ်းသည့် ကိုယ်ခန္ဓာနှင့် ကျန်းမာရေးညီညွတ်မျှတမှုကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အသား၊ ငါးတို့ကို စားသုံးခြင်းမှရရှိလာမည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း မှန်မှန်ကန်ကန်သိရှိနိုင်ရေးနှင့် ပြည့်ပြည့်ဝဝစားသုံးတတ်စေရေး အသိပညာပေးခြင်းများလည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်မှုရှိစေရေးနှင့် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရေး၊ အသား၊ ငါး များအား ပြည်ပသို့တင်ပို့နိုင်ရေး စနစ်တကျ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကျောင်းနေအရွယ်ကလေးငယ်အားလုံး ကျောင်းနေနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြစေလို
ပညာရေးနှင့်ပတ်သက်၍ ယခုအခါကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ယနေ့အချိန်အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် ကျောင်းသား ကျောင်းသူ ၆ ဒသမ ၇ သန်းကျော်ကျောင်းအပ်နှံခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျောင်းအပ်ရာခိုင်နှုန်းများ တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ကျောင်းနေနိုင်ရေး အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပိတ်ထားရသည့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပြီး ကျောင်းနေရာခိုင်နှုန်းများတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စံကိုက်ကျောင်းများဖြစ်ရန်လိုကြောင်း၊ သို့မှသာ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းအဆောက်အအုံများ တည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ရန်နှင့် ရေရှည်အတွက် Master Plan များ စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ စနစ်တကျဖြစ်စေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အစိုးရအဖွဲ့များအနေဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မီသည့်ပညာရေးစနစ်ကို ဆောင်ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာများ စနစ်တကျဖြစ်ရန်လိုသကဲ့သို့ သင်ကြားရေးပိုင်းဆိုင်ရာများကိုလည်း စနစ်တကျဖြင့် ထိထိရောက်ရောက် သင်ကြားပြသပေးနိုင်ရန် လိုကြောင်း၊ ထိုကဲ့သို့ မှန်ကန်ထိရောက်သည့် ပညာရေးဖွံ့ဖြိုး တိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်ထားရှိမှသာ နောင် ၁၀ နှစ်ခန့်တွင် နိုင်ငံအတွက်အသီးအပွင့်များကို ခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အခြေခံကောင်းများရှိပြီးဖြစ်သည့် မျိုးဆက်သစ်များထွက်ပေါ်လာမည်ဖြစ်ကြောင်း။
ပညာရေးတွင် မူလတန်းအဆင့်ပညာရေးရှိသူ၊ အလယ်တန်းအဆင့်ပညာရေးရှိသူ၊ အထက်တန်းအဆင့်ပညာရေးရှိသူဟူ၍ သုံးပိုင်းတွေ့ရမည်ဖြစ်ပြီး ၎င်းတို့အဆင့်အလိုက် ဆောင်ရွက်၍ရနိုင်သည့် လုပ်ငန်းများကိုလည်းခွဲခြမ်း၍ ရနိုင်မည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ပညာရေးအားနည်းသူများသည် သာမန်အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ရှိကြောင်း၊ ၎င်းတို့အတွက် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလယ်တန်းအဆင့်ရှိသူများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ ကန့်သတ်ချက်များရှိမည်ဖြစ်ကြောင်း၊ ပညာရေးအရအဆင့်မြင့်တန်းအဆင့်တွင် ရှိသူများအနေဖြင့် အလုပ်အကိုင်များစွာရှိမည်ဖြစ်ပြီး ၎င်းတို့၏ ကြိုးစားအားထုတ်မှုများအလိုက် နယ်ပယ်အသီးသီးတွင် အောင်မြင်သူများဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တိုင်းပြည်၏ပညာရေးကိုမဖြစ်မနေ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြှင့်တင်မှုကို အထောက်အကူပြုရန်အတွက် တက္ကသိုလ်များအားလုံးတွင် ဥပဒေဘွဲ့နှင့် စီးပွားရေးဆိုင်ရာဘွဲ့များကို သင်ကြားစေခဲ့ကြောင်း၊ ထိုသို့သင်ကြားပေးခြင်းဖြင့် ဥပဒေအမြင်နှင့် စီးပွားရေးအမြင်များ ရှိလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပညာနှင့် စီးပွားရေးပညာတတ်ကျွမ်းသူများ ပေါကြွယ်ဝစွာမွေးထုတ်ပေးခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိမည်ဖြစ် ကြောင်း၊ အခြားဘာသာရပ်များအလိုက်လည်း ထူးချွန်သည့်သူများကို မွေးထုတ်ပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
MSME လုပ်ငန်းသည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းဖြစ်
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပကတိအခြေအနေနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များသည် MSME လုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များမှစတင်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်ကိုတွေ့ရကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ MSME ကုန်ထုတ်လုပ်ငန်းများကိုလည်း နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်လာအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏အခြေအနေအရ MSME ကိုဗဟိုပြု၍ နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အကြီးစားစီးပွားရေးလုပ်ငန်းများဖြစ်သည့် သံနှင့် သံမဏိလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာပစ္စည်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်းများ စသည့်နည်းပညာကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို အဆင့်မြင့်ပညာပြီးဆုံးပြီးဖြစ်သည့် ပညာတတ်လူသားအရင်းအမြစ် များဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စက်မှုကုန်ထုတ်လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်းတိုးတက်လာမည်
နိုင်ငံအတွင်းရှိ ပုဂ္ဂလိကပိုင်စက်ရုံများ၊ နိုင်ငံပိုင်စက်ရုံများအားလုံး စဉ်ဆက်မပြတ်လည်ပတ်နေရန်လိုပြီး ကုန်ထုတ်စွမ်းအားများ ပြည့်မီအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ စက်ရုံများလည်ပတ်မှုမရှိဘဲ ရပ်နားထားရခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ စက်မှုကုန်ထုတ် လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုစွမ်းပကားများ မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မြေနှင့်ရေကို အကျိုးရှိစွာအသုံးချ
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရေကိုအကျိုးရှိစွာဖြင့် စနစ်တကျအသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေနှင့် အောင်ရေရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်တွင်ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များဖြစ်သော မြေနှင့်ရေတို့ကို အကျိုးရှိရှိနှင့်မှန်မှန်ကန်ကန် အသုံးချနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာရှင်များဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူတစ်ဦးကဲ့သို့စဉ်းစား၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုပြီး လူတစ်ဦးရှင်သန်ရေး၊ ကျန်းမာကြံ့ခိုင်ရေးတို့အတွက် လိုအပ်သည့် ရေ၊ အစားအစာနှင့် ကျန်းမာရေးဂရုပြုမှုများ အမြဲမပြတ် ဆောင်ရွက်ပေးရန်လိုသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း ထိုနည်းတူပင်ဖြစ်ကြောင်း၊ မြေကိုတန်ဖိုးရှိစွာဖြင့် အသုံးချရန်လိုပြီး မြေဆီမြေဩဇာများ ကောင်းမွန်အောင် မြေကိုပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မြေဆီဩဇာကောင်းနှင့် ရေအရင်းအမြစ်ရရှိနိုင်ရန် ခက်ခဲသည့်နိုင်ငံများ၌ပင် ခေတ်မီနည်းပညာများကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ရေကိုအကျိုးရှိစွာအသုံးချရန်နှင့်ပတ်သက်၍ မိမိတို့တစ်နိုင်ငံလုံးရှိ မြစ်ချောင်းများမှ စီးဆင်းလာသည့် ရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်အသုံးချနိုင်ပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ အသုံးပြုနိုင်မှုမရှိသေးသည်ကို အချက်အလက်များအရသိရှိရကြောင်း၊ အဆိုပါရေများကို စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားအကျိုးရှိသည့်နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ အပြည့်အဝအသုံးချနိုင်ရန်အတွက် ရေသိုလှောင်ထိန်းသိမ်းရန် နေရာများလိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များရှိနေသည့် အချို့ဒေသများ၌ မြစ်ချောင်းများအနီး တရားမဝင်ရွှေတူးဖော်သည့်လုပ်ငန်းများကို အလွန်အကျူးလုပ်ဆောင်လာမှုများကြောင့် မြစ်ချောင်းများတိမ်ကောခြင်း၊ နုန်းပို့ချမှု များပြားခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒေသအလိုက်မှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း မိမိတို့ဒေသအလိုက် တရားမဝင်ရွှေတူးဖော်ခြင်းများ လုပ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာသို့ သတင်းပေးပို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးစီးပွားကို ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ နိုင်ငံအတွင်းရှိ မြစ်ချောင်းများ၌ နုန်းဆယ်ခြင်းလုပ်ငန်းများ၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရေသယံဇာတကို အကျိုးရှိရှိ အသုံးချသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြစ်ချောင်းများ၌ မြေအောက်တမံများတည်ဆောက်၍ ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်ပြီး မြေဆီ၏အစိုဓာတ်ကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရေအရင်းအမြစ်များကို လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ရေသုံးစွဲရာတွင် အဟောသိကံ အသုံးပြုခြင်းမဖြစ်စေဘဲ ရေသုံးစွဲမှုများကို စနစ်တကျဖြစ်အောင် ဆောင်ရွက်တတ်သည့် ပညာရပ်များကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအပါအဝင် စာသင်ကျောင်းများ၌ သင်ကြားပေးသွားကြရန်လိုကြောင်း၊ ရေအရင်းအမြစ်များကို အကျိုးရှိရှိစီမံအသုံးချနိုင်မှုမရှိဘဲ အထက်မှအောက်သို့စီးဆင်းကာ မြစ်ချောင်းများအတွင်း စီးဝင်ခြင်း၊ ထိုမှတစ်ဆင့် ပင်လယ်အတွင်းသို့ရောက်ရှိသွားခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်ကို သိရှိနားလည်ကြရန်လိုကြောင်း။
နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ သို့သော်လည်း ရေရှည်ဖြစ်ပေါ်လာမည့် အကျိုးရလဒ်ကို သိရှိနားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့်အရေးကို မလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်နေကြသူများ၏ စကားများကိုနားယောင်ကာ ကန့်ကွက်ခဲ့မှုများကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း၊ ကန့်ကွက်မှုများမရှိခဲ့ပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာဖြင့် ရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှည်ကိုမျှော်တွေး၍ အားလုံးက စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသအလိုက်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လို
မွေးမြူရေးနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တွင် မွေးမြူရေးဇုန်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဇုန်များအလိုက် သတ်မှတ်ထားသည့်အတိုင်း မွေးမြူထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွင်း အသား၊ ငါး များ၏ ဈေးနှုန်းများမှာ ထိုက်သင့်သလောက်ကျဆင်းလာမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးကြီးမားသည်ဖြစ်သော်လည်း စနစ်တကျဖြင့် စီမံဆောင်ရွက်သွားမည်ဆိုပါက အကျိုးအမြတ်များစွာရရှိစေနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အလုပ်ကိုအမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် မြစ်ချောင်းများအတွင်းသို့ ငါးသယံဇာတများကို နှစ်စဉ်ထည့်သွင်းပေးလျက်ရှိကြောင်း၊ အားလုံးအမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း လုပ်ငန်းဆောင်ရွက်နိုင်သူများက မွေးမြူရေးဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မြေပြင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိအောင်ဆောင်ရွက်
လက်ရှိအချိန်တွင် ကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိနေပြီဖြစ်သဖြင့် သင်ကြားရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာဖြင့် စာပေသင်ကြားနိုင်ရန်လိုကြောင်း၊ အထူးသဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိအောင်ဆောင်ရွက်ထားရန်နှင့် အထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီသိရှိမှသာလျှင် အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာနအလိုက်၊ ဒေသများအလိုက် မြေပြင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို သိရှိနားလည်အောင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ ထိတွေ့ဆက်ဆံခြင်းများဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက်ကွပ်ကဲအုပ်ချုပ်သွားရန်လို
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်ပြီး ပြည်သူများကရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကိုထမ်းဆောင်ကြရမည့် ပြည်သူတို့၏ အကျိုးကိုဖော်ဆောင်ကြရမည့် အစိုးရဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုကောင်းစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက်ကွပ်ကဲ အုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လည်း ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်ပတ်သက်၍ ကောင်းစွာသိရှိ နားလည်နေရမည်ဖြစ်သကဲ့သို့ ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်ကြရန်လည်းလိုကြောင်း။
သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းသည် လုပ်ငန်းတစ်ခုအောင်မြင်မှုရှိစေရေးအတွက် ကြိုတင်လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်နိုင်သည်များကို သုတေသနပြု ဆောင်ရွက်သွားရန်လိုပြီး အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ စက်မှုလက်မှု၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုအပါအဝင် ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်တွေ့ အသုံးချနိုင်သည်များကို အမြဲဆန်းစစ်သုတေသနပြုလုပ်နေရန်လိုကြောင်း၊ သုတေသနလုပ်ငန်းများကို ဝန်ကြီးဌာနများအားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
ဘဏ္ဍာငွေများ အသုံးချမှုနှင့်ပတ်သက်၍လည်း ခွင့်ပြုပေးထားသည့်ဘဏ္ဍာငွေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် မှန်မှန်ကန်ကန်နှင့်အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ အသုံးချနိုင်မှုမရှိဘဲ ပိုလျှံရန်ပုံငွေစာရင်းသို့ ပြန်လည်အပ်နှံခြင်းသည် နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများအား သတ်မှတ်ကာလအတွင်း သုံးစွဲနိုင်မှုမရှိပါကလည်း ဆောလျင်စွာပြန်လည်အပ်နှံသွားရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာ အခြားနိုင်ငံတော်အတွက် လိုအပ်သည့်နေရာများ၌ လွှဲပြောင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဝန်ဆောင်မှုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဘဏ္ဍာငွေများကို အကျိုးရှိရှိအသုံးချသွားကြရန်လိုကြောင်း၊ ထို့ပြင် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများအား အလွဲသုံးစားခြင်းများ မရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်နေသည်များရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးပိုင်းဆိုင်ရာအရ စစ်ဆေးကြပ်မတ်ခြင်းသာဖြစ်ရန်လိုပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်လိုကြောင်း၊ လုံခြုံရေးအရ၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အရ စစ်ဆေးခြင်းများ ဆောင်ရွက်သည်ကို လက်ခံ၍ရသော်လည်း တရားမဝင်ငွေကြေးကောက်ခံခြင်းများ မဖြစ်ရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လစာနှုန်းထားနှင့် ထောက်ပံ့ကြေးများကို ပေးထားကြောင်း၊ သို့ဖြစ်၍ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာများကို မလျော်မညီအသုံးချ၍ ငွေကြေးရယူခြင်း၊ ကောက်ခံခြင်းများ လုပ်ဆောင်ခြင်းမပြုကြရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း မိမိတို့တစ်ဦးတစ်ယောက်၏အကျိုးစီးပွားကို လိုလားမှုဖြင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေးလာဘ်ထိုးခြင်းများဖြင့် မဖျက်ဆီးကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို မလျော်ညီစွာ အသုံးပြုခြင်းတို့ဖြင့် အားကောင်းသော နိုင်ငံတော်အစိုးရတစ်ရပ်၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအားလုံး အဂတိတရားကင်းရှင်းမှုရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် ကြပ်မတ်ကွပ်ကဲရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကွပ်ကဲကြပ်မတ်သွား ကြရန်လိုကြောင်း။
နိုင်ငံတစ်နိုင်ငံတွင် အဓိကအားဖြင့် စီးပွားရေးအားကောင်းရန်လိုပြီး စီးပွားရေးအားကောင်းမှသာလျှင် ငွေကြေးခိုင်မာမှုရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်၏ ငွေကြေးကို ခိုင်မာအောင်လုပ်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအရ အားကောင်းလာစေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာလျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ လုပ်ဆောင်ချက်များအားလုံးကို မရေမရာဖြင့်စမ်းတဝါးဝါးဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိကျခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်းချက်များထားရှိပြီး မိမိတို့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများဖြင့် အကောင်းဆုံးအသုံးချဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသည့် လုပ်ငန်းများအားလုံး အောင်မြင်မှုရှိစေရေး အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MOI
နေပြည်တော် ဇွန် ၈
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံတို့အကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအခြေအနေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
moi
ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးဆွေးနွေးပွဲများ ပြုလုပ်မည်ဟု ကြေညာခဲ့ခြင်းအပေါ်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ထိုင်ဝမ် အရှေ့ဘက်ကမ်းလွန်ရေပြင်တွင် အထူးရေကြောင်းဥပဒေစိုးမိုးရေး စစ်ဆင်ရေးတစ်ရပ်ကိုစတင်လိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေး၌ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ တို့က ၎င်းတို့၏ သက်ဆိုင်ရာ သီးသန့်စီးပွားရေးဇုန်များနှင့် ပင်လယ်ရေအောက် ရေတိမ်ပိုင်းရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးဆွေးနွေးပွဲများ စတင်တော့မည်ဖြစ်ကြောင်း ပူးတွဲကြေညာခဲ့ကြသည်။ သို့သော် ထိုင်ဝမ် ကို မိမိ၏ အချုပ်အခြာအာဏာပိုင်နယ်နိမိတ်အဖြစ် ရှုမြင်ထားသည့် ပေကျင်း အစိုးရက အဆိုပါညှိနှိုင်းမှုများသည် အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ရာ ရောက်သည် ဟုဆိုကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဂျပန်နှင့် ဖိလစ်ပိုင်တို့ နယ်နိမိတ်သတ်မှတ်ရန် ရည်ရွယ်ထားသည့် ထိုင်ဝမ်အရှေ့ဘက်ရေပြင်သည် တရုတ် ၏ သီးသန့်စီးပွားရေးဇုန်ဖြစ်သဖြင့် မည်သည့်ညှိနှိုင်းမှုတွင်မဆို တရုတ်နိုင်ငံ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် ယခုလုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။
ဆင်ဟွာသတင်းဌာန၏ဖော်ပြချက်အရ တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနသည် အမျိုးသားရေးအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ရေကြောင်းစီမံခန့်ခွဲမှု ဥပဒေစိုးမိုးရေးဆိုင်ရာစီရင်ပိုင်ခွင့်ကို အပြည့်အဝကျင့်သုံးရန်အတွက် အဆိုပါ အထူးစစ်ဆင်ရေးကို ဒေသန္တရအာဏာပိုင်များနှင့် ပူးပေါင်းကာ စနေနေ့ (ဇွန် ၆) တွင် စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲများနှင့်ပတ်သက်၍ ထိုင်ဝမ်အစိုးရကလည်း ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများရှိနေသည့် ရေပြင်များနှင့်ထပ်တူကျနေနိုင်သဖြင့် မိမိတို့နှင့် လာရောက်တိုင်ပင်ဆွေးနွေးရန် တိုကျိုနှင့် မနီလာတို့ကို သတိပေးတိုက်တွန်းခဲ့သည်။ သို့သော်လည်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မိနိုရု ကီဟာရ က ဂျပန်နှင့် ဖိလစ်ပိုင်တို့အကြားရရှိလာမည့် မည်သည့်သဘောတူညီချက်မဆို တတိယအဖွဲ့အစည်း အပေါ် ဥပဒေအရစီရင်ပိုင်ခွင့် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က တရုတ်၏ စစ်ဆင်ရေးသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်း စွပ်စွဲခဲ့ပြီး သင့်လျော်သလို တုံ့ပြန်ရန်အတွက် အနည်းဆုံး ရေယာဉ် ၅ စီးကို စေလွှတ်ကာ တရုတ်ပြည်မကြီး ရှမန် ဆိပ်ကမ်းမှ ထွက်ခွာလာသည့် တရုတ်အစိုးရပိုင် ရေယာဉ် ၄ စီးကို စောင့်ကြည့်လျက်ရှိသည်။
ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်တို့အကြားတင်းမာမှုများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက အရှိန်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဂျပန်ဝန်ကြီးချုပ် တာကာအီချီက တရုတ်၏ ထိုင်ဝမ်ကို သိမ်းပိုက်ရန်ကြိုးပမ်းမှုသည် စစ်ရေးအရ ကြားဝင်စွက်ဖက်ရန် အကြောင်းပြချက် ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သဖြင့် တရုတ်နိုင်ငံက တာကာအီချီ၏ ပြောကြားချက်သည် ဂျပန်စစ်ဝါဒက ကျူးကျော်မှုများ ပြုလုပ်ရန် အမြဲသုံးလေ့ရှိသည့် ဗျူဟာဟောင်းဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲပြစ်တင်ခဲ့ကြသည်။
လက်ရှိတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးအတွက် စစ်အင်အားအသုံးပြုမှုကို ချန်လှပ်ထားရန် ငြင်းဆန်ထားဆဲဖြစ်ရာ ယခုရေကြောင်း ပြဿနာကြောင့် ဒေသတွင်းတင်းမာမှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်ရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
အမေရိကန် စစ်မက်ရေးရာဝန်ကြီး (Secretary of War) ပိဟက်ဆက် (Pete Hegseth) က နော်မန်ဒီမြို့တွင် ပြုလုပ်သည့် D-Day အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ဥရောပ သည် ပုံစံသစ်တစ်မျိုးဖြင့်ကျူးကျော်ခြင်းကို ခံနေရကြောင်းသတိပေးခဲ့ပြီး နောက်ကျ မသွားမီ ရွှေ့ပြောင်းအခြေချမှုပြဿနာကို ရင်ဆိုင်ဖြေရှင်းကြရန် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များအား တိုက်တွန်းလိုက်သည်။
၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က ပြုလုပ်ခဲ့သော မဟာမိတ်တပ်ဖွဲ့များ ပြင်သစ်နိုင်ငံသို့ မြေပြင်မှဝင်ရောက်ခြင်း (Allied landings) နှစ်ပတ်လည်နေ့တွင် ဟက်ဆက်က ပြောကြားရာ၌ စပိန်၊ အီတလီ၊ ဂရိနှင့် ဘူဂေးရီးယားနိုင်ငံတို့တွင် လှေများနှင့် ရွှေ့ပြောင်းအခြေချသူများ ဆိုက်ရောက်လာနေပြီး "ဥရောပရဲ့ မတူညီတဲ့ ကမ်းခြေတွေကို မတူညီတဲ့၊ အန္တရာယ်ရှိတဲ့ အတွေးအခေါ်ဝါဒတွေက အလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းနေကြတယ်" ဟု ဆိုသည်။
