ထူးခြားသတင်းများ
မြောက်အမေရိကသုံးနိုင်ငံက အိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပမည့် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်အသင်းအစား အီတလီအသင်းဖြင့် အစားထိုးရန် အမေရိကန်အထူးကိုယ်စားလှယ်တစ်ဦးက FIFA ကို ဖိအားပေးလျက်ရှိသည်။
အီတလီအသင်းသည် Play Off အဆင့်တွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား အသင်းကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် (၃) ကြိမ် ဆက်တိုက် လွဲချော်ခဲ့ရသည်။ ယင်းရှုံးနိမ့်မှုကြောင့် နိုင်ငံအတွင်း ဝေဖန်ကန့်ကွက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်ခဲ့ပြီး အမျိုးသား ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌပင် ရာထူးမှ နုတ်ထွက်သွားခဲ့ရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်များရုံး အကြီးအကဲဖြစ်သူ အီတလီ-အမေရိကန်နွယ်ဖွား Paolo Zampolli က ၎င်းအနေဖြင့် အီတလီအသင်းကို အီရန်အစား အစားထိုးဝင်ရောက်နိုင်ရေး တွန်းအားပေးခြင်းအားဖြင့် "အမေရိကန်မှာ ကျင်းပမည့် ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ အီတလီလူမျိုးတွေကို နွေးထွေးစွာကြိုဆိုနိုင်ဖို့ ဖြစ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ အာမခံချင်ပါတယ်" ဟု Corriere della Sera သတင်းစာသို့ ပြောကြားခဲ့သည်။ ၎င်း၏ စည်းရုံးလှုံ့ဆော်မှုများကို Financial Times သတင်းဌာနက ပထမဆုံးဖော်ပြခဲ့ခြင်း ဖြစ်သည်။ Zampolli က "အီရန်မဟုတ်ဘဲ အီတလီကသာ ကမ္ဘာ့ဖလားကို သွားသင့်တာပါ" ဟု အခိုင်အမာဆိုကာ အီတလီကစားသမားများကို မိမိတို့အိမ်ကွင်းမြေတွင် မတွေ့မြင်ရပါက စိတ်ပျက်မိလိမ့်မည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသောစစ်ပွဲကြောင့် အဆိုပါ အရှေ့အလယ်ပိုင်းနိုင်ငံ၏ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အပေါ် မရေရာမှုများရှိလာခဲ့သည်။ အီရန်အရာရှိများဘက်မှလည်း အီရန်အသင်း၏ ပွဲစဉ်များကို အမေရိကန်မှ မက္ကဆီကိုနိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် တောင်းဆိုမှု များအပါအဝင် သဘောထားအမျိုးမျိုး ထွက်ပေါ်နေသည်။ ဆွစ်ဇာလန် နိုင်ငံဖွား အီတလီနိုင်ငံသားဖြစ်သူ FIFA ဥက္ကဋ္ဌ Gianni Infantino ကမူ အီရန်အသင်းအနေဖြင့် အမေရိကန်မြေတွင်ပင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။
Zampolli ၏ စည်းရုံးလှုံ့ဆော်မှုသည် မကြာသေးမီက တင်းမာလာခဲ့သော အမေရိကန်-အီတလီ ဆက်ဆံရေးကို ပြန်လည်ကုစားရန် ကြိုးပမ်းမှု တစ်ခုဖြစ်ကြောင်း သတင်းဌာနနှစ်ခုစလုံးက ဖော်ပြခဲ့ကြသည်။ သမ္မတ ဒေါ်နယ်ထရမ့်က ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) ကို ဝေဖန်ခဲ့ပြီးနောက် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ရဟန်းမင်းကြီးအပေါ် ပစ်မှတ်ထားမှုကို ပြန်လည်တုံ့ပြန်ခဲ့ရာမှ နှစ်နိုင်ငံတင်းမာမှုမြင့်တက်ခဲ့ခြင်း ဖြစ်သည်။
Corriere della Sera ၏ ဖော်ပြချက်အရ ကမ္ဘာ့ဖလား (၄) ကြိမ် ရရှိထားသည့် အီတလီအသင်း ပါဝင်လာစေရန် ဆောင်ရွက်ခြင်းသည် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အီတလီ-အမေရိကန်နွယ်ဖွား မဲဆန္ဒရှင်များအကြား ရီပတ်ဘလစ်ကန်ပါတီအပေါ် ထောက်ခံမှုမြင့်တက်လာစေနိုင်သဖြင့် ထရမ့်အတွက် ပြည်တွင်းနိုင်ငံရေးအကျိုးအမြတ်များလည်း ရှိနိုင်ကြောင်း သိရှိရသည်။
သီးခြားသတင်းများအရ အမေရိကန်၏ ဂျူးဆန့်ကျင်ရေး တိုက်ဖျက်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Rabbi Yehuda Kaploun က ဥရောပ အရာရှိများအနေဖြင့် အဆိုပါပြဿနာကို ဖြေရှင်းရန်ပျက်ကွက်ခဲ့ပါက ကမ္ဘာ့ဖလားကာလအတွင်း ခရီးသွားလာခွင့်ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ဖော်ပြခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင် အဆုံးသတ်သွားမည်ဆိုလျှင်ပင် ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ သန်း ၃၀ ကျော်မှာ ဆင်းရဲမွဲတေမှုအတွင်းသို့ ပြန်လည်ကျရောက်သွားလိမ့်မည်ဟု ကုလသမဂ္ဂက သတိပေးလိုက်သည်။
"တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ GDP ရဲ့ ၀.၅ ရာခိုင်နှုန်းကနေ ၀.၈ ရာခိုင်နှုန်းအထိ ဆုံးရှုံးနေပါတယ် ၊ ဒါဟာ ကမ္ဘာပေါ်က ထိခိုက်လွယ်တဲ့ နိုင်ငံတွေအတွက် ဘာကိုဆိုလိုတာလဲဆိုတော့ လူဦးရေ ၃၂ သန်းလောက်ဆင်းရဲတွင်းကို ပြန်ကျသွားတာမျိုးပါပဲ" ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) မှ Alexander De Croo က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "အာရှ-ပစိဖိတ်ဒေသအတွက် တစ်နှစ်ကို ဒေါ်လာ ဘီလီယံ ၁၀၀ လောက်ရှိတဲ့ ပြည်ပရောက်လုပ်သားတွေရဲ့ မိသားစုထံ တိုက်ရိုက်ပေးပို့ငွေတွေဟာ အခုရက်ပိုင်းမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေ ပါတယ် ၊ စစ်ပွဲက မနက်ဖြန် ရပ်သွားမယ်ဆိုရင်တောင် အဲဒီဆိုးကျိုး တွေကို ခံစားနေရပြီဖြစ်တဲ့အတွက် လူသန်း ၃၀ ကျော်ဟာ ဆင်းရဲတွင်း ကို ပြန်ကျသွားမှာပါ" ဟု ထပ်လောင်းပြောဆိုခဲ့သည်။
ဘယ်လ်ဂျီယံဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ De Croo ၏ အဆိုအရ စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စားနပ်ရိက္ခာမလုံခြုံမှု တိုးပွား လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဖြစ်သည်ဟု ဆိုသည်။ ရေနံတင်ပို့မှုများအပြင် အီရန်ကပိတ်ဆို့ထားသည့် ဟော်မုဇ် ရေလက်ကြားမှ တစ်ဆင့် ပုံမှန်အားဖြင့် ဓာတ်မြေသြဇာအများအပြားကိုလည်း တင်ပို့နေရခြင်း ဖြစ်သည်။
နောက်ထပ် လအနည်းငယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုများ အထွတ် အထိပ်သို့ ရောက်ရှိလာနိုင်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။
"အခုက စိုက်ပျိုးရာသီပါ ၊ အခုစိုက်ပျိုးတဲ့အချိန်မှာ ဓာတ်မြေသြဇာ အလုံအလောက်မရဘူးဆိုရင် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလ တွေမှာ ထွက်နှုန်းတွေ အများကြီး လျော့ကျသွားပါလိမ့်မယ် ၊ ဒါကြောင့် နောက်လအနည်းငယ်မှာ စားနပ်ရိက္ခာ မလုံခြုံမှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်သွားပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် သေချာစေရန်အတွက် ‘လက်တွေ့ ကျသော စစ်ရေးဆိုင်ရာ ရွေးချယ်မှုများ’ လိုအပ်နေပြီဖြစ်ကြောင်း ဗြိတိန် နှင့် ပြင်သစ်နိုင်ငံတို့က တရားဝင် ပြောကြားလိုက်သည်။
လန်ဒန်မြို့မြောက်ပိုင်း၊ နော့သ်ဝုဒ်ရှိ ဗြိတိန်ပူးတွဲစစ်ဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် နှစ်ရက်ကြာ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာရေးဆွဲသူများ၏ ညီလာခံတွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey နှင့် ပြင်သစ် ကာကွယ်ရေးဝန်ကြီး Catherine Vautrin တို့က ပူးတွဲသဝဏ်လွှာ တစ်ရပ်ပေးပို့၍ အသိပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က နိုင်ငံပေါင်းစုံမှ စစ်ဘက်ကျွမ်းကျင်သူများအနေဖြင့် ခေါင်းဆောင်များအကြား ရရှိထားသည့် သံတမန်ရေးရာသဘောတူညီချက်များကို လက်တွေ့ကျသော စစ်ရေးလုပ်ငန်းစဉ်များအဖြစ်ပြောင်းလဲကာ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းတစ်ရပ်ကို အမြန်ဆုံး ရေးဆွဲကြရန် တိုက်တွန်းထားသည်။