"ဒီလို ကျူးကျော်ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး ဥရောပမြို့တော်တွေက ဘယ်တော့ကျမှ တစ်ခုခုလုပ်ကြမှာလဲ ၊ ဒါမှမဟုတ် နောက်ကျသွားပြီလား ၊ နောက်မကျပါစေ နဲ့လို့ ကျွန်တော်ဆုတောင်းသလို နောက်မကျသေးဘူးလို့လည်း ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
D-Day သည် နာဇီအုပ်ချုပ်မှုအောက်မှ ပြင်သစ်နှင့် အနောက်ဥရောပတို့ကို စတင်လွတ်မြောက်စေခဲ့သည့် မှတ်တိုင်တစ်ခုဖြစ်သည်။ နော်မန်ဒီကမ်းခြေများသို့ ဆိုက်ရောက် လာခဲ့သည့် စစ်သားများသည် ယနေ့ခေတ် လူဝင်မှုကြီးကြပ်ရေးအပေါ် ဝေဖန်သူများ သုံးနှုန်းနေသည့် ကျူးကျော်ခြင်းမျိုးမဟုတ်ဘဲ နာဇီဂျာမနီကသိမ်းပိုက်ထားသော နယ်မြေများကို လွတ်မြောက်အောင်လုပ်ဆောင်ပေးရန် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ဟက်ဆက်၏ ပြောကြားချက်များသည် ရွှေ့ပြောင်းအခြေချမှုကို ယဉ်ကျေးမှုပြောင်းလဲခြင်း၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများနှင့် အမျိုးသားရေးလက္ခဏာ သေးသိမ်မှေးမှိန်လာခြင်းတို့နှင့် ဆက်စပ်ဖော်ပြလေ့ရှိသည့် ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ ပိုမိုကျယ်ပြန့်သော အယူအဆသဘောထားကို ထင်ဟပ်နေသည်။ အဆိုပါ ထရမ့်အစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်အမျိုးသားလုံခြုံရေးမဟာဗျူဟာ (National Security Strategy) တွင်လည်း ရွှေ့ပြောင်း အခြေချမှုများကြောင့် ဥရောပသည် လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတစ်ခုလုံး ပျောက်ကွယ်လုနီးပါးဖြစ်မည့်အန္တရာယ် (Civilizational erasure) နှင့် ရင်ဆိုင်နေရကြောင်း သတိပေးထားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းတို့နိုင်ငံအတွင်း၌ ပြည်နှင်ဒဏ်ပေးမှုများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဝန်ဆောင်မှုဌာန (ICE) ၏ အထူး စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးအစီအစဉ်ကို ဖော်ဆောင်လျက်ရှိသည်။ ဝေဖန်ရေးသမားများကမူ တရားဥပဒေကြောင်းအရ ခုခံပိုင်ခွင့်နှင့် ရွှေ့ပြောင်းအခြေချသူများအပေါ် ဆက်ဆံပုံများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း ထောက်ပြထားကြသည်။
ဟက်ဆက်၏ မှတ်ချက်စကားများသည် ဥရောပသမဂ္ဂ (EU) အနေဖြင့် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသောရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ဇွန်လ ၁ ရက်နေ့ တွင် EU ဥပဒေပြုအမတ်များနှင့် အဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များသည် ခိုလှုံခွင့် ငြင်းပယ်ခံရသူများကို ပြည်နှင်ဒဏ်ပေးရာတွင် ပိုမိုမြန်ဆန်စေရန်ရည်ရွယ်သည့် စည်းမျဉ်းအသစ်များကို မူအားဖြင့် သဘောတူညီခဲ့ကြသည်။ အဆိုပါလုပ်ဆောင်ချက်များသည် ခိုလှုံခွင့်လျှောက်ထားမှု စိစစ်ခြင်း၊ နယ်စပ်စစ်ဆေးခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား တာဝန်ခွဲဝေယူခြင်းတို့ကို ပြုပြင်ပြောင်းလဲပေးမည့် ရွှေ့ပြောင်းအခြေချမှုနှင့် ခိုလှုံခွင့်ဆိုင်ရာပဋိညာဉ် (Migration and Asylum Pact) ကို ပိုမိုအားကောင်းစေရန် ရေးဆွဲထားခြင်းဖြစ်သည်။
EU အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအခြေချမှုဆိုင်ရာကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ EU နယ်မြေအတွင်းမှထွက်ခွာရန် အမိန့်ပေးခြင်းခံရသူများအနက် ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းခန့်သာ အမှန်တကယ်ထွက်ခွာသွားကြကြောင်း သိရှိရသည်။ အခြားတစ်ဖက်တွင်မူ ဥရောပကော်မရှင် (European Commission) က EU ၏ လုပ်သားအင်အားသည် တစ်နှစ်လျှင် ၁ သန်းခန့် လျော့နည်းလာနေသဖြင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် ရွှေ့ပြောင်းအခြေချသူများကို လိုအပ်ကြောင်း ပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုသီတင်းပတ်အတွင်းပြုလုပ်ခဲ့သော ကယ်လီဖိုးနီးယားပြည်နယ်၏ ပဏာမမဲပေးပွဲများ (Primary Elections) ၌ ရွေးကောက်ပွဲ မတရားမှုများ ရှိနေကြောင်း စွပ်စွဲပြောဆိုရာမှ NBC သတင်းဌာန၏ ‘Meet the Press’ အစီအစဉ်မှူး ခရစ္စတင် ဝဲလ်ကာ (Kristen Welker) နှင့် အချေအတင် အပြင်းအထန် ငြင်းခုံဖြစ်ပွားကာ စနေနေ့ (ဇွန် ၆) က ပြုလုပ်ခဲ့သည့် လူတွေ့မေးမြန်းခန်းကို ရုတ်တရက် ရပ်ဆိုင်း၍ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
ထရမ့်သည် ကယ်လီဖိုးနီးယားပြည်နယ်၏ မဲရေတွက်မှုလုပ်ငန်းစဉ် အလွန်အမင်းကြာမြင့်နေခြင်းကို ထောက်ပြပြီး ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းများကို ဖယ်ထုတ်ရန် ရွေးကောက်ပွဲကို မတရားခြယ်လှယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အစီအစဉ်မှူး ဝဲလ်ကာက ထိုသို့မဲရေတွက်မှုနှေးကွေးခြင်းမှာ ပါတီစုံမှကိုယ်စားလှယ်များ မဲပြားတစ်ခုတည်းပေါ်တွင် ယှဉ်ပြိုင်ရသည့် ကယ်လီဖိုးနီးယား ပြည်နယ်၏ 'Jungle Primaries' စနစ်ကြောင့်ဖြစ်ပြီး ဒေသခံတာဝန်ရှိသူများကလည်း ယင်းလုပ်ငန်းစဉ် နှေးကွေးတတ်သည်ကို ဝန်ခံထားပြီးဖြစ်ကြောင်း ပြန်လည်တုံ့ပြန် ခဲ့သည်။
အဆိုပါ တုံ့ပြန်မှုအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က အလွန် စိတ်ဆိုးဒေါသထွက်ခဲ့ပြီး NBC နှင့် အခြားမီဒီယာများသည် အဓိပ္ပာယ်မရှိသောကိစ္စရပ်များဖြင့် ရွေးကောက်ပွဲစီစဉ်သူများ၏ အကြံအစည်တွင် လိုက်ပါစီးမျောနေသည်ဟုစွပ်စွဲခဲ့ကာ အစီအစဉ်မှူးအား “မင်းက လူလိမ်လူကောက်ပဲဖြစ်ရမယ်၊ ဒါမှမဟုတ်ရင် လူအပဲဖြစ်ရမယ်” ဟု ပြင်းပြင်း ထန်ထန် ခွန်းတုံ့ပြန်ပြောဆိုခဲ့သည်။
ထို့အပြင် ၎င်းက မိုက်ခရိုဖုန်းကိုဖြုတ်ကာ အင်တာဗျူးကိုဆက်မလုပ်တော့ဘဲ အဆုံးသတ်ရန် ပြောကြားခဲ့သည်။ ဝဲလ်ကာက ထရမ့်အားမထွက်ခွာသွားစေရေး ဖျောင်းဖျပြောဆိုရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ထရမ့်က ၎င်းအနေဖြင့် တစ်နာရီ နီးပါး အချိန်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထွက်ခွာမသွားမီ နောက်ဆုံးတုံ့ပြန်ချက်အနေဖြင့် ထရမ့်က မရိုးသားသောမီဒီယာများရှိနေသည့် တိုင်းပြည်တစ်ခုသည် မည်သည့် အခါမျှ မကြီးကျယ်နိုင်ကြောင်းနှင့် NBC အပါအဝင် ABC၊ CBS နှင့် CNN တို့ကဲ့သို့သော ထိပ်တန်းသတင်းဌာနများသည် ဘက်လိုက်ပြီးကောက်ကျစ်စဉ်းလဲသည့် ရုပ်သံကွန်ရက်များဖြစ်ကြောင်း ထပ်မံပြစ်တင်ဝေဖန်သွားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
ပြည်တွင်းသတင်းများ
နေပြည်တော် ဇွန် ၈
မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန် - မန္တလေးရထားလမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးလျက်ရှိသည်။
ထိုသို့ ပြေးဆွဲလျက်ရှိရာ ရန်ကုန်-မန္တလေးအစုန်/အဆန်ခရီးစဉ်အား ရထားခြောက်စင်း၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်အား ရထားလေးစင်း စုစုပေါင်း ရထား ၁၀ စင်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိပြီး ဇွန် ၆ ရက်၊ ညနေ ၅ နာရီ မိနစ် ၂၀ တွင် အမှတ် (၁၀) အစုန်မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ကဒုတ်နှင့် ပျဉ်ပုံကြီးဘူတာအကြား မိုင်တိုင် ၆၈/၈-၉ သို့ရောက်ရှိ ဖြတ်သန်းစဉ်တွဲဆိုင်း၏ နောက်ဆုံးတွဲ DEMU-F-4016 ၏ အနောက်ဘက်ခြမ်းခရီးသည် အတက်/ အဆင်းတံခါးမှန်အား ခဲဖြင့်ပစ်ပေါက်မှုကြောင့် ၎င်းတံခါးရွက်၏ အပေါ်မှန်မှာ ကြေမွပျက်စီးခဲ့ပြီး ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်ပွားရာနေရာသို့ ဒိုက်ဦးမြို့နယ် ရဲစခန်းနှင့် ရထားရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာ တရားခံဖြစ်သူ ဟိန်းမင်းရှိန် (ဘ) ဦးဇော်လင်းခိုင်၊ အသက် (၁၅) နှစ်၊ အရှေ့ဈေးလမ်းပျဉ်ပုံကြီးကျေးရွာ ပဲခူးမြို့နယ်နှင့် အောင်မြင့်မြတ် (ဘ) ဦးကျော်ဟန် အသက် (၁၆) နှစ်၊ ဟိန်းမင်းထွဋ် (ဘ) ဦးသိန်းတိုး၊ အသက် (၁၅) နှစ်၊ လရောင်ဟန် (ဘ) ဦးအောင်ဇေယျ၊ အသက် (၁၆) နှစ် ဒိုက်ဦးမြို့နယ်တွင် နေထိုင်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ဒိုက်ဦးမြို့နယ် အေးသုခရဲစခန်းတွင် အမှုအမှတ်၊ ပ/၁၃/၂၀၂၆ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ၈၄ နှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။
ယခင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် အမှတ် (၇) အဆန် DEMU ရထားအား ဖြူးနှင့်ဇေယျဝတီဘူတာအကြား ခဲဖြင့် ပစ်ပေါက်ခဲ့သူ တရားခံ ထက်ဦးလွင် (ခ) ငထော်နီ၊ အသက် (၁၈) နှစ်အား တောင်ငူ ခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့်အတွက် ရထားအား ခဲဖြင့်ပေါက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့အား ထပ်မံမဖြစ်ပေါ်စေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီး ရထားလမ်းအနီးအနားတစ်ဝိုက်ရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၊ စာသင်ကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့်ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ အများဆုံးနှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းသိရှိရပြီး ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် ဇွန် ၆
သာစည်မြို့နယ်နှင့် တောင်ကြီးမြို့တို့တွင် ငွေကျပ်သိန်း ၁၄၀၀ တန်ဖိုးနှင့် တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀ တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၄ ရက် ည ၉ နာရီခွဲတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံ ကျေးရွာအနီး၌ တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နေ သက်ကိုဝင်း(၃၆)နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၃၅၀)၊ ကျပ်ငွေ ၃၀၀၀၀ တို့ကို သိမ်းဆည်းရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန် ၅ ရက် နံနက် ၄ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ခိုင်းသူ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ(၇)နေ စိုင်းညွန့်(ခ)မင်းညွန့်(၃၁)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက် နယ်မြေ (၁၅)နေ အောင်ကိုကို(ခ)သားငယ် (၄၁)နှစ်တို့ကို စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၅၀)နှင့်အတူ ဖမ်းဆီးရမိသဖြင့် သက်ကိုဝင်း၊ စိုင်းညွန့်(ခ) မင်းညွန့်နှင့် အောင်ကိုကို(ခ) သားငယ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားသည်။
အလားတူ ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်သတင်းအရ တာချီလိတ် မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ပါဘီး(၃)ကျေးရွာ အနီးတွင် ကျိုင်းတုံမြို့နယ် ကတ်ထိုက် ကျေးရွာနေ လော်ပီး(၃၃)နှစ် မောင်းနှင်လာသော WAVE I 110 အမျိုးအစား ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀(တစ်ပြားလျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၆၀) အား ဖမ်းဆီးရမိသဖြင့် လော်ပီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဇွန် ၆