အဆိုပါ ညီလာခံသို့ နိုင်ငံများစွာမှ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာရေးဆွဲသူများ တက်ရောက်လျက်ရှိပြီး ရေကြောင်းလမ်းပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပွင့်လင်းရိုးသားသော ဆွေးနွေးမှုများနှင့် မဟာမိတ်နိုင်ငံများ၏ ခိုင်မာသော ကတိကဝတ်များရရှိရန် မျှော်လင့်ထားကြသည်။
ဝန်ကြီးနှစ်ဦး၏အဆိုအရ ထိုသို့ စစ်ရေးအရပြင်ဆင်မှုများသည် ကမ္ဘာ့စီးပွားရေးတည်ငြိမ်စေရန်နှင့် ပြည်သူများကို အကာအကွယ်ပေးရန် အတွက် အရေးကြီးသော တိုးတက်မှုများ ဖြစ်လာမည်ဟု ယုံကြည်နေကြသည်။ သို့သော်လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ စစ်ရေးစီမံချက်များကို ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ရရှိပြီးနောက် အခြေအနေပေးသည်နှင့် တစ်ပြိုင်နက်သာ လက်တွေ့အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
ယူကရိန်းတွင် ဖြစ်ပွားနေသောစစ်ပွဲနှင့် အဓိကစီးပွားရေး နိုင်ငံတစ်ခုအပေါ် ချမှတ်ဖူးသမျှအနက် အပြင်းထန်ဆုံးဖြစ်သည့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း လွန်ခဲ့သောတစ်နှစ်အတွင်း ရုရှား ဘီလျံနာများ၏ကြွယ်ဝမှုသည် ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စံချိန်တင် ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ ၆၉၆.၅ ဘီလီယံအထိ ရောက်ရှိလာကြောင်း Forbes Russia က ဖော်ပြခဲ့သည်။
ရုရှား၏ အချမ်းသာဆုံးပုဂ္ဂိုလ်များသည် ရုရှားနိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ ဆယ်စုနှစ်များစွာ တင်ပို့နေသည့် များပြားလှသော သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဆက်နွှယ်နေသူများ ဖြစ်ကြသည်။ ကုန်သွယ်မှုစီးဆင်းမှုတွင် အနှောင့်အယှက်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းက ၎င်းတို့၏ကြွယ်ဝမှုကို ပိုမိုတိုးပွားစေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ အချမ်းသာဆုံးစာရင်း၏ထိပ်ပိုင်းတွင် အမည်သစ်များ တိုးလာခြင်းမရှိကြောင်း Forbes က မှတ်ချက်ပြုထားသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Severgroup ၏ အထွေထွေညွှန်ကြားရေးမှူး ဖြစ်သူ Alexei Mordashov ကို ရုရှား၏ အချမ်းသာဆုံး ဘီလျံနာအဖြစ် Forbes က သတ်မှတ်ခဲ့သည်။ ၎င်း၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၃၇ ဘီလီယံ ရှိပြီး ယမန်နှစ် ကထက် ဒေါ်လာ ၈.၄ ဘီလီယံ (သို့မဟုတ် ၃၀ ရာခိုင်နှုန်း နီးပါး) မြင့်တက်လာခြင်းဖြစ်သည်။ Interros နှင့် သတ္တုထုတ်လုပ်ရေးလုပ်ငန်း Nornickel တို့၏ အကြီးအကဲ Vladimir Potanin မှာမူ ပိုင်ဆိုင်မှုဒေါ်လာ ၂၉.၇ ဘီလီယံဖြင့် ရုရှား၏ ဒုတိယအချမ်းသာဆုံးအဖြစ် ရပ်တည်နေသည်။
Lukoil အကြီးအကဲဟောင်း Vagit Alekperov က ပိုင်ဆိုင်မှု ဒေါ်လာ ၂၉.၅ ဘီလီယံဖြင့် တတိယနေရာတွင်ရှိပြီး ၊ Novatek ၏ CEO Leonid Mikhelson နှင့် မိသားစုက ဒေါ်လာ ၂၈.၃ ဘီလီယံဖြင့် စတုတ္ထနေရာတွင် ရှိကြောင်း Forbes က ဆိုသည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာသောရှုပ်ထွေးမှုများကြားတွင် ကြွယ်ဝချမ်းသာလာကြသည့် အဆိုပါ ရုရှားဘီလျံနာများသည် တစ်ချိန်က ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် များအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း ယခုအခါ ၎င်းတို့၏ပိုင်ဆိုင်မှုမှာ အမေရိကန် နည်းပညာထိပ်သီးသူဋ္ဌေးကြီးများ၏ ပိုင်ဆိုင်မှုနှင့်ယှဉ်လျှင် များစွာနိမ့်ပါးနေသေးသည်။
ကမ္ဘာ့ပထမဆုံး ထရီလျံနာ (ဒေါ်လာဘီလျံ ၁,၀၀၀ ပိုင်ရှင်) ဖြစ်လာရန် အလားအလာရှိနေသည့် Elon Musk သည် ပိုင်ဆိုင်မှု ဒေါ်လာ ၈၃၉ ဘီလီယံဖြင့် Forbes ၏ ကမ္ဘာ့အချမ်းသာဆုံးစာရင်းကို ဦးဆောင်နေပြီး Google ၏ Larry Page က ဒေါ်လာ ၂၅၇ ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
နောက်ဆုံးရရုပ်သံများ
ပြည်တွင်းသတင်းများ
နေပြည်တော် ဧပြီ ၂၄
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက တိုင်းဒေသကြီး/ ပြည်နယ်များရှိ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့် ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက ကြိုဆို လက်ခံခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများ နှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက် မျိုးစုံ ၃၁ လက်နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၄၈ လုံး၊ စကားပြောစက်တစ်လုံး၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ ၁၂၉၈ တောင့်၊ မိုင်းမျိုးစုံ သုံးလုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်း၊ လက်လုပ်သေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် ငါးသိန်းနှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီးတစ်လုံးစီအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှုန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၇၁၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုး စေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြသည်။
တည်ခင်းဧည့်ခံ
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့ အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသ တည်ငြိမ် အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၅၈ ဦး၊ အမျိုးသမီးငါးဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသားလေးဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသားနှစ်ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား တစ်ဦး၊ အမရပူရမြို့နယ်မှ အမျိုးသားရှစ်ဦး၊ အမျိုးသမီးသုံးဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီးသုံးဦး၊ မြစ်သားမြို့နယ်မှ အမျိုးသားတစ်ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသားတစ်ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသားနှစ်ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသားလေးဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီးကိုးဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး တစ်ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၅ ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီးလေးဦး၊ မိုးမိတ် မြို့နယ်မှ အမျိုးသား ၁၃ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသား လေးဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး တစ်ဦး၊ ချောက်မြို့နယ်မှ အမျိုးသား သုံးဦး၊ ဆိပ်ဖြူမြို့နယ်မှ အမျိုးသား တစ်ဦး၊ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှ အမျိုးသား ရှစ်ဦး၊ စလင်း မြို့နယ်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ မင်းလှမြို့နယ် မှ အမျိုးသား နှစ်ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား ရှစ်ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား ၁၄ ဦး၊ ရေနံချောင်းမြို့နယ်မှ အမျိုးသား တစ်ဦး စုစုပေါင်း အမျိုးသား ၄၇၀ နှင့် အမျိုးသမီး ၄၇ ဦး ပေါင်း ၅၁၇ ဦးဖြစ်သည်။