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်း သာယာရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသ တစ်ဝိုက်၌ စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နယ်မြေခံ တပ်ရင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆို ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင် ရေးတာဝန်များကို အသက်ကို ပဓာနမထားဘဲ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူး နှင့် တက်ရောက်လာကြသူများက အောင်သပြေ ခက်များ၊ အောင်ပန်းကုံးများဖြင့်လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။
ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်း ပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာ စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဇွန် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဦးတည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက် အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး (၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားကြောင်း၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်အား လွှတ်တော်သို့တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ထုတ်ပြန်ခဲ့ပြီး ညှိနှိုင်းရေးကော်မတီကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား တစ်ဖွဲ့ချင်းအလိုက် စာဖြင့်ဖိတ်ခေါ်ကမ်းလှမ်းမှုအပေါ် ကြိုဆိုပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုဆိုင်ရာ NCA-S EAOs ၏ ရည်မှန်းချက်များဖြစ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရေးတို့နှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ယခုဆွေးနွေးပွဲသည် ကောင်းမွန်သည့်ရလဒ်များရမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကဆောင်ရွက်မည့် ငြိမ်းချမ်းရေးအစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုဆိုင်ရာ သဘောထားများကို အဆိုပြုတင်ပြသည်။
ဆက်လက်၍ NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ အဆိုပြုတင်ပြချက်များအပေါ်မူတည်၍ တက်ရောက်လာသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သူများအကြား အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရေး၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရေးအတွက် သက်ဆိုင်သူများအား တိုက်တွန်းရေး၊ ယုံကြည်မှုတည်ဆောက်ခြင်းလုပ်ငန်းစဉ်ကိုဖော်ဆောင်နိုင်ရေး၊ NCA အနှစ်သာရကို အခြေခံသောအားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ထုတ်ရေးနှင့် စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ ဒေသခံပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအညီများရရှိနိုင်ရေးနှင့် သက်ဆိုင်သူများအားလုံးပါဝင်နိုင်မည့် အစည်းအဝေးကျင်းပရာနေရာ (ပြည်တွင်း/ ပြည်ပ) ကိုလည်း ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က အစိုးရသစ် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ကာလသတ်မှတ်ချက်၊ အစိုးရ၏ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ၊ လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးမှုအပေါ် ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးပွဲသဘောထားစုစည်းချက်များအား မှတ်တမ်းတင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြပြီး တွေ့ဆုံဆွေးနွေးပွဲပထမနေ့ကိုရပ်နားကာ ဆွေးနွေးပွဲဒုတိယနေ့ကို ဇွန် ၁၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
MOI
နေပြည်တော် ဇွန် ၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်ပွဲအပြီး မဏ္ဍိုင်ကြီးသုံးရပ်ပေါ်ပေါက်ခဲ့ပြီး လွှတ်တော်၏အဓိကတာဝန်ဖြစ်သော ဥပဒေပြုရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေး၊ ခေတ်နှင့်လျော်ညီသည့်ဥပဒေများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကြမ်းကို လွှတ်တော်တွင် စတင်ဆွေးနွေးလျက်ရှိပြီး ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံလွှတ်တော်ချင်း ထိတွေ့ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရေးကိုလည်း သံအမတ်ကြီးမှတစ်ဆင့် ကူညီပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက မြန်မာလွှတ်တော်များ၏ ဖွဲ့စည်းမှုနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအားမေးမြန်းခြင်း၊ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွှတ်တော်ဖွဲ့စည်းမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအား ပြန်လည်ဆွေးနွေးမေးမြန်းခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
MOI
နေပြည်တော် ဇွန် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများ ပေါများခြင်းပင်ဖြစ်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့၏ အဓိကလုပ်ငန်းမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက်လည်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်သူများတွင် ဥစ္စာဓနများပေါများစေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥစ္စာဓနများပေါများစေရေးအတွက် အစိုးရနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်ပေးရသည်များရှိသကဲ့သို့ ပြည်သူလူထုအနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် စိန်ခေါ်မှုများစွာရှိနေပြီး လိုအပ်ချက်များလည်းရှိကြောင်း၊ အစိုးရ၏အားနည်းချက်များကို အမြဲပြင်ဆင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မကြာမီရက်ပိုင်းအတွင်းက မိမိအနေဖြင့် တောင်ငူဒေသသို့သွားရောက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက် အလွယ်တကူသုံးစွဲနိုင်သည့် တန်ဖိုးနည်းသဘာဝပိုးသတ်ဆေးနှင့် အာဟာရဖျော်ရည်များ ထည့်သွင်းမြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှု သရုပ်ပြသခြင်းတို့ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ ခရိုင်များအလိုက် ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ပညာသင်ယူကြစေရေး အားပေးတိုက်တွန်း ဆောင်ရွက်စေလိုကြောင်း။
မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့ကိုနှိုင်းယှဉ်ပါက မွေးမြူရေးကဏ္ဍတွင် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအားနည်းလျက်ရှိနေသည်ကို တွေ့မြင်ရကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာလျှင် ပြည်သူများအနေဖြင့် အသား၊ ငါး၊ နို့နှင့် ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည် ဖြစ်ကြောင်း၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကိုလိုအပ်သည့် ပမာဏအလိုက် မျှမျှတတ စားသုံးနိုင်ရန်လိုကြောင်း၊ ထိုသို့စားသုံးနိုင်မှသာလျှင် ကျန်းမာကြံ့ခိုင်သန်စွမ်းသည့် ကိုယ်ခန္ဓာနှင့် ကျန်းမာရေးညီညွတ်မျှတမှုကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အသား၊ ငါးတို့ကို စားသုံးခြင်းမှရရှိလာမည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း မှန်မှန်ကန်ကန်သိရှိနိုင်ရေးနှင့် ပြည့်ပြည့်ဝဝစားသုံးတတ်စေရေး အသိပညာပေးခြင်းများလည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်မှုရှိစေရေးနှင့် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရေး၊ အသား၊ ငါး များအား ပြည်ပသို့တင်ပို့နိုင်ရေး စနစ်တကျ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကျောင်းနေအရွယ်ကလေးငယ်အားလုံး ကျောင်းနေနိုင်ရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြစေလို
ပညာရေးနှင့်ပတ်သက်၍ ယခုအခါကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ယနေ့အချိန်အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် ကျောင်းသား ကျောင်းသူ ၆ ဒသမ ၇ သန်းကျော်ကျောင်းအပ်နှံခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျောင်းအပ်ရာခိုင်နှုန်းများ တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ကျောင်းနေနိုင်ရေး အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပိတ်ထားရသည့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပြီး ကျောင်းနေရာခိုင်နှုန်းများတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
အခြေခံပညာကျောင်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စံကိုက်ကျောင်းများဖြစ်ရန်လိုကြောင်း၊ သို့မှသာ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းအဆောက်အအုံများ တည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ရန်နှင့် ရေရှည်အတွက် Master Plan များ စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ စနစ်တကျဖြစ်စေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အစိုးရအဖွဲ့များအနေဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မီသည့်ပညာရေးစနစ်ကို ဆောင်ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာများ စနစ်တကျဖြစ်ရန်လိုသကဲ့သို့ သင်ကြားရေးပိုင်းဆိုင်ရာများကိုလည်း စနစ်တကျဖြင့် ထိထိရောက်ရောက် သင်ကြားပြသပေးနိုင်ရန် လိုကြောင်း၊ ထိုကဲ့သို့ မှန်ကန်ထိရောက်သည့် ပညာရေးဖွံ့ဖြိုး တိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်ထားရှိမှသာ နောင် ၁၀ နှစ်ခန့်တွင် နိုင်ငံအတွက်အသီးအပွင့်များကို ခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အခြေခံကောင်းများရှိပြီးဖြစ်သည့် မျိုးဆက်သစ်များထွက်ပေါ်လာမည်ဖြစ်ကြောင်း။
ပညာရေးတွင် မူလတန်းအဆင့်ပညာရေးရှိသူ၊ အလယ်တန်းအဆင့်ပညာရေးရှိသူ၊ အထက်တန်းအဆင့်ပညာရေးရှိသူဟူ၍ သုံးပိုင်းတွေ့ရမည်ဖြစ်ပြီး ၎င်းတို့အဆင့်အလိုက် ဆောင်ရွက်၍ရနိုင်သည့် လုပ်ငန်းများကိုလည်းခွဲခြမ်း၍ ရနိုင်မည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ပညာရေးအားနည်းသူများသည် သာမန်အလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး မိမိတို့နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ရှိကြောင်း၊ ၎င်းတို့အတွက် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလယ်တန်းအဆင့်ရှိသူများသည်လည်း အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ ကန့်သတ်ချက်များရှိမည်ဖြစ်ကြောင်း၊ ပညာရေးအရအဆင့်မြင့်တန်းအဆင့်တွင် ရှိသူများအနေဖြင့် အလုပ်အကိုင်များစွာရှိမည်ဖြစ်ပြီး ၎င်းတို့၏ ကြိုးစားအားထုတ်မှုများအလိုက် နယ်ပယ်အသီးသီးတွင် အောင်မြင်သူများဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တိုင်းပြည်၏ပညာရေးကိုမဖြစ်မနေ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးအဆင့်မြှင့်တင်မှုကို အထောက်အကူပြုရန်အတွက် တက္ကသိုလ်များအားလုံးတွင် ဥပဒေဘွဲ့နှင့် စီးပွားရေးဆိုင်ရာဘွဲ့များကို သင်ကြားစေခဲ့ကြောင်း၊ ထိုသို့သင်ကြားပေးခြင်းဖြင့် ဥပဒေအမြင်နှင့် စီးပွားရေးအမြင်များ ရှိလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပညာနှင့် စီးပွားရေးပညာတတ်ကျွမ်းသူများ ပေါကြွယ်ဝစွာမွေးထုတ်ပေးခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိမည်ဖြစ် ကြောင်း၊ အခြားဘာသာရပ်များအလိုက်လည်း ထူးချွန်သည့်သူများကို မွေးထုတ်ပေးနိုင်ရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
MSME လုပ်ငန်းသည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းဖြစ်
နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပကတိအခြေအနေနှင့်ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များသည် MSME လုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များမှစတင်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည်ကိုတွေ့ရကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ MSME ကုန်ထုတ်လုပ်ငန်းများကိုလည်း နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်လာအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံ၏အခြေအနေအရ MSME ကိုဗဟိုပြု၍ နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အကြီးစားစီးပွားရေးလုပ်ငန်းများဖြစ်သည့် သံနှင့် သံမဏိလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာပစ္စည်းများ၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်းများ စသည့်နည်းပညာကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို အဆင့်မြင့်ပညာပြီးဆုံးပြီးဖြစ်သည့် ပညာတတ်လူသားအရင်းအမြစ် များဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စက်မှုကုန်ထုတ်လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်းတိုးတက်လာမည်
နိုင်ငံအတွင်းရှိ ပုဂ္ဂလိကပိုင်စက်ရုံများ၊ နိုင်ငံပိုင်စက်ရုံများအားလုံး စဉ်ဆက်မပြတ်လည်ပတ်နေရန်လိုပြီး ကုန်ထုတ်စွမ်းအားများ ပြည့်မီအောင် ဆောင်ရွက်နေရန်လိုကြောင်း၊ စက်ရုံများလည်ပတ်မှုမရှိဘဲ ရပ်နားထားရခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ စက်မှုကုန်ထုတ် လုပ်ငန်းများတိုးတက်လာမှသာ နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လုပ်ငန်းဆောင်ရွက်မှုစွမ်းပကားများ မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် မြေနှင့်ရေကို အကျိုးရှိစွာအသုံးချ
စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရေကိုအကျိုးရှိစွာဖြင့် စနစ်တကျအသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် စိုက်ပျိုးရေနှင့် အောင်ရေရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ နိုင်ငံတော်တွင်ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် သဘာဝအရင်းအမြစ်များဖြစ်သော မြေနှင့်ရေတို့ကို အကျိုးရှိရှိနှင့်မှန်မှန်ကန်ကန် အသုံးချနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာရှင်များဖြင့် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူတစ်ဦးကဲ့သို့စဉ်းစား၍ ဂရုစိုက်ဆောင်ရွက်ကြရန်လိုပြီး လူတစ်ဦးရှင်သန်ရေး၊ ကျန်းမာကြံ့ခိုင်ရေးတို့အတွက် လိုအပ်သည့် ရေ၊ အစားအစာနှင့် ကျန်းမာရေးဂရုပြုမှုများ အမြဲမပြတ် ဆောင်ရွက်ပေးရန်လိုသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းတွင်လည်း ထိုနည်းတူပင်ဖြစ်ကြောင်း၊ မြေကိုတန်ဖိုးရှိစွာဖြင့် အသုံးချရန်လိုပြီး မြေဆီမြေဩဇာများ ကောင်းမွန်အောင် မြေကိုပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မြေဆီဩဇာကောင်းနှင့် ရေအရင်းအမြစ်ရရှိနိုင်ရန် ခက်ခဲသည့်နိုင်ငံများ၌ပင် ခေတ်မီနည်းပညာများကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ရေကိုအကျိုးရှိစွာအသုံးချရန်နှင့်ပတ်သက်၍ မိမိတို့တစ်နိုင်ငံလုံးရှိ မြစ်ချောင်းများမှ စီးဆင်းလာသည့် ရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြန်လည်အသုံးချနိုင်ပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ အသုံးပြုနိုင်မှုမရှိသေးသည်ကို အချက်အလက်များအရသိရှိရကြောင်း၊ အဆိုပါရေများကို စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားအကျိုးရှိသည့်နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ အပြည့်အဝအသုံးချနိုင်ရန်အတွက် ရေသိုလှောင်ထိန်းသိမ်းရန် နေရာများလိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝဆောင်ရွက်နိုင်ရန် ကန့်သတ်ချက်များရှိနေသည့် အချို့ဒေသများ၌ မြစ်ချောင်းများအနီး တရားမဝင်ရွှေတူးဖော်သည့်လုပ်ငန်းများကို အလွန်အကျူးလုပ်ဆောင်လာမှုများကြောင့် မြစ်ချောင်းများတိမ်ကောခြင်း၊ နုန်းပို့ချမှု များပြားခြင်းနှင့် ရေစီးကြောင်းပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒေသအလိုက်မှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ၏အဖိုးတန် ရေသယံဇာတများ ပျက်စီးမှုမရှိစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး၊ ရေကြီးရေလျှံခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် တရားမဝင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့်လည်း မိမိတို့ဒေသအလိုက် တရားမဝင်ရွှေတူးဖော်ခြင်းများ လုပ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာသို့ သတင်းပေးပို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးစီးပွားကို ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ နိုင်ငံအတွင်းရှိ မြစ်ချောင်းများ၌ နုန်းဆယ်ခြင်းလုပ်ငန်းများ၊ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရေသယံဇာတကို အကျိုးရှိရှိ အသုံးချသွားနိုင်ရေး စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြစ်ချောင်းများ၌ မြေအောက်တမံများတည်ဆောက်၍ ရေအရင်းအမြစ်များကို ထိန်းသိမ်းနိုင်ပြီး မြေဆီ၏အစိုဓာတ်ကို ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရေအရင်းအမြစ်များကို လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ရေသုံးစွဲရာတွင် အဟောသိကံ အသုံးပြုခြင်းမဖြစ်စေဘဲ ရေသုံးစွဲမှုများကို စနစ်တကျဖြစ်အောင် ဆောင်ရွက်တတ်သည့် ပညာရပ်များကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအပါအဝင် စာသင်ကျောင်းများ၌ သင်ကြားပေးသွားကြရန်လိုကြောင်း၊ ရေအရင်းအမြစ်များကို အကျိုးရှိရှိစီမံအသုံးချနိုင်မှုမရှိဘဲ အထက်မှအောက်သို့စီးဆင်းကာ မြစ်ချောင်းများအတွင်း စီးဝင်ခြင်း၊ ထိုမှတစ်ဆင့် ပင်လယ်အတွင်းသို့ရောက်ရှိသွားခြင်းသည် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်ကို သိရှိနားလည်ကြရန်လိုကြောင်း။
နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ သို့သော်လည်း ရေရှည်ဖြစ်ပေါ်လာမည့် အကျိုးရလဒ်ကို သိရှိနားလည်ခြင်းမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည့်အရေးကို မလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှ သွေးထိုးလှုံ့ဆော်နေကြသူများ၏ စကားများကိုနားယောင်ကာ ကန့်ကွက်ခဲ့မှုများကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သင့်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းကြီးများသည် ယခုအချိန်အထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း၊ ကန့်ကွက်မှုများမရှိခဲ့ပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာဖြင့် ရရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှည်ကိုမျှော်တွေး၍ အားလုံးက စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။
ဒေသအလိုက်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရန်လို
မွေးမြူရေးနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တွင် မွေးမြူရေးဇုန်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဇုန်များအလိုက် သတ်မှတ်ထားသည့်အတိုင်း မွေးမြူထုတ်လုပ်နိုင်မည်ဆိုပါက ဒေသအတွင်း အသား၊ ငါး များ၏ ဈေးနှုန်းများမှာ ထိုက်သင့်သလောက်ကျဆင်းလာမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးကြီးမားသည်ဖြစ်သော်လည်း စနစ်တကျဖြင့် စီမံဆောင်ရွက်သွားမည်ဆိုပါက အကျိုးအမြတ်များစွာရရှိစေနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အလုပ်ကိုအမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် မြစ်ချောင်းများအတွင်းသို့ ငါးသယံဇာတများကို နှစ်စဉ်ထည့်သွင်းပေးလျက်ရှိကြောင်း၊ အားလုံးအမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ တစ်ဖက်မှလည်း လုပ်ငန်းဆောင်ရွက်နိုင်သူများက မွေးမြူရေးဇုန်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
မြေပြင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိအောင်ဆောင်ရွက်
လက်ရှိအချိန်တွင် ကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိနေပြီဖြစ်သဖြင့် သင်ကြားရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာဖြင့် စာပေသင်ကြားနိုင်ရန်လိုကြောင်း၊ အထူးသဖြင့် အဖျက်အမှောင့်လုပ်ငန်းများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် သိရှိအောင်ဆောင်ရွက်ထားရန်နှင့် အထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီသိရှိမှသာလျှင် အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့ဝန်ကြီးဌာနအလိုက်၊ ဒေသများအလိုက် မြေပြင်တွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို သိရှိနားလည်အောင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ ထိတွေ့ဆက်ဆံခြင်းများဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းတင်ပြ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက်ကွပ်ကဲအုပ်ချုပ်သွားရန်လို
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ရွေးကောက်ခံအစိုးရဖြစ်ပြီး ပြည်သူများကရွေးချယ်ထားသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ ပြည်သူများ၏ကိုယ်စား နိုင်ငံ့အကျိုးကိုထမ်းဆောင်ကြရမည့် ပြည်သူတို့၏ အကျိုးကိုဖော်ဆောင်ကြရမည့် အစိုးရဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုကောင်းစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရန်လိုကြောင်း၊ ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်သကဲ့သို့ ဝန်ထမ်းများအချင်းချင်း ညီညွတ်မျှတစွာဖြင့် အထက်အောက်ကွပ်ကဲ အုပ်ချုပ်သွားရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်သော်လည်း မလိုလားအပ်ဘဲ ပြည်သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်လည်း ဂရုပြုဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်ပတ်သက်၍ ကောင်းစွာသိရှိ နားလည်နေရမည်ဖြစ်သကဲ့သို့ ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်ကြရန်လည်းလိုကြောင်း။
သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းသည် လုပ်ငန်းတစ်ခုအောင်မြင်မှုရှိစေရေးအတွက် ကြိုတင်လေ့လာဆန်းစစ် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်နိုင်သည်များကို သုတေသနပြု ဆောင်ရွက်သွားရန်လိုပြီး အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ စက်မှုလက်မှု၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုအပါအဝင် ပညာရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်တွေ့ အသုံးချနိုင်သည်များကို အမြဲဆန်းစစ်သုတေသနပြုလုပ်နေရန်လိုကြောင်း၊ သုတေသနလုပ်ငန်းများကို ဝန်ကြီးဌာနများအားလုံးက အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။