အဆိုပါ ဥပဒေဘောင်အတွင်း သို့ ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်အများစုသည် မိသားစုဝင် ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေး ကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက် လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိ ရပါသည်-
၁။ MDY-PDF တွေ ကျွန်တော်တို့ သပိတ်ကျင်းမြို့နယ်ထဲ ဝင်ရောက်လာတဲ့အခါမှာ တစ်အိမ် တစ်ယောက်အနေနဲ့ မဖြစ်မန ဝင်ရမယ့်စနစ်လို့ သူတို့ပြောတယ်။ ပြောတဲ့အခါမှာ ကျွန်တော်တို့ တကယ်လို့မဝင်ရင် မိသားစုတွေကို အန္တရာယ်ပေးမယ် ဒုက္ခပေးမယ်ဆိုလို့ ကျွန်တော်တို့ဝင်ခဲ့ရပါ တယ်။ ရောက်တဲ့အချိန်မှာ သင်တန်းကာလမှာ ကျွန်တော်တို့ကို ငှက်ပျောတောဆိုတဲ့ နေရာကို ပို့ပါတယ်။ ငှက်ပျောတောကနေပြီးတော့ သတ္တုတွင်းဆိုတဲ့နေရာကို ပို့ပါတယ်။ သတ္တုတွင်းကနေပြီး တော့ ရှမ်း (မြောက်) ကို ရောက်ပါ တယ်။ ကျွန်တော်တို့ရတဲ့ ပိုက်ဆံတွေကိုလည်း အထက်အရာရှိကို ပြန်ပေးဆောင်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က ပြည်သူတွေအတွက် သုံးတာမတွေ့ရပါဘူး။ သူတို့ ကိုယ်ကျိုးကောင်းစားဖို့အတွက်ပဲ သုံးတာတွေကို ကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်။ တချို့ ညီငယ် ညီမငယ်တွေကိုလည်း ရောင်းစားတာတွေလည်းရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီစနစ်ကို မကြိုက် လို့ ဒီမှာလည်းမနေချင်လို့ ထွက်ပြေးခဲ့တာလည်းဖြစ်ပါတယ်။ အဖွဲ့အစည်းကနေ ထွက်ပြေးလာတဲ့ အချိန်မှာ အခုတပ်မတော်ထံမှာ အလင်းလာဝင်တာပဲ ဖြစ်ပါတယ်။ တပ်မတော်ထံမှာ အလင်းလာဝင် တဲ့အချိန်မှာလည်း တပ်မတော်က နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးအားလုံး အဆင်ပြေအောင် လုပ်ပေးပါတယ်။ ညီအစ်ကိုလိုပဲ အားလုံးကို ဆက်ဆံပါတယ်။ အဖွဲ့ထဲမှာ ကျန်ခဲ့တာ ညီအစ်ကို မောင်နှမတွေ သူငယ်ချင်းတွေလည်း တပ်မတော်ထံမှာ အလင်း လာဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
၂။ ဒီအဖွဲ့အစည်းထဲရောက် သွားရတာကတော့ အိမ်နဲ့အဆင်မပြေတာနဲ့ သူငယ်ချင်းတွေဆီ သွားရင်းနဲ့ သူငယ်ချင်းတွေက သူတို့နဲ့လိုက်ခဲ့ ဟိုမှာလုပ်ငန်း အဆင်ပြေတယ်ပေါ့။ အစစအရာရာ အဆင်ပြေတယ်ဆိုပြီး ခေါ်သွားတယ်။ ဟိုမှာအကြမ်းဖက်တွေဆီ ရောက်သွားတယ်။ အဲဒီလိုမျိုး ခေါ်သွားမယ်လို့လည်း မသိဘူး။ လုပ်ငန်းကောင်းတယ်ဆိုပြီး ခေါ်သွားပြီး ဒီအကြမ်းဖက်ထဲမှာပဲ နေခိုင်းတယ်။ နေခိုင်းပြီးတော့ မနေရင် နင်တို့ကို တစ်ခုခုလုပ်မှာ ငါတို့ပွိုင့်နေရာတွေသိသွားပြီ ဆိုတော့ ကျွန်တော်တို့ကို မပြန်ခိုင်းဘူး။ မပြန်ခိုင်းဘဲနဲ့ သင်တန်းတစ်လလောက် ပေးတယ်။ သင်တန်းမှာလည်း ထမင်းနပ်မှန်အောင်လဲ မစားခဲ့ရဘူး။ သင်တန်းပြီးတော့ ရွှေဘိုမှာ တာဝန်ကျတယ်။ ကျွန်တော်တို့ကို နောက်တန်းမှာထားတယ်။ ရှေ့တန်းက ထိခိုက်ဒဏ်ရာရသူတွေနဲ့ ထားတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေကို ထမင်းချက်ကျွေးရတယ်။ သူတို့ရဲ့ ဝေယျာဝစ္စတွေ လုပ်ခဲ့ရတယ်။ ပြည်သူတွေဆီက လက်နက်ခဲယမ်းဖိုး တစ်နေ့ကို သိန်း ၂၀၀ လောက် ကောက်တယ်။ အလှူငွေရတယ်။ ဘာလုပ်လဲဆိုတော့ သူတို့ကောင်းစားဖို့ သူတို့မိသားစုအတွက်ပဲ လုံးပန်းတယ်။ နောက်တန်းက ရဲဘော်တွေကို တစ်ယောက်မှ လှည့်မကြည့်ခဲ့ဘူး။ ကျွန်တော်တို့ဆို ထမင်းငတ်တဲ့ နေ့တွေလည်း ရှိတယ်။ ထမင်းပုံမှန်မစားခဲ့ရဘူး။ ရှေ့တန်းကထိလာတဲ့ ရဲဘော်တွေလည်း အများကြီးပဲ။ သူတို့ဆိုလည်း ကျန်းမာရေး မကောင်းရင်တောင်မှ သူတို့ဘာသာသူတို့ ပေတေနေခဲ့ရသူတွေ လည်းရှိတယ်။ ဒါပေမဲ့သူတို့က လုံးဝ (လုံးဝ) လှည့်မကြည့်ခဲ့ဘူး။ သူတို့ကျတော့ ကား အကောင်းစားကြီးတွေ စီးတယ်။ သူတို့ မိသားစုတွေနဲ့ သွားလာပျော်ပါးတယ်။ အဲဒီလိုတွေရှိတယ်။ ကျွန်တော်တို့ဖြစ်ချင်တဲ့ ဆန္ဒလည်း မပေးဘူး။ အခွင့်အရေးဆိုတာလည်း မရှိခဲ့ဘူး။ မိဘက အဆင်မပြေလို့ ထောက်ပံ့ချင်ရင်တောင်မှ သူတို့က မပေးဘူး။ ထိခိုက်ဒဏ်ရာ ရနေသူတွေကို စောင့်ရှောက်ခိုင်းတယ်။ သူတို့ကိုယ်တိုင်လည်း လုပ်မပေးဘူး။ ပြီးရင်ဆေးဝါးတွေလည်း မပြည့်စုံဘူး။ ကျွန်တော်တို့နဲ့ပဲ ပစ်ထားတယ်။ သူတို့သွားချင်ရာသွားတယ်။ တစ်ခါတလေမှ ကျွန်တော်တို့ဆီ လာတယ်။ လာပြီးတော့လည်း ဆူငေါက်သွားတယ်။ အာဏာတွေသုံးပြီးတော့ ကောင်မလေး နှစ်ယောက်၊ ကျွန်တော်တို့ထဲကပဲ မိဘတွေကလည်း ကျန်းမာရေး ချို့တဲ့၊ အိမ်နဲ့လည်း မဆက်သွယ် ခိုင်းဘူး။ ဖုန်းတွေလည်း သိမ်းထားတယ်။ သူတို့က ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အချိန် သူတို့ နှစ်ယောက် ပြန်မိလာတယ်။ မိလာတော့ ညှဉ်းပန်းနှိပ်စက်တယ်။ ဗိုက်ကြီးသည်ကိုလည်း ဗိုက်ကြီး သည်မို့ မညှာဘူး ညှဉ်းပန်းနှိပ်စက်တယ်။ ညှဉ်းပန်းနှိပ်စက်ပြီးတော့ သူတို့ကို ထောင်ထဲထည့်တယ်။ ထောင်ထဲ ထည့်တော့လည်း၊ ထောင်ထဲမှာလည်း သူတို့ မကျေနပ်မချင်း သူတို့ကိုရိုက်တယ်။ အဲဒါ ကျွန်တော်ကလည်း သူတို့အကြမ်းဖက် နှိပ်စက်မှုတွေကို မခံနိုင်လို့ ကျွန်တော်လည်း ဒီဘက်ကို အလင်းဝင်လာတဲ့ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ တပ်မတော်မှာလာပြီး အလင်း ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော့်လိုမျိုး အသက်မပြည့်သေးတဲ့ ညီငယ် ညီမငယ်တွေလည်း အဖွဲ့ အစည်းထဲမှာ ကျန်နေပါသေးတယ်။ သူတို့လည်း ကျွန်တော်တို့လိုပဲ အလင်းဝင်ချင်ပါတယ်။ သူတို့ လေးတွေ အလင်းဝင်နိုင်ဖို့အတွက် သက်ဆိုင်ရာ လူကြီးမင်းတွေကိုလည်း အကူအညီတောင်းချင်ပါ တယ်။ သမီးလည်း နောက်နောင် ဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မပတ်သက်တော့ပါဘူးလို့ ကတိပေး ပါတယ်။
၃။ ကျွန်တော်တို့အဲဒီအဖွဲ့အစည်း ထဲရောက်သွားတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ မြို့ကို သိမ်းပြီးတော့ ကျွန်တော် တို့ကို TNLA ကနေ စစ်မှုထမ်းခေါ်တယ်။ စစ်မှုထမ်းခေါ်တဲ့ အချိန်ကျတော့ မဖြစ်မနေစစ်မှု ထမ်းရမယ်။ အဲဒီလိုပြောတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ရှင်းရှင်းပြောရရင် စစ်မှုမထမ်း ချင်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို ပကဖအဖွဲ့အစည်းကနေ ဒီအဖွဲ့အစည်းထဲဝင်လာ
ခဲ့ပါ။ ဒီအဖွဲ့အစည်းထဲဝင်ပြီးသွားရင် မင်းတို့ကို စစ်မှုလည်းမထမ်းခိုင်းတော့ဘူး။ မင်းတို့ ထွက်ချင်တဲ့ အချိန် ပြန်ထွက်လို့ရတယ်ဆိုပြီးတော့ ကျွန်တော်တို့ကိုအယုံသွင်းပြီး လိမ်ခေါ်လာခဲ့တယ်။ ကျွန်တော်တို့ ပြန်ထွက်မယ်ပြောတော့ သူတို့ကပေးလည်းမထွက်တော့ပါဘူး။ ထွက်ချင်ရင် တစ်ယောက် ၁၀ သိန်းပေးရမယ်ဆိုပြီး ပြောပါတယ်။ သင်တန်းကို သုံးလခွဲတက်ရပါတယ်။ သင်တန်းတက်တဲ့အချိန်မှာ တောထဲတောင်ထဲမှာဆိုတော့ အနေဆင်းရဲတယ်။ စားတဲ့ အခါကျတော့လည်း ထမင်းအသိုးတွေနဲ့လည်း စားခဲ့ရတယ်။ လုံးဝမစားရတဲ့ ရက်တွေလည်း ရှိတယ်။ ကျွန်တော်တို့ကို အမြဲတမ်းအပြစ်မရှိ အပြစ်ရှာ ပြီးရိုက်တယ်။ ရိုက်ပြီးမိုက်မိုက် ရိုင်းရိုင်းလည်း ဆဲပါတယ်။
ကျွန်တော်တို့ သင်တန်းဆင်းပြီးတော့ ကျွန်တော်တို့ မိုးကုတ်မှာပဲ တာဝန်ထမ်းဆောင်ရတယ်။ ကျွန်တော်က အသက်မပြည့်သေးတဲ့အတွက် သူတို့က ရှေ့တန်းကိုမထွက်ခိုင်းဘူး။ နောက်တန်းမှာပဲ သူတို့အတွက်အလှူခံပြီး ပိုက်ဆံရှာပေးရတယ်။ ပြည်သူတွေဆီက အလှူခံထားတဲ့ ငွေတွေကိုလည်း သူတို့တွေက အလွဲသုံးစားလုပ်တယ်။ အောက်ကရဲဘော်တွေကို မကြည့်ကြဘူး။ ပြီးရင် မူးယစ်ဆေး သုံးတဲ့သူတွေလည်းရှိတယ်။ ခေါင်းဆောင်ပိုင်းထဲက အဲဒီလိုမျိုး ပြည်သူတွေဆီက အလှူခံထားတဲ့ ငွေကိုလည်း သူတို့အပျော်အတွက် သုံးကြတယ်။ ကျွန်တော်တို့အဲဒီမှာ နေရတာကျတော့ ကျွန်တော်တို့ အဘွားအရွယ်လောက်ရှိတဲ့ အမေ အိုကြီးကို သူတို့ယောက်ျားသားတွေ နှစ်ယောက်၊ သုံးယောက် လောက်က ဘာမှမဟုတ်ဘဲနဲ့ သက်သေမခိုင်လုံတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ချုပ်နှောင်တယ်။ ပြီးတော့ ဖိနပ်တွေနဲ့ဝိုင်းရိုက်တာမျိုးတွေလည်းရှိတယ်။ ကျွန်တော်တို့လည်း သူတို့ရဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ ကြည့်ပြီး ကျွန်တော်တို့ကို ကျွန်တော်တို့ ရှက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ မှားနေပြီ ထင်ပြီး တပ်မတော်ထံ အလင်းဝင်လာတယ်။ ကျွန်တော်တို့ အလင်းဝင်လာတဲ့ အခါမှာလည်း တပ်မတော်က တာဝန်ရှိသူတွေက နွေးနွေးထွေးထွေးကြိုဆိုတယ်။ လိုလေသေးမရှိအောင် ထားပါတယ်။ ပြီးတော့ မကြာခင်မှာ ကျွန်တော်တို့မိဘတွေနဲ့ ပြန်တွေ့ရတော့မှာပါ။ တောထဲမှာ ကျန်ခဲ့တဲ့သူငယ်ချင်းတွေ လည်း မိသားစုတွေနဲ့ ပြန်တွေ့ကျဖို့ တပ်မတော်ထံ အလင်းဝင်ကြဖို့ ကျွန်တော့်အနေနဲ့ ဖိတ်ခေါ် ပါတယ်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၂
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ယခုအချိန်သည် နှစ်နိုင်ငံစလုံးတွင် အစိုးရသစ်များ အသီးသီးဖွဲ့စည်းခဲ့ပြီး အရေးကြီးသည့် အကူးအပြောင်းကာလဖြစ်ရာ နှစ်နိုင်ငံအကြား၌ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် ဆောင်ရွက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင် ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားရှိ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများဖြစ်သည့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာပူးတွဲကော်မရှင် (JC) နှင့် ကုန်သွယ်ရေးပူးတွဲကော်မရှင် (JTC) တို့ ပြန်လည်စတင်နိုင်ရေး၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြုသဘော ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုထောက်ခံမှုပြသသော ခရီးစဉ်တစ်ခုဖြစ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိုင်းနိုင်ငံအနေဖြင့် ထောက်ခံ ပံ့ပိုးပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ် အေးချမ်းမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေမည့်အပြင် နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ၏ သာယာဝပြောရေးအတွက် အထူးအရေးကြီးပါသဖြင့် နယ်စပ်ဒေသရှိ စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံကပံ့ပိုးပေးရန် ဆန္ဒရှိမှု အားကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မူဘောင်ကိုအခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသားများလွှတ်ပေးခဲ့ခြင်းကို ကြိုဆိုပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့ များအား ဖိတ်ခေါ်ခဲ့ခြင်းကိုလည်း ကြိုဆိုပါကြောင်း၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ပါဝင်ပံ့ပိုးပေးလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ထောက်ခံပံ့ပိုးပေးရန် အသင့်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် Jasmine Nay Pyi Taw Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဦးသန်းဆွေသည် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ကို ယနေ့တွင် Jasmine Nay Pyi Taw Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ စီးပွားရေးကဏ္ဍ၊ နယ်စပ်ဒေသ ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံဘဏ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တက်ရောက်
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ တက်ရောက်ကြသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသည် မိမိတို့ အစိုးရအဖွဲ့၏ ပထမဆုံးအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကျင်းပ ပြုလုပ်စဉ် မိမိအနေဖြင့် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူများ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု ဆောင်ရွက်ရာတွင် PDF အမည်ခံအကြမ်းဖက်သမား များနှင့်ပတ်သက်သည့် အပိုင်းနှင့် EAO များနှင့် ပတ်သက်သည့် အပိုင်းဟူ၍ နှစ်ပိုင်းရှိကြောင်း။
PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါအချိန်တွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အစိုးရအဖွဲ့ အနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်မှုမရှိခဲ့ခြင်းကြောင့် တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှုအပေါ် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ကြောင့် ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင် ချိန်တွင် ၎င်းတို့အနေဖြင့် ဆူပူဆန္ဒပြမှုများသာပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် များ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ၎င်းတို့အနေဖြင့် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှုမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်လုပ်ဆောင်ခဲ့ကြ ခြင်း ဖြစ်ကြောင်း။
ထိုသို့အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်းမှာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြား သိမြင်နိုင်စွမ်း အားနည်းမှုနှင့် ပြည်တွင်းပြည်ပမှ လှုံ့ဆော်သွေးထိုးမှုများကို တွန်းလှန်နိုင်သည့် အသိအမြင် အားနည်းမှုများကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပွဲလန့်တုန်းဖျာခင်းလိုသည့် အချို့ သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေများသို့ရောက်ရှိကြပြီး ပြည်ပမှ ထောက်ပံ့မှုများဖြင့် အကြမ်းဖက်သင်တန်းများ တက်ရောက်ခြင်း၊ လက်နက်ခဲယမ်းများဝယ်ယူခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အချို့သောနယ်မြေဒေသများတွင် အဖျက် အမှောင့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ၎င်းတို့ အနေဖြင့် နိုင်ငံတော်၏ သဘောထားနှင့် တပ်မတော်၏ သဘောထားအမှန်များကို နားလည်သဘော ပေါက်လာကာ ဥပဒေဘောင်အတွင်းသို့ တဖြည်းဖြည်းဖြင့် ဝင်ရောက်လာခဲ့ကြသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့်အညီ ဆက်လက်လျှောက်လှမ်းလျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပါဝင်လာရေး ဆောင်ရွက်သွားရန်လိုကြောင်း။
အလားတူ EAO အဖွဲ့များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များရှိသကဲ့သို့ လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် အဖွဲ့များလည်းရှိကြောင်း၊ ပြီးခဲ့သည့်ကာလများအတွင်း မိမိတို့နှင့် အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေး အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုသည်များရှိပြီး အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ၎င်းတို့၏အကျိုးအတွက် လက်နက်ကိုင်၍ ဆောင်ရွက်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။
နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားများ မြှင့်တင်
တစ်ဆက်တည်းတွင် လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားမြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလုံခြုံရေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေအရ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပါဝင်ဖြေရှင်းဆောင်ရွက်နေရ ခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများတွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို တပ်မတော်က ဖြေရှင်းဆောင်ရွက် သည်ကို တွေ့ရှိနိုင်ကြောင်း။
ရဲတပ်ဖွဲ့တွင် နယ်မြေထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ (Armed Force Police) နှင့် ဥပဒေစည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းသည့်ရဲတပ်ဖွဲ့ (Law Force Police) ဟူ၍ နှစ်မျိုးရှိကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ပဋိပက္ခနှိမ်နင်းရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောင်မြင်မှုများစွာရရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ စနစ်တကျလေ့ကျင့် ဆောင်ရွက်ပေးသွားမည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းပကားများ ယခုထက်ပိုမို တိုးတက်လာမည်ဖြစ် ကြောင်း၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားတည်ဆောက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။
ယခု မိမိတို့တာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့် စွမ်းအားများ မြှင့်တင်ပေးသွားရန်လိုကြောင်း၊ စည်းကမ်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ကောင်းမွန်သည့်အကျင့် (Good Practice) များရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သွားလာနေထိုင်မှုနှင့် ဝတ်စားဆင်ယင်မှုများ စည်းကမ်းများ ကောင်းမွန်ရန်နှင့် အဂတိတရားကင်းရှင်းမှုများ ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင်
စနစ်တကျ လေ့ကျင့်ဆောင်ရွက်
အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ ပြည်သူများနှင့် အဓိကထိတွေ့ဆောင်ရွက်လျက် ရှိသည့် ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များ၌ တာဝန်ယူထားရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေး အခြေခံ သဘောတရားများကို သိရှိနားလည်သောစွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်ကြရန် လိုကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဂတိများ ကင်းရှင်းရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေး သွားရန် လိုကြောင်း။
အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင်
ပူးပေါင်းဆောင်ရွက်လျက်ရှိ
အာဆီယံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မိမိ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံဘုံသဘော တူညီချက်(၅)ရပ်ပါအချက်များတွင် ပါဝင်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အခြားအချက်များကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုကွန်ရက်တွင် ဖော်ပြထားသည့် မှားယွင်းသော သတင်းအချက်အလက် များကိုအခြေခံပြီး မိမိတို့အပေါ် ဖိအားပေးလုပ်ဆောင်နေခြင်းများလည်းရှိကြောင်း၊ အချို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ပြင်ဆင်လိုကြသည်များလည်းရှိကြောင်း၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြ
ထို့နောက် ဒုတိယသမ္မတ ဦးညိုစောက အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ အာဆီယံအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိမှုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် သဘောထား အမြင်များ ပြောင်းလဲထားရှိလာမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အရည်အချင်းရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး၊ စီမံခန့်ခွဲမှုစွမ်းရည်များ တိုးတက် ကောင်းမွန်စေရေးတို့အတွက် စွမ်းရည်မြှင့်တင်ခြင်းနှင့် လေ့ကျင့်သင်ကြားပေးသွားရန် လိုအပ်မှုတို့ကို လည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော် သမ္မတ၏ ဖိတ်ခေါ်ထားရှိမှုနှင့်ပတ်သက်၍ လွှတ်တော် စင်မြင့်တွင် ထည့်သွင်းဆွေးနွေးသွားမည့် အခြေ အနေများ၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက် သွားရန်လိုအပ်သည့် အခြေအနေများ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် အာဆီယံလွှတ်တော်အချင်းချင်း တွေ့ဆုံဆွေးနွေး ဆောင်ရွက် နိုင်မည့် အခြေအနေများကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်မြေဒေသအလိုက် စစ်ဆင်ရေး၊ လုံခြုံရေး၊နယ်မြေ စိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး မှုများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များ အနေဖြင့် ဥပဒေဘောင်အတွင်းသို့ စဉ်ဆက်မပြတ် ဝင်ရောက်လာနေမှုအခြေအနေများ၊ နယ်မြေဒေသအလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းတာဝန် ထမ်းဆောင်မှု ကာလပြည့်မြောက်ခဲ့သူများအား တိုင်းစစ်ဌာနချုပ်များအလိုက် ဂုဏ်ပြုပေးခဲ့သည့် အခြေအနေများကို လည်းကောင်း။
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာ လင်းက တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် တရားဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြည်သူ့စစ်မှုထမ်းသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်မောင်ဆွေက အချို့သောအာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ အပေါ် အပြုသဘောဆောင်သည့် ရှုမြင်သုံးသပ်ချက်များအား တွေ့မြင်ရရှိလာမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အကြံပြုတင်ပြချက်များကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ အတွင်း အမှုအခင်းများဖြစ်ပွားခဲ့မှုနှင့် ယခင်ကာလတူ နှိုင်းယှဉ်သုံးသပ်တင်ပြချက်များ၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေဒေသလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များ တိုးတက်ဖွဲ့စည်းနိုင်ခဲ့မှု၊ မူးယစ်ဆေးဝါးများ စိစစ်ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့မှု၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးများ၏ စွမ်းဆောင်ရည်များ တိုးတက်လာစေရေး စီမံဆောင်ရွက် လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အချို့သောနယ်မြေဒေသများ၌ ယာယီနေရပ်စွန့်ခွာနေရသူများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့် ယာယီခိုလှုံရေးစခန်းများအား အပြီးတိုင်ပိတ်သိမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ပပျောက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဆွေးနွေးချက်များနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ၏ ရှေ့မှောက်၌ အဆင့်မီမီကျင်းပ နိုင်ခဲ့ပြီး ပေါ်ထွက်လာခဲ့သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်းများနှင့် ပဋိပက္ခများကြောင့် နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာတွင် လောင်စာဆီ အခက်အခဲများ ကြုံတွေ့ရလျက်ရှိသကဲ့သို့ မိမိတို့ နိုင်ငံအနေဖြင့်လည်း ရင်ဆိုင်ကြုံတွေ့ရ လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ပြည်တွင်း လောင်စာဆီ အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သည့် လောင်စာဆီနှင့် သွင်းအားစုများ ရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုတင်စုဆောင်း ဖြည့်တင်းထားရှိရန်လိုကြောင်း။