ဘဏ္ဍာငွေများ အသုံးချမှုနှင့်ပတ်သက်၍လည်း ခွင့်ပြုပေးထားသည့်ဘဏ္ဍာငွေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် မှန်မှန်ကန်ကန်နှင့်အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ အသုံးချနိုင်မှုမရှိဘဲ ပိုလျှံရန်ပုံငွေစာရင်းသို့ ပြန်လည်အပ်နှံခြင်းသည် နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုပင်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများအား သတ်မှတ်ကာလအတွင်း သုံးစွဲနိုင်မှုမရှိပါကလည်း ဆောလျင်စွာပြန်လည်အပ်နှံသွားရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာ အခြားနိုင်ငံတော်အတွက် လိုအပ်သည့်နေရာများ၌ လွှဲပြောင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဝန်ဆောင်မှုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ဘဏ္ဍာငွေများကို အကျိုးရှိရှိအသုံးချသွားကြရန်လိုကြောင်း၊ ထို့ပြင် ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများအား အလွဲသုံးစားခြင်းများ မရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးစစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်နေသည်များရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးပိုင်းဆိုင်ရာအရ စစ်ဆေးကြပ်မတ်ခြင်းသာဖြစ်ရန်လိုပြီး ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်လိုကြောင်း၊ လုံခြုံရေးအရ၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အရ စစ်ဆေးခြင်းများ ဆောင်ရွက်သည်ကို လက်ခံ၍ရသော်လည်း တရားမဝင်ငွေကြေးကောက်ခံခြင်းများ မဖြစ်ရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျဖြင့် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လစာနှုန်းထားနှင့် ထောက်ပံ့ကြေးများကို ပေးထားကြောင်း၊ သို့ဖြစ်၍ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာများကို မလျော်မညီအသုံးချ၍ ငွေကြေးရယူခြင်း၊ ကောက်ခံခြင်းများ လုပ်ဆောင်ခြင်းမပြုကြရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း မိမိတို့တစ်ဦးတစ်ယောက်၏အကျိုးစီးပွားကို လိုလားမှုဖြင့် လုံခြုံရေးဆောင်ရွက်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများကို ငွေကြေးပေးလာဘ်ထိုးခြင်းများဖြင့် မဖျက်ဆီးကြရန်လိုကြောင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ငွေကြေးအလွဲသုံးစားခြင်း၊ လုပ်ပိုင်ခွင့်အာဏာကို မလျော်ညီစွာ အသုံးပြုခြင်းတို့ဖြင့် အားကောင်းသော နိုင်ငံတော်အစိုးရတစ်ရပ်၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေပြီး နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများအားလုံး အဂတိတရားကင်းရှင်းမှုရှိစေရေး ဆောင်ရွက်သွားကြရန်နှင့် ကြပ်မတ်ကွပ်ကဲရန် တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကွပ်ကဲကြပ်မတ်သွား ကြရန်လိုကြောင်း။
နိုင်ငံတစ်နိုင်ငံတွင် အဓိကအားဖြင့် စီးပွားရေးအားကောင်းရန်လိုပြီး စီးပွားရေးအားကောင်းမှသာလျှင် ငွေကြေးခိုင်မာမှုရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်၏ ငွေကြေးကို ခိုင်မာအောင်လုပ်ဆောင်ပေးရမည်ဖြစ်ပြီး စီးပွားရေးအရ အားကောင်းလာစေရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ခိုင်ခိုင်မာမာလျှောက်လှမ်းနေပြီဖြစ်ကြောင်း၊ လုပ်ဆောင်ချက်များအားလုံးကို မရေမရာဖြင့်စမ်းတဝါးဝါးဆောင်ရွက်နေခြင်းမဟုတ်ဘဲ တိကျခိုင်မာသည့် ဦးတည်ချက်၊ ရည်မှန်းချက်များထားရှိပြီး မိမိတို့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများဖြင့် အကောင်းဆုံးအသုံးချဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများအားလုံးအနေဖြင့် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသည့် လုပ်ငန်းများအားလုံး အောင်မြင်မှုရှိစေရေး အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MOI
နေပြည်တော် ဇွန် ၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနိုနှင့် ဇနီးတို့သည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် နေပြည်တော်သို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ သံတမန်ဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ်ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများအပေါ် အင်ဒိုနီးရှားနိုင်ငံက အပြုသဘောဆောင်ကြိုဆိုခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို နားလည်ထောက်ခံသည့် အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ပညာသင်ဆုများ ပေးအပ်ခြင်းအပါအဝင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးစေလိုကြောင်း ပြောကြားသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရှိရင်းစွဲဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရသစ်တစ်ရပ်ထွက်ပေါ်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ အာဆီယံထုတ်ပြန်ချက် ၅ ရပ်အား မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော်လျက်ရှိခြင်းကို အင်ဒိုနီးရှားအနေဖြင့် အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ မိသားစုဝင်အဖြစ် နှစ်ပေါင်းများစွာတည်ရှိလာသည်ဖြစ်ရာ အာဆီယံ၏ လှုပ်ရှားဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံကို ဆက်လက်ပါဝင်စေလိုကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် လူ့အဖွဲ့အစည်းတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် နားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပံ့ပိုးလိုကြောင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူအချင်းချင်းကူးလူးဆက်ဆံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်လိုကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။
moi
နေပြည်တော် ဇွန် ၈
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၈ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/83692
နေပြည်တော် ဇွန် ၈
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၉ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၄၃ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/83691
နေပြည်တော် ဇွန် ၅
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား ယနေ့နံနက် ၁၁ နာရီတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာ - တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် “အေးအတူပူအမျှ အသိုက်အဝန်း” တည်ထောင်မှုအပါအဝင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့ပြင် နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများကို အိမ်နီးချင်း ကောင်းပီသစွာ အတူတကွ ပူးပေါင်းတိုက်ဖျက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများ တွင်လည်း နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးတို့ကို သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အစဉ်တစိုက် ထောက်ခံအားပေးမှုနှင့် ကူညီပံ့ပိုးပေးမှုများ၊ အထူးသဖြင့် မြေငလျင်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ”နှင့် တရုတ်နိုင်ငံအကြီးအကဲ၏ ကမ္ဘာလုံးဆိုင်ရာ အစီအမံ (၄) ရပ်အပေါ် အပြည့်အဝထောက်ခံပြီး ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် SCO နှင့် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစသည့် မူဘောင်များအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ တည်ဆောက်မှုတွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသည့် လမ်းကြောင်းဖြင့် လျှောက်လှမ်းနေမှုကို ထောက်ခံအားပေးပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကို မြှင့်တင်သွားပြီး ကဏ္ဍစုံ၌ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ် အဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာလီဟုန်ကျုံးအား ပြည်သူ့ခန်းမဆောင်၌ သွားရောက်တွေ့ဆုံ၍ လွှတ်တော်နှင့် အစိုးရသစ်မှ ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်
MDN
ရန်ကုန် ဇွန် ၈
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေး၌ ဒူးရင်းသီးများ လက်လီ၊ လက်ကားရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးမှုများသည့်အတွက် ဒူးရင်းသီးများ အရောင်းသွက် နေကြောင်း သိရသည်။
“စားသုံးသူများတဲ့အတွက် ဒီနှစ်လည်း ရောင်းအားကောင်းတယ်။ မြန်မာမျိုး၊ ထိုင်းမျိုးရှိပေမယ့် စားသုံးသူက သူ့အကြိုက်နဲ့ သူမို့ အကုန်ရောင်းရပါတယ်။ နယ်တွေက အမှာတွေကို အများဆုံးတင်ပို့ရောင်းချနေရပါတယ်” ဟု သီရိမင်္ဂလာဈေး ဒူးရင်းသီးဒိုင်မှ ဦးမောင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ အဓိက စိုက်ပျိုးထွက်ရှိပြီး စားသုံးသူ ဈေးကွက်တွင် မြန်မာ့ဒူးရင်း အပြင် ထိုင်းဒူးရင်းသီးများကိုလည်း ဝယ်ယူစားသုံးကြသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လှည်းကူး၊ မှော်ဘီ၊ ကော့မှူး၊ တွံတေးတို့တွင်လည်းဒူးရင်းသီး စိုက်ပျိုးမှုရှိပြီး ဝယ်လိုအားများသော စီးပွားဖြစ် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ယခုမိုးရာသီတွင် တိုက်ကြီးမြို့နယ် ဥက္ကံတွင် တိုးချဲ့စိုက်ပျိုးမှုရှိကြောင်း ရန်ကုန်မြို့ ဒူးရင်းအစုအဖွဲ့မှ သိရသည်။
ဒူးရင်းသီးသည် အပူဓာတ်များသည့် အသီးအနှံဖြစ်သည့်အတွက် ဒူးရင်းသီးနှင့် မင်းကွတ်သီးကို တွဲဖက်စားသုံးခြင်းဖြင့် အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးကို ကာကွယ်နိုင်ကြောင်း သိရသည်။
MWD
ရန်ကုန် ဇွန် ၇
နိုင်ငံတစ်ဝန်းသို့ ရေချိုထွက်ကုန်များ နေ့စဉ်မပြတ် စီးဆင်းလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် လုပ်သားအင်အား ၂၀၀၀ ကျော်ဖြင့် ရေချိုထွက်ကုန်များကို နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ဘုရင့်နောင်လမ်းမကြီးနှင့် လှိုင်မြစ်မှ ရွှေပိတောက်ငါးဈေးသို့ ဝင်ရောက်လာသည့် ရေချိုထွက်ကုန်များကို ရန်ကုန်မြို့နှင့် ဒေသအသီးသီးသို့ တင်ပို့ရာ၌ လုပ်သားအင်အားသည် အရေးပါလျက်ရှိရာ ရွှေပိတောက်ငါးဈေးသို့ လှိုင်၊ ကြည့်မြင်တိုင်၊ ဒလ၊ တွံတေး၊ အင်းစိန်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့မှ အလုပ်သမားများ နေ့စဉ် ကုန်တင်ကုန်ချ၊ ရေခဲရိုက်၊ ငါးပုံးရိုက်၊ ပို့ဆောင်ရေးနှင့် အရောင်းအဝယ် လုပ်ငန်းတို့၌ လုပ်ကိုင်ကြလျက်ရှိသည်။
ရွှေပိတောက်ငါးဈေးသည် ရှစ်ဧကကျော်ကျယ်ဝန်းပြီး ဆိပ်ကမ်းတစ်ခုလည်း ရှိ၍ ဈေးရုံပေါင်း ခုနစ်ရုံရှိကာ ဆိုင်ခန်းနှင့် ရေခဲဒိုင်အပါအဝင် ဆိုင်ခန်းပေါင်း ၄၃၂ ခန်းရှိကြောင်း သိရသည်။
MWD
ရန်ကုန် ဇွန် ၇
ယခုဘဏ္ဍာနှစ် မေလတစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၃၀၀၀၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ ခြင်းဖြစ်ကာ ပြီးခဲ့သည့်မေလက ဆန်နှင့်ဆန်ကွဲပို့ကုန် ကုမ္ပဏီ ၄၂ ခုမှ ဆန်တန်ချိန် ၅၇၈၅၈ တန်နှင့် ဆန်ကွဲ တန်ချိန် ၇၈၄၀၄ တန် စုစုပေါင်း ၁၃၆၂၆၂ တန် တင်ပို့ နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့တင်ပို့ရာတွင် ဆန်ကို ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၂၃၉၉၀ ဖြင့် အများဆုံး တင်ပို့ထားပြီး ပိုလန်၊ စပိန်နှင့် တရုတ်နိုင်ငံအပါအဝင် စုစုပေါင်း ၂၆ နိုင်ငံသို့တင်ပို့ခဲ့ကြောင်း၊ ဆန်ကွဲကို တရုတ်နိုင်ငံသို့ ၄၀၆၈၉ တန်ဖြင့် အများဆုံးတင်ပို့ထားပြီး ဘယ်လ် ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နှင့်အီတလီနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ဧည့်မထ/ငစိန်အုပ်စုဝင်များဖြစ်သော ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ ရွှေမန်း စသည့်ဆန်ကြမ်းများကို အဓိကတင်ပို့ပြီး ပေါ်ဆန်းဆန်ကိုလည်း တင်ပို့မှုရှိ ကြောင်း၊ ထိုသို့တင်ပို့ရာတွင် အာရှနိုင်ငံများအပြင် ဥရောပ၊ အာဖရိက၊ ဗြိတိန် စသည့် အနောက်နိုင်ငံများသို့ပါ တင်ပို့ကာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ပြည်ပ သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၇၄၀၇၃၉ တန် တင်ပို့ခဲ့ ကြောင်း သိရသည်။