ယခင်နှစ်များအတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် ဖိဖိစီးစီးကိုင်တွယ် ဖြေရှင်းတိုက်ဖျက်သွားကြရန်လိုကြောင်း၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍လည်း အဓိကထုတ်လုပ်နေသည့် နေရာများကို ဖော်ထုတ် ရှင်းလင်း တိုက်ဖျက်သွားနိုင်ရန်လိုကြောင်း။
နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည် ဟုဖော်ပြပါရှိကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားရေးမူဝါဒ အဓိပ္ပာယ်ဖော်ပြချက်များကို တိတိကျကျသိရှိနားလည်ထားကြရန်နှင့် ၎င်းအပေါ် တွင် ရပ်တည်၍ ဆက်ဆံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
နယ်စပ်ဒေသများနှင့်ပတ်သက်၍ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ဆက်စပ်လျက်ရှိပြီး အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက် သွားမှသာလျှင် ငြိမ်းချမ်းရေးတည်ဆောက်မှုကိုလည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရောထွေးမှု မရှိစေရေးအတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ကွဲပြားစွာ သိရှိထားကြရန် လိုကြောင်းဖြင့် မှာကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MDN
နေပြည်တော် ဧပြီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ် ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး H.E. Mr. Xu Qin ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။
ရင်းရင်းနှီးနှီး ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရှည်ကြာကောင်းမွန်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဟေလုံကျန်းပြည်နယ်တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင် များ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ် ခဲ့မှုအခြေအနေများ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေး မှုကဏ္ဍ၊ လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍများအပါ အဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး နှစ်နိုင်ငံအကြား လယ်ယာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် ရေးနှင့် စိုက်ပျိုးရေးနည်းပညာများ တိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုများတိုးတက်စေရေး မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP)မှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တရုတ် နိုင်ငံ ဟာဘင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို ညီအစ်မမြို့များအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ်တို့အကြား ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်း ရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
MDN
ငဖဲ ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး ငဖဲမြို့တွင် မြေအောက်ရေကို အသုံးပြု၍ ဂန္ဓမာပန်းများစိုက်ပျိုးထားရာ ပန်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချနေရကြောင်း ပန်းစိုက်တောင်သူထံမှ သိရသည်။
စိုက်ပျိုးထားသည့်ပန်းမျိုးများမှာ ကိုရီးယားဂျူး၊ အိုဆာမရမ်းနှင့် ကြယ်တာယာ ဂန္ဓမာပန်းမျိုးဖြစ်ပြီး ပျိုးပင်ပေါက်များကို ပြင်ဦးလွင်မြို့မှဝယ်ယူကြောင်း၊ ပန်းစိုက်ပျိုးမည့် မြေနေရာအား ထယ်နှစ် စပ်ထိုး၍ စိုက်ပေါင်များပြုလုပ်ကာ သဘာဝနွားချေးဆွေးများကို ထည့်သွင်းပြီး ပျိုးပင်များကို တန်းကြား ၂၄ လက်မ၊ ပင်ကြား ၁၂ လက်မထား၍ နေ့စဉ်ရေသွင်း ပေးရသည်။
စိုက်ပျိုးပြီး ပထမတစ်လအတွင်း တစ်ပတ်နှစ်ကြိမ် ရေဝအောင် သွင်းပေးရမည်ဖြစ်သော်လည်း တစ်လကျော်ပါက တစ်ပတ်တစ်ကြိမ် နွေရာသီတွင် စိုက်ပျိုးရောင်းချသည့်ပန်းဖြစ်၍ တစ်ပတ်လျှင် သုံးကြိမ်ခန့် ရေသွင်းပေးရကြောင်း၊ ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးပြီး ဧပြီလ သင်္ကြန်အကျော် နှစ်လခွဲခန့်ဆိုလျှင် ပန်းများခူးချိုး၍ရကြောင်း၊ လယ်မြေတွင် ပန်းပင်ပေါင်း ၂၀၀၀၀ ခန့် စိုက်ပျိုး ထားကြောင်းနှင့် ပန်းခင်းများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိကြောင်း ပန်းစိုက်တောင်သူ ဦးဝင်းမင်းထွန်းက ပြောသည်။
ငဖဲမြို့နယ်၌ နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင် တမံဆည်ရေ၊ မြေအောက်ရေ တို့ဖြင့် စပါး၊ နှမ်း၊ ပန်း၊ ဖူးစားပြောင်းများ နှင့် ဂန္ဓမာပန်းများကို အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
မယု(ငဖဲ)
MDN
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံဒူးရင်းသီးပွဲတော်ကို ၂၀၂၆ ခုနှစ် မေလ ဒုတိယပတ် သို့မဟုတ် တတိယပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ပြောပြချက်အရ သိရသည်။
အဆိုပါပွဲတော်ကို ထုတ်ကုန်တင်ပို့မှုမြှင့်တင်ရန်၊ နိုင်ငံအမည်ဖြင့် နိုင်ငံခြားဈေးကွက်များထိုးဖောက်ရန်၊ စိုက်ပျိုးရေးနည်းစနစ်များနှင့် ရိတ်သိမ်းပြီး ထားသိုသိမ်းဆည်းသည့်နည်းပညာများကို ဖလှယ်နိုင်ရန်၊ ဒူးရင်း ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းနယ်ပယ်ဖန်တီးနိုင်ရန်နှင့် စီးပွားဖြစ်အဖိုးတန် အရည်အသွေးမြင့် ဒူးရင်းသီးမျိုးများ ရှာဖွေဖော်ထုတ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းအနေဖြင့် အသင်းဝင်များအား ပွဲတော်တွင် ပါဝင်ကြရန်တိုက်တွန်းထားပြီး အချိန်နှင့်နေရာ အတိအကျကို ထပ်မံကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။ (GNLM)
mdn
နေပြည်တော် ဧပြီ ၂၃
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ဝါးမှ ချည်ချောထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးသွင်အောင် နှင့် ဒေါက်တာအောင်ဇေယျ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများမှ ပညာရှင်များက ဝါးမှ ချည်မျှင်ထုတ်လုပ်သည့် ကဏ္ဍအလိုက် တင်ပြခြင်းများ၊ အဖွဲ့လိုက်ဆွေးနွေးခြင်းတို့ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း၊ အဖွဲ့လိုက်ဆွေးနွေးရာတွင် ဝါးမှ ချည်ချောထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ဆက်စပ်ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ဝါးကုန်ကြမ်းကွင်းဆက်နှင့် စိုက်ပျိုးထုတ် လုပ်မှုကဏ္ဍ၊ နည်းပညာနှင့် ထုတ်လုပ်မှုနည်းစဉ် ကဏ္ဍ၊ စက်ပစ္စည်းနှင့် ချည်ချောထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒရေးရာကဏ္ဍ စသည့် အုပ်စု လေးစုဖြင့် ခွဲခြားဆွေးနွေးသွားမည်ဖြစ်ကြောင်း။
အုပ်စုများတွင် သက်ဆိုင်ရာဌာနအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အုပ်စု(၁)အနေဖြင့် ဝါးကုန်ကြမ်း ကွင်းဆက်နှင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်ပြီး ကုန်ကြမ်းအရည်အသွေးနှင့် မျိုးရွေးချယ်မှု၊ စိုက်ပျိုးမှုစနစ်နှင့် ရေရှည်တည်တံ့မှု၊ ကုန်ကြမ်း စုဆောင်းမှုနှင့် သယ်ယူပို့ဆောင်ရေး စသည့် အချက်များကိုလည်းကောင်း၊ အုပ်စု(၂)အနေဖြင့် နည်းပညာနှင့် ထုတ်လုပ်မှုနည်းစဉ်များနှင့် ပတ်သက်၍ ဝါးမှ Textile – Grade Fiber ဖြစ်အောင် ဆောင်ရွက်မည့်နည်းလမ်းများ၊ မြန်မာနိုင်ငံအတွက် အဆင်ပြေသင့်တော်မည့် နည်းလမ်း၊ အဆိုပါနည်းလမ်း၏ ထုတ်လုပ်မှု နည်းစဉ်၊ အသုံးပြုရမည့် စက်ကိရိယာများ၊ စက်များရရှိနိုင်မှုအခြေအနေနှင့် အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အရည်အသွေးထိန်းကျောင်း စစ်ဆေးသင့်သည့် အချက်များ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး စီမံဆောင်ရွက်သင့်သည့် အချက်များ၊ မြန်မာနိုင်ငံရှိ MSME များအနေဖြင့် ဝါးမှ ချည်ချောထုတ်လုပ်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားအလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများ စသည့်အချက်များကိုလည်းကောင်း၊ အုပ်စု(၃) အနေဖြင့် စက်ပစ္စည်းနှင့် ချည်ချောထုတ်လုပ်မှုကဏ္ဍနှင့် ပတ်သက်၍ ကုန်ကြမ်းပြင်ဆင်ခြင်း၊ စက်ကိရိယာနှင့် နည်းပညာ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်၊ ကုန်ကျစရိတ်၊ စိန်ခေါ်မှုနှင့် ဖြေရှင်းမည့်နည်းလမ်းများ စသည့် အချက်များကိုလည်းကောင်း၊ အုပ်စု(၄) အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒရေးရာကဏ္ဍနှင့် ပတ်သက်၍ မူဝါဒရေးရာ၊ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း၊ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ၊ သက်ရောက်မှုများလျှော့ချရေး နှင့် စီမံချက် (Action Plan) အကောင်အထည်ဖော်ရေး စသည့် အချက်များကိုလည်းကောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုဖော်ဆောင်ရာတွင် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ဝါးမှ ချည်ချောထုတ်လုပ်သည့်လုပ်ငန်းကို အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအတွင်း ပြီးစီးအောင် အထူးကိစ္စရပ် တစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဝါးမှ ချည်ချောထုတ်လုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့၏ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခြင်းဖြင့် အနာဂတ်နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်ကြရန် ဆန္ဒပြုတိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ သုတေသနအရာရှိ၊ ရန်ကုန်နည်းပညာ တက္ကသိုလ် ချည်မျှင်နှင့် အထည်အင်ဂျင်နီယာဌာန ပါမောက္ခ၊ ဌာနမှူး၊ အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း အထွေထွေမန်နေဂျာ၊ တပ်မတော် ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း) ဒုတိယစက်ရုံမှူးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်သည်။
မွန်းလွဲပိုင်းတွင် အုပ်စုအလိုက် သတ်မှတ်ထားသည့် ကဏ္ဍအသီးသီးတို့ကိုဆွေးနွေး၍ အုပ်စုအလိုက် ဆွေးနွေးရရှိသည့်ရလဒ်များကို ပြန်လည်ရှင်းလင်း တင်ပြသည်။ ထို့နောက် အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အုပ်စုအလိုက် ဆွေးနွေးပွဲရလဒ်များအပေါ် သုံးသပ်တင်ပြခြင်း၊ ယခုဆွေးနွေးပွဲမှရရှိသည့် ရလဒ်များကို အခြေခံ၍ စာတမ်းတစ်စောင်ပြုစုပြီး နိုင်ငံတော် သမ္မတရုံးသို့ တင်ပြဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်း (၇,၁၀၀,၀၀၀) ကျပ်
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
ပဲခူး ဧပြီ ၂၃
သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ကျောက်တံခါး၊ လက်ပံတန်းနှင့် သဲကုန်းမြို့နယ်များရှိ ငါးကုန်ထုတ်သမဝါယမအသင်းတို့၏ အသင်းပိုင်ငါးကန်များ၌ ငါးမျိုးစုံ မွေးမြူထားရှိသည်။
အဆိုပါ အသင်းပိုင်ငါးကန်များအနက် တောင်ငူမြို့နယ် ကေတုမတီ ငါးကုန်ထုတ်သမဝါယမအသင်းနှင့် သဲကုန်းမြို့နယ် ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းတို့၏ ငါးမွေးမြူရေးကန်များမှ ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ မြက်စား၊ တီလားဗီးယား၊ ငါးခေါင်းပွနှင့် ငါးကြင်း ပိဿာချိန် ၁၄၄၁၆ ဒသမ ၂၀၀ ပိဿာကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်ရန်အတွက် လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Photo Crd - doca
ပေါင် ဧပြီ ၂၃
မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပေါင်မြို့နယ်ရှိ ရေဆင်း ပေါ်ဆန်း(၁)၊ (၂)စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ပျိုးထားရှိမှု ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် ဖြူဘကျေးရွာ တောင်သူ ဦးသန်းထွန်း၏ လယ်မြေ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စပါးသီးနှံ ပန်းတိုင်အထွက် ရရှိရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပေါင်မြို့နယ်ဦးစီးမှူးက ပေါင်မြို့နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးသစ်များ စမ်းသပ်စိုက်ပျိုး ထုတ်လုပ်မှု အတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ရေဆင်းပေါ်ဆန်း (၁)၊ (၂)စပါးမျိုး များ စမ်းသပ်စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ် ရဲဗြားကုန်းကျေးရွာရှိ ဦးတင်မြင့်၏ အသားတိုးဝက် မွေးမြူရေးခြံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေး ခြံပိုင်ရှင်တို့က ဝက်မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ ဝက်မွေးမြူထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသားတိုးနှင့် မျိုးဝက်မွေးမြူရေးခြံများအတွင်း လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)
ကျောက်ဆည်၊ ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ အမျိုးသမီး ၂၀ ဦးအား မိသားစုအပိုဝင်ငွေ တိုးပွားရေး မြို့နယ်အမျိုးမီးရေးရာအဖွဲ့မှကြီးမှူး၍ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အခမဲ့ သင်ကြားပေးလျက်ရှိသော ပလတ်စတစ်ခြင်းတောင်းရက်လုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး က ခြင်းတောင်းရက်လုပ်သည့်နည်းပညာသည် အရိပ်ထဲတွင် တစ်နိုင်တစ်ပိုင် ဝင်ငွေရှာဖွေနိုင်သည့် ပညာဖြစ်သောကြောင့် အားလပ်သည့်အချိန်များ၌ မိသားစုအပိုဝင်ငွေရရှိရေး အရောင်အသွေးမျိုးစုံဖြင့် ခြင်းတောင်း အမျိုးအမျိုးရက်လုပ်သွားရန်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းက သင်တန်းတွင်ရရှိခဲ့သည် နည်းပညာများကိုလက်တွေ့အသုံးချသွားရန် သင်တန်းဆင်းအမှာစကားပြောကြား ခဲ့သည်။
ထို့နောက် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းနည်းပြဆရာမ ဒေါ်အိအိစိုးအား ဂါဝရပြုလက်ဆောင်များပေးအပ်ခဲ့ပြီး ခြင်းတောင်းရက်လုပ်နေသည့် သင်တန်းသူများအား အားဖြည့်အချိုရည်ဗူးများ ဝေငှပေးခဲ့ကြောင်းနှင့် သင်တန်းသူများကိုယ်တိုင်ရက်လုပ်ခဲ့သည့် ခြင်းတောင်းများအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ကျောက်ဆည်)