MWD
နေပြည်တော် ဇွန် ၅
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက်(MYANWEN)ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား ရုံးအမှတ်(၃၀) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဇွန် ၂၇ ရက်တွင် ကျင်းပမည့် “ကမ္ဘာ့ MSME နေ့” (World MSME Day) အထိမ်းအမှတ် အခမ်းအနားတွင် ကွန်ရက်မှ “Made in Myanmar” ထုတ်ကုန်များ၊ ကွန်ရက်၏ဆောင်ရွက်မှု မှတ်တမ်းများ ပါဝင်ပြသသွားရေး၊ ကွန်ရက်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်လအလိုက် လုပ်ငန်းအစီ အစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဝါးမှ ပျော့ဖတ်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရုံးအမှတ် (၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင်မှုတို့မှတစ်ဆင့် နိုင်ငံတော်အတွက် အခြေခံကျသည့် တီထွင်ဆန်းသစ်မှုတစ်ရပ်ကို ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဝါးမှ ပျော့ဖတ်ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်၊ နည်းပညာတိုးတက်ရရှိရန် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဇွန် ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် ပဲမျိုးများ၊ နေကြာမျိုးများနှင့် သီးနှံမျိုးများအား မျိုးစေ့များအလိုက် သုတေသနပြုထုတ်လုပ်လျက်ရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဈေးကွက်ဝင်အရည်အသွေးရှိသည့် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲပုပ်တို့အပါအဝင် ပဲအမျိုးမျိုးကို တင်ပို့ရောင်းချရလျက်ရှိကြောင်း၊ ဈေးကွက်ရရှိမှု ပိုမိုခိုင်မြဲစေရေးအတွက် ပဲများ၏ အရည်အသွေး ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်လာအောင် စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲမျိုးစုံသီးနှံများသည် ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့ဖြင့် ဝင်ငွေရရှိပြီး စီးပွားရေးအရ အရေးပါသည့် သီးနှံများဖြစ်သည့်အတွက် ဒေသနှင့် သင့်တော်ကိုက်ညီသည့် အထွက်ကောင်းမျိုး၊ ရောဂါဒဏ်ခံနိုင်သောမျိုး၊ ဈေးကွက်ရရှိသည့် မျိုးများကို စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။
လက်ရှိ ပြည်ပဈေးကွက်သို့ တင်ပို့လျက်ရှိသော ပဲမျိုးစုံတို့အနေဖြင့် အရည်အသွေးအားဖြင့် ကောင်းမွန်မှုရှိသော်လည်း အခြားနိုင်ငံများမှ ပဲများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လိုအပ်ချက်ရှိနေသည်ဟု သိရှိရကြောင်း၊ ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာတွင် အရွယ်အစား၊ အရောင်အဆင်း၊ အရသာစသည့် သုံးမျိုးစလုံး ကောင်းမွန်နေရန်လိုကြောင်း၊ ဒေသအလိုက် ရေမြေသဘာဝ တူညီမှုရှိမည်မဟုတ်သဖြင့် အရွယ်အစား၊ အရောင်အဆင်း၊ အရသာများလည်း ကွဲပြားခြားနားမှုရှိနိုင်မည် ဖြစ်သောကြောင့် ဒေသအလိုက် ကိုက်ညီသည့် သီးနှံမျိုးစေ့များကို စနစ်တကျဖြင့် သုတေသနပြုထုတ်လုပ်သွားရန်လိုကြောင်း၊ နေကြာမျိုးစေ့များနှင့် နှမ်းမျိုးစေ့များ ကိုလည်း ဆက်လက်တိုးချဲ့ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊ စိုက်ဧက တိုးချဲ့မည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် မျိုးစေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်း များကို ပြည်တွင်း၌သာ စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်သွားကြရန်လိုကြောင်း၊ သီးနှံစိုက်ဧက အများအပြားရှိသော်လည်း အထွက်နှုန်းလျော့နည်းလျက်ရှိသည့်ဒေသများသို့ သုတေသနအဖွဲ့များ စေလွှတ်၍ အချိန်ယူ သုတေသနပြု အဖြေရှာ ဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ သီးနှံများအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အမြတ်နည်းနည်းနှင့် အရေအတွက်များများ ရောင်းချနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MDN
နေပြည်တော် ဇွန် ၅
(၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေး (Plenary Session) ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Η.Ε. Mr. Vladimir Putin ၊ ဥဇဘက်ကစ္စတန်သမ္မတ H.E. Mr. Shavkat Mirziyoyev ၊ တန်ဇန်းနီးယားနိုင်ငံ သမ္မတ H.E. Mrs. Samia Suluhu hassan ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zeng ၊ ဖိတ်ကြားထားသည့်နိုင်ငံများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin က မိန့်ခွန်းပြောကြားကာ ဖိုရမ်၏ ဆွေးနွေးမှုကို ဦးဆောင်ဆွေးနွေးသည်။
နံနက်ပိုင်းကလည်း ဒုတိယသမ္မတ ဦးညိုစောသည် ရုရှား - အာဆီယံစီးပွားရေးကောင်စီ (Russia-ASEAN Business Council) ဥက္ကဋ္ဌ Mr. Ivan Viktorovich Polyakov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အဆိုပါစင်တာ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှား - အာဆီယံစီးပွားရေးကောင်စီတို့အကြား ဆက်ဆံရေးပိုမိုခိုင်မာစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍစုံ ကျယ်ပြန့်စွာ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆိုင်ရာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Inter RAO ကုမ္ပဏီနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလိမိတက်တို့မှ တာဝန်ရှိသူများက ဒုတိယသမ္မတနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့၏ရှေ့မှောက်တွင် လက်မှတ်များ ရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ကြသည်။
ယမန်နေ့ကလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှု ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) တို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ (MoC) များကို တာဝန်ရှိသူများက လက်မှတ်များရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် ဇွန် ၄
၄ -၆-၂၀၂၆ ရက်နေ့တွင် မြန်မာနိုင်ငံနှင့်ဥရောပအာရှစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်၊ မေခရို(အကြီးစား) စီးပွားရေးနှင့်ပေါင်းစည်းရေးဝန်ကြီး Mr. Danilar Imanaliev တို့က ဦးဆောင်၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကျင်းပရေး၊ အာဆီယံမူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဥရောပအာရှ စီးပွားရေးကော်မရှင်၊ မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး Mr. Danilar Imanaliev၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
moi
ဆိုးလ် မေ ၂၅
ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်တို့နှင့်အတူ မေ ၂၄ ရက်က Bongeunsa Temple ကျောင်း၌ ဗုဒ္ဓမွေးနေ့အထိမ်း အမှတ်ကျင်းပသည့်“50 Years of Gratitude & Friendship, 100 Years of Mercy”အခမ်းအနားသို့ တက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ သံဃနာယက အဖွဲ့ခေါင်းဆောင် ဆရာတော် Venerable Wong-myeong နှင့်အတူ ဂုဏ်ပြုပူဇော်စကား ဟောကြားသည်။
ဗုဒ္ဓမွေးနေ့ အခမ်းအနားကျင်းပသည့် Bonge-unsaTemple သည် ဆိုးလ်မြို့ Gangnam ခရိုင်၌ တည်ရှိပြီး နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်းဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ဖြစ်သည်။ အဆိုပါကျောင်းတော်၌ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော မတ်ရပ်ကျောက်ဆင်းတုတော်ကြီးနှင့် ရှေးဟောင်းသစ်သားဘုန်းကြီးကျောင်းဆောင်များရှိပြီး ကိုရီးယားရိုးရာ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်သည့် နေရာတစ်ခုအဖြစ် ထင်ရှားသည်။ နှစ်စဉ် မေလတွင် ဗုဒ္ဓမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သည့် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။
သတင်းစဉ်
MDN
ဘားအံ မေ ၂၃
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်မောင်လှိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမြင့်နိုင်၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ခွန်မြတ်ထူးတို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ နှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဆိုင်ရာအခြေအနေများ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
မော်လမြိုင် မေ ၂၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မွန်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိသဖြင့် မိမိတို့ ပြည်နယ်၊ ဒေသတည်ငြိမ်အေးချမ်းအောင် တိုင်းရင်းသားများအနေဖြင့် ယခုအစိုးရသစ်နှင့် အတူတကွလက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် ပွဲတော်ကျင်းပရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ မင်းရွာကျေးရွာတွင် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် မွန်ပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုစင်တာ တည်ဆောက် နေမှု၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်
MDN
ရန်ကုန် မေ ၂၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် ကချင်၊ ကရင်၊ ဇိုတုန်(ချင်း)၊ ဟွာလ်ငို (ချင်း)၊ မရာ(ချင်း)၊ ဒိုင်(ချင်း)၊ ဗမာ၊ ထားဝယ်၊ မွန်၊ ရခိုင်၊ မြို၊ ခမီ၊ ရှမ်း၊ ပအိုဝ်း၊ တအာင်းနှင့် ကိုးကန့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ က တိုင်းရင်းသားဘာသာစာပေ သင်ကြားရေးဆိုင်ရာများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော် ကျင်းပရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
ရန်ကုန် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင် တည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ အများဆုံးအပန်းဖြေလည်ပတ်ခဲ့ကြောင်း ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ သိရသည်။
ခရီးသွားရာသီကာလတွင် ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ၊ ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားဥရောပနိုင်ငံအချို့မှ နိုင်ငံခြားသားခရီးသွားများ အများဆုံးလာရောက်လည်ပတ်ခဲ့သည်။ ပင်လယ်ပြင်သဘာဝအလှ၊ သစ်တောသစ်ပင်၊ ရှားပါးမျိုးစိတ်၊ ငါး၊ ပုစွန်ပေါက်ပွားရာ ဒီရေရောက် သစ်တောနှင့် သန္တာကျောက်တန်းများ သဘာဝအတိုင်းတည်ရှိမှုကို သဘာဝဂေဟစနစ်အား ချစ်မြတ်နိုးကြသည့် ဥရောပခရီးသွားများ လာရောက်လေ့လာ အပန်းဖြေလည်ပတ်ခဲ့သည်။
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းမှ တစ်ရက်လျှင် ခရီးသွား ၄၀ ကျော် လက်ခံပြီး ပင်လယ်အစားအစာနှင့် သဘာဝသစ်သားအိမ်များဖြင့် ဝန်ဆောင်မှုပေးထားကာ ခရီးသွားဝင်ရောက်မှုများသည် ဒီဇင်ဘာလ၊ ဇန်နဝါရီလတို့တွင် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၈၅၀ နှင့် ကျန်သောလများ၌ အမေရိကန်ဒေါ်လာ ၈၀၀ ဖြင့် ဝန်ဆောင်မှုပေးသည်။
ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ နိုဝင်ဘာလမှ ဧပြီလကုန်ပိုင်းအထိ ခရီးသွားများ လည်ပတ်လေ့ရှိပြီး ပုံမှန်အားဖြင့် ဩဂုတ်လမှစ၍ ခရီးသွားလက်ခံလေ့ရှိသော်လည်း ယခုခရီးသွားရာသီ၌ ခရီးသွားပိုမိုဝင်ရောက်ခဲ့မှုကြောင့် လာမည့်ခရီးသွားရာသီကာလအတွက် ယခုမေလမှစကာ ကြိုတင်စာရင်းလက်ခံလျက်ရှိသည်။
“ကျွန်တော်တို့က ဝါးအလယ်ကျွန်းကို ဧည့်သည်အများကြီး လာဖို့မမျှော်မှန်းထားပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂေဟစနစ် ပျက်စီးသွားမှာစိုးလို့ပါ။ တစ်ရက်ကို ခရီးသွား ၄၀ နဲ့ ၅၀ ကြားပဲလက်ခံပါတယ်။ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်တဲ့အတွက် နိုင်ငံခြားသားခရီးသွားတွေကို သဘာဝအလှ၊ သဘာဝပတ်ဝန်းကျင်နဲ့ သဘာဝအတိုင်း ထိန်းသိမ်းထားရှိတဲ့ မိုးသစ်တော၊ ဒီရေတော၊ ဇီဝမျိုးစုံမျိုးကွဲ၊ တောရိုင်းတိရစ္ဆာန်နဲ့ ဒေသခံ ဆလုံတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုတို့ကို ပြသပါတယ်။ အထူးသဖြင့် ခရီးသွားများဟာ သဘာဝဂေဟစနစ်ကို ကြည့်ရှုခံစားချင်လို့ လာရောက်ကြတာဖြစ်တဲ့အတွက် သဘာဝကို ချစ်မြတ်နိုးတဲ့ ခရီးသွားတွေကို ကျွန်တော်တို့က ပိုပြီးလေးစားတန်ဖိုးထားပါတယ်။ ဒီလကစပြီး လာမယ့်ခရီးသွားရာသီအတွက် ကြိုတင်စာရင်းလက်ခံနေပါပြီ။ သဘာဝအလှကြွယ်ဝတဲ့ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းက ကြိုဆိုနေပါတယ်”ဟု ဝါးအလယ်ကျွန်း အပန်းဖြေစခန်းမှ အထွေထွေမန်နေဂျာ ဦးအောင်ဇင်လတ်က ပြောသည်။
လန်ပိကျွန်းကို ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ယခုခရီးသွားရာသီ၌ ဝါးအလယ်ကျွန်းအပန်းဖြေစခန်းသို့ အများဆုံးလာရောက်အပန်းဖြေလည်ပတ်သည့် ခရီးသွားများမှာ ဂျာမနီနိုင်ငံမှဖြစ်ပြီး ဒုတိယအများဆုံးမှာ ရုရှားနိုင်ငံမှဖြစ်ကာ တတိယသည် အမေရိကန်နိုင်ငံမှဖြစ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး
MOI
ကဘူးလ် မေ ၆
အာဖဂန်နစ္စတန်နိုင်ငံ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံ၏ကြွယ်ဝသော သမိုင်းဝင်အမွေအနှစ်များကို မှတ်ပုံတင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများတွင် သိသာထင်ရှားသည့် တိုးတက်မှုများရှိခဲ့ကြောင်း မေ ၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံတစ်ဝန်းရှိ သမိုင်းဝင်အဆောက်အအုံ ၇၀ ဝန်းကျင်ကို ပညာရှင်များဖြင့် ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ကြောင်း၊ ထို့ပြင် အသစ်တွေ့ရှိသော ရှေးဟောင်းအမွေအနှစ်နေရာသစ် ၁၅ ခုကိုလည်း ဖော်ထုတ်ပြီး တရားဝင်မှတ်ပုံတင်နိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
အာဖဂန်နစ္စတန်နိုင်ငံသည် ပိုးလမ်းမကြီးတစ်လျှောက်တည်ရှိသောကြောင့် ရှေးဟောင်းအမွေအနှစ်များ ထွန်းကားခဲ့သည့် သက်သေအထောက်အထားများစွာရှိနေပြီး ကမ္ဘာပေါ်တွင် ယဉ်ကျေးမှုအမွေအနှစ်အကြွယ်ဝဆုံးနှင့် မတူကွဲပြားသော ယဉ်ကျေးမှုအမွေအနှစ်ပေါင်းစုံရှိသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ
MDN
လက်ဘနွန်တောင်ပိုင်းရှိ ဒီဘေးလ် (Dibil) ခရစ်ယာန်ကျေးရွာတွင် အစ္စရေးစစ်သားတစ်ဦးက အပျိုစင်မယ်တော်မာရီ ရုပ်ထု၏ နှုတ်ခမ်းတွင် စီးကရက်ခဲပေးထားသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်၌ ပျံ့နှံ့လာမှုကြောင့် ပြင်းထန်သော ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့အနေဖြင့် ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာနေရာများကိုလေးစားမှုရှိကြောင်းနှင့် ယခုလုပ်ရပ်သည် တပ်မတော်၏ တန်ဖိုးထားမှုများမှ သွေဖည်နေသဖြင့် တရားဝင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့သော လုပ်ရပ်မျိုးသည် ယခုပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့် ဧပြီလကလည်း အဆိုပါရွာ၌ပင် အစ္စရေးစစ်သားတစ်ဦးက သခင်ယေရှု၏ ရုပ်ထုကို တူဖြင့်ထုရိုက်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ်က ပါဝင်ပတ်သက်သူ စစ်သားနှစ်ဦးကို စစ်မှုထမ်းခြင်းမှရပ်စဲကာ ရက်ပေါင်း ၃၀ အကျဉ်းချခဲ့သော်လည်း ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားစော်ကားသည့် လုပ်ရပ်များမှာ ရပ်တန့်သွားခြင်းမရှိပေ။
ထို့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အစ္စရေးတို့၏ စစ်ဆင်ရေးများကြောင့် ဂါဇာရှိ ရှေးအကျဆုံး ဂရိအော်သိုဒေါ့စ် ဘုရားကျောင်းနှင့် ကက်သလစ်ဘုရားကျောင်းတို့ ထိခိုက်ပျက်စီးကာ အရပ်သားများ သေဆုံးခဲ့ရသည့်အပြင် ဂျေရုဆလင်မြို့၌လည်း ကက်သလစ်သီလရှင်တစ်ဦး နေ့ခင်းကြောင်တောင် ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ယင်းကဲ့သို့သောဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် စနစ်တကျနှောင့်ယှက်နေသည့် ပုံစံမျိုးဖြစ်နေကြောင်း ဘုရားကျောင်းတာဝန်ရှိသူများနှင့် ဒေသခံများက ထောက်ပြဝေဖန်လျက်ရှိပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
နိုင်ငံတကာသတင်းများ
အမိန့်ကြော်ငြာစာများ
၁။ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံအခြေစိုက် အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteorological Center - ASMC) မှ ထုတ်ပြန်ချက်များအရ-
(က) ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်နေ့မှစတင်၍ မဲခေါင်ဒေသခွဲအတွက် သတိပေးချက်အဆင့် (၂) မှ အဆင့် (၁) သို့ လျှော့ချသတ်မှတ်ခဲ့ကြောင်း၊
(ခ) လွန်ခဲ့သောရက်များအတွင်း မဲခေါင်ဒေသခွဲတွင် စိုစွတ်သော ရာသီဥတုဖြစ်ပေါ်ခဲ့ပြီး Fire Hotspot နှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှု လျော့နည်းခဲ့ကြောင်း၊
(ဂ) လာမည့်လများတွင် မုတ်သုံကြားကာလအခြေအနေမှ အနောက်တောင်မုတ်သုံအခြေအနေသို့ ကူးပြောင်းမည် ဖြစ်ပါသောကြောင့် မဲခေါင်ဒေသခွဲ၏ နေရာအနှံ့အပြားတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်ဟု ခန့်မှန်းရကြောင်း၊
(ဃ) ASMC ၏ စောင့်ကြည့်လေ့လာမှု၊ ဆန်းစစ်မှုနှင့် ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှစတင်၍ မဲခေါင်ဒေသခွဲအတွက် သတိပေးချက်အဆင့် (၁) မှ အဆင့် (ဝ) (ခြောက်သွေ့ရာသီကာလ ကုန်ဆုံးခြင်း)သို့ ရောက်ရှိကြောင်း။
၂။ ASMC ၏ သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ မေလ ၁၆ ရက်နေ့အထိ Fire Hotspot ဖြစ်ပေါ်မှု သည် ၂၀၂၅ ခုနှစ်ထက် (၁) % ပိုမိုဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ထက် (၁၁) % လျော့နည်းစွာ ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့
လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ
ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ
ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာမှုတို့အပါအဝင် များစွာသော အကြောင်းခြင်းရာများကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ယခု ၂၀၂၆ ခုနှစ်အတွင်း၌လည်း ကမ္ဘာတစ်ဝှမ်း အပူချိန်မြင့်မားမှုကို ကြုံတွေ့ရလျက်ရှိပါသည်။
ဩစတြေးလျနိုင်ငံအနောက်ပိုင်း၊ အွန်စလိုမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ အပူချိန် ၄၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး ပြင်းထန်သော အပူလှိုင်းသက်ရောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ အလားတူ ကမ္ဘာ့အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ဘာရိန်းနိုင်ငံတွင်လည်း ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် အပူချိန် ၄၇ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် နိုင်ငံ၏ အမြင့်ဆုံးအပူချိန်အဖြစ် မှတ်တမ်းတင်ခဲ့ရပါသည်။ ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့မှတ်တမ်းဝင် အမြင့်ဆုံး အပူချိန်မှာ ၄၉ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၂၁ ဒီဂရီ ဖာရင်ဟိုက်) ဖြစ်ပြီး ပါကစ္စတန်နိုင်ငံ၊ ဂျာကိုဘာဘတ်မြို့၏ ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်နေ့ရှိ အပူချိန်ဖြစ်ပါသည်။
အထူးသဖြင့် ဧပြီလလယ်မှ မေလအတွင်း အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် အပူချိန်များ အလွန်မြင့်မားခဲ့ရာ အိန္ဒိယနိုင်ငံရှိ မြို့ပေါင်းများစွာ၏ နေ့စဉ်အမြင့်ဆုံးအပူချိန်မှာ ၄၆ ဒီဂရီဆဲလ်စီးယပ်စ်အထက်တွင် အများဆုံးရှိခဲ့ပြီး အပူရှပ်ခြင်း၊ အပူလွန်ကဲခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူအနည်းဆုံး (၃၇) ဦးရှိခဲ့ကာ ပါကစ္စတန်နိုင်ငံတွင်လည်း (၁၀) ဦးရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပါသည်။
ဥရောပအနောက်ပိုင်းဒေသများ၊ ယူကေနှင့် အိုင်ယာလန်နိုင်ငံတို့တွင်လည်း နွေရာသီအစောပိုင်းကာလဖြစ်သော မေလ၌ အမြင့်ဆုံးအပူချိန်များဖြစ်ပေါ်ခဲ့ရာ ပြင်သစ်နိုင်ငံတွင် မေလအတွင်း အချို့နေရာများ၌ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိခဲ့ပြီး အပူဒဏ်ကြောင့် သေဆုံးသူ ခုနစ်ဦးအထိ ရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင်လည်း ယခု ၂၀၂၆ ခုနှစ် နွေရာသီကာလများတွင် အထူးသဖြင့် ဧပြီလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ ဆင်ဖြူကျွန်း၊ အောင်လံ၊ ပခုက္ကူ၊ ချောက်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးနှင့် မြင်းခြံမြို့များတွင် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့်အထက်တွင် ရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အမြင့်ဆုံးအပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် စံချိန်သစ်တင်ခဲ့သော ချောက်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း အပူချိန်မှာ ၄၄ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်စ်သို့ ရောက်ရှိနေလျက်ရှိပါသည်။
ထိုသို့ပူပြင်းသော နွေရာသီကာလများအတွင်း အများပြည်သူတို့အနေဖြင့် အပူချိန်မြင့်မားခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် ထိခိုက်ခံစားရမှုများမှ လျော့နည်းသက်သာစေရေးအတွက် အပူရှောင်စခန်း များဖွင့်လှစ်ဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ချောက်၊ မင်းဘူး၊ စကု၊ အောင်လံ၊ မြို့သစ်မြို့များ၌ ၂၀၂၆ ခုနှစ်၊ မတ်လမှစတင်၍ အရိပ်ရအေးမြသောနေရာများ၊ လေဝင် လေထွက်ကောင်းမွန်သောနေရာများ၌ အပူရှောင်စခန်းများ ဖွင့်လှစ်ပြီး လာရောက်ခိုနားသူများကို သောက်ရေသန့်နှင့် အချိုရည်များ တိုက်ကျွေးခြင်း၊ မြန်မာ့ရိုးရာအစားအစာများ ကျွေးမွေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဖြန့်ဝေခြင်း၊ လိုအပ်သော ကျန်းမာရေးဆိုင်ရာများ စောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပေး နှိုးဆော်ချက်များ၊ လိုက်နာဆောင်ရွက်ရန်များ ထုတ်ပြန်ခြင်း၊ ဆေးရုံ/ ဆေးခန်းများ ကျန်းမာရေးဌာနများ၌လည်း အပူဒဏ်ကြောင့် ခံစားရမှုများကို အမြန်ဆုံးကုသစောင့်ရှောက်ပေးနိုင်ရန် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို အသင့်ပြင်ဆင်ဆောင်ရွက်ထားခြင်း၊ ကုသစောင့်ရှောက်မှုပေးခြင်းတို့ကို သက်ဆိုင်ရာများအလိုက် ဆောင်ရွက် လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမပတ်အထိ အပူဒဏ်အန္တရာယ်ကြောင့် သေဆုံးသူ(၃)ဦးရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ရသူ (၇၄) ဦးရှိကြောင်း၊ အပူဒဏ်အန္တရာယ်ဆိုင်ရာဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လာမည့်ရာသီကာလများတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍လည်း ကဏ္ဍအလိုက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ဌာန/ အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များအလိုက် မပြတ်စီမံဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အများပြည်သူသို့ အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
moi