ငွေဆောင် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ မြန်မာနိုင်ငံ၏ နာမည်ကြီး အပန်းဖြေကမ်းခြေတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေသို့ ဇန်နဝါရီလ အစမှ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၁၂၉၃၆ ဦးအထိ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကြည့်ရှုခံစားနိုင်
ငွေဆောင်ကမ်းခြေသည် ပင်လယ်ရေကြည်လင်ခြင်း၊ ကမ်းခြေသဲသောင်ပြင် သန့်ရှင်းသပ်ရပ်ခြင်း၊ လုံခြုံမှုစိတ်ချရခြင်းတို့ကြောင့် ရေကူးခြင်း၊ လှိုင်း ကစားခြင်း၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခြင်းတို့ကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ခြင်း၊ Jet Ski၊ Banana Boat၊ Speed boat စသည့် ရေယာဉ်များဖြင့်လည်း ပင်လယ်၏အလှအပနှင့် ကျွန်းများ၏ အလှအပကို အနီးကပ်ကြည့်ရှုခံစားနိုင်ခြင်း၊ လည်ပတ်စရာနေရာပေါများခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစားဖြင့် စဉ်ဆက်မပြတ် လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၈ လုံး၊ တည်းခိုရိပ်သာအလုံး ၇၀ ဖြင့် ကမ်းခြေသို့လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ကျော်လင်းဦး(ပြန်/ဆက်)
MDN
ဂျေရုဆလင်မြို့ရှိ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ Church of the Holy Sepulchre ဘုရားကျောင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုအပေါ် နိုင်ငံတကာမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အစ္စရေးအစိုးရသည် အဆိုပါနေရာ၌ ‘ကန့်သတ်ချက်များဖြင့် ဝတ်ပြုဆုတောင်းခြင်း’ ကို ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၂၉) က ကျရောက်သော Palm Sunday ပွဲတော်တွင် အစ္စရေးရဲတပ်ဖွဲ့သည် ကက်သလစ်သာသနာပိုင် အကြီးအကဲ များကို ဘုရားကျောင်းအတွင်း ဝင်ရောက်ခွင့်တားဆီးခဲ့သဖြင့် ကာဒီနယ် Pierbattista Pizzaballa သည် နီးစပ်ရာကျောင်းတိုက်တစ်ခု၌သာ ဝတ်ပြုပွဲကျင်းပခဲ့ရသည်။ ထိုကဲ့သို့ အဟန့်အတားဖြစ်မှုသည် ရာစုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်ခွင့် လွတ်လပ်ခွင့်ကို ထိပါးရာရောက်ကြောင်း လက်တင်သာသနာပိုင်ရုံးက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အီရန်၏ လက်စားချေတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် လုံခြုံရေး စိုးရိမ်ရမှုကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့သော်လည်း ယခုအခါ ကာဒီနယ် Pizzaballa ကို အပြည့်အဝ ဝင်ရောက်ခွင့်ပြုရန်နှင့် ဝတ်ပြုပွဲများ ကျင်းပနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီးဖြစ်သည်။ တနင်္လာနေ့ (မတ် ၃၀) အစောပိုင်းတွင် အစ္စရေးရဲတပ်ဖွဲ့နှင့် သာသနာပိုင် ရုံးတို့ ညှိနှိုင်းမှုအရ ‘ကန့်သတ်ဆုတောင်းမှုဆိုင်ရာ မူဘောင်’ တစ်ခုကို အတည်ပြုခဲ့ပြီး အသေးစိတ်အစီအစဉ်များကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂျေရုဆလင်ရှိ အခြားသော ဘာသာရေးဆိုင်ရာနေရာများတွင်လည်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။ အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ အယ်လ်အက်ဆာ ဗလီ (Al-Aqsa Mosque) သည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိဒ်ဖီတာ (Eid al-Fitr) ပွဲတော်ကာလအတွင်း ပိတ်ထားခဲ့ရသည်။ ယင်းကန့်သတ်မှုများသည် အမေရိကန်၊ ပြင်သစ်နှင့် အီတလီ အစိုးရများ၏ ဝေဖန်မှုကိုခံနေရပြီး အမေရိကန် သံအမတ်ကြီးကမူ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းဟု တုံ့ပြန်ခဲ့သည်။ ထို့အပြင် ရုရှား အော်သိုဒေါ့စ် အသင်းတော်ကလည်း ဧပြီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ‘သန့်ရှင်းသော မီးတောက် (Holy Fire)’ အခမ်းအနားအတွက် ဘုရားကျောင်းရှိ ကန့်သတ်ချက်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ရန်ကုန် မတ် ၂၈
မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုတွင် ရေခဲတောင်တက် ခရီးသွားရာသီသို့ ဝင်ရောက်လာချိန်၌ ဝန်ဆောင်မှုကုမ္ပဏီများက ရေခဲတောင်တက်အတွေ့အကြုံမရှိသော ခရီးသွားများအား ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်ပြီးမှသာ အခြားသောရေခဲတောင်များကို တက်ရောက်ရန် အကြံပြုဝန်ဆောင်မှုပေးနေကြောင်း ပူတာအို ရေခဲတောင်ခရီးသွားပို့ဆောင်ရေးကုမ္ပဏီမှ သိရသည်။
ရေခဲတောင်ခရီးစဉ်အတွေ့အကြုံမရှိသူများအား ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက Level – 1 ဟု သတ်မှတ်ထားသည့် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်စေပြီး အောင်မြင်ခဲ့ပါက ခရီးလမ်းပန်းကြမ်းသော အခြားရေခဲတောင်များသို့ တက်ရောက်ရန် တိုက်တွန်းအကြံပြုထားခြင်းဖြစ်သည်။
ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၁၉၂၈ ပေရှိ၍ ခရီးသွားများအား ပူတာအိုမြို့မှ ညအိပ်ခရီးအဖြစ် အသွား/အပြန် ခြောက်ညအိပ် ခုနစ်ရက်ခရီးစဉ်အဖြစ် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ခရီးစဉ်ပထမဆုံးနေ့၌ ပူတာအိုမြို့မှ ဆိုင်ကယ်ဖြင့် သုံးနာရီကျော်ကြာမောင်းနှင်၍ အထက်ဆန်ဂေါင်ရွာလမ်း၊ ကျောက်စိမ်းတောင် ရှိန်းလိန်းလျက်လမ်းသို့ ဖြတ်ကျော်ပြီး ထိုမှ မူလာချောင်းနား ကျားခုန်တံတားသို့ ရောက်ရှိကာ ဝမ်လိုင်ဒမ်းရွာ၊ လုံးနဒမ်းရွာ၊ ခါးလန်ရွာမှ ဇီယာဒမ်းရွာ(ရေခဲတောင်ခြေရွာ)သို့ ရောက်ရှိပြီး ခရီးစဉ်ပထမညအဖြစ် အိပ်စက်ရပ်နားသည်။
ဒုတိယနေ့တွင် ဇီယာဒမ်းရွာမှ သစ်ပင်ကြီးစခန်းသို့ ခုနစ်မိုင်ခရီး ခြေကျင်ခရီးစတင်ကြပြီး ချောင်းများ၊ ကြိုးတံတားများကို ဖြတ်ကျော်၍ မွန်းလွဲပိုင်းတွင် ဖုန်ကန်ချောင်းဆုံနေရာ၌ အနားယူကာ သစ်ပင်ကြီးစခန်းသို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဒုတိယနေ့ညအဖြစ် စခန်းချ ရပ်နားကြလေ့ရှိသည်။
တတိယနေ့တွင် သစ်ပင်ကြီးစခန်းမှ ခုနစ်မိုင်ရှိသော ခမ်းတောက်မြစ်စခန်းသို့ ခြေကျင်တက်ကြပြီး လေးမိုင်ခန့် ရောက်ပါက ဖုန်ကန်ရာဇီရေခဲတောင်ကို စတင်မြင်တွေ့ရကာ ထိုင်ခုံရပ်နားစခန်း တွင် ခေတ္တနား၍ ထိုမှ တစ်မိုင်ခန့်တက်ပါက ခမ်းတောက်မြစ်စခန်းသို့ ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။
စတုတ္ထနေ့တွင် ခမ်းတောက်မြစ်စခန်းမှ ခြောက်နာရီကြာ ခြေကျင်ခရီးတက်ပြီးပါက ရေခဲပြင်များကို စတင်တွေ့ရှိရာ ရေခဲစပ်(ဖုန်ကန်ရာဇီတောင်ခြေ) စခန်းသို့ ရောက်ရှိပြီး ထိုနေရာမှ နှစ်မိုင်ကျော် ခန့်ဝေးကွာသည့် ဖုန်ကန်ရာဇီတောင်ထိပ်ကို တွေ့မြင်ရသော ရေခဲစပ်စခန်း၌ ညအိပ် ရပ်နားသည်။ ပဉ္စမနေ့တွင် အတက်အဆင်းမတ်စောက်သော ရေခဲစပ်စခန်းမှ ဖုန်ကန်ရာဇီတောင်ထိပ်သို့ တက်ရောက်ကြပြီး မြန်မာပြည်မြောက်ဖျား၏ ရေခဲတောင်များအလှကို အားပါးတရ ကြည့်ရှု ခံစားကြကာ နေ့ချင်းပြန်အဖြစ် ရေခဲစပ် စခန်းသို့ ပြန်ဆင်း၍ ညအိပ်ရပ်နားကြသည်။
ဆဋ္ဌမနေ့တွင် ရေခဲစပ်စခန်းမှ ရှစ်နာရီကြာခရီးအဖြစ် ဇီယာဒမ်းရွာသို့ ခရီးသွား များ ပြန်ဆင်းလာကြပြီး ညအိပ်ရပ်နားသည်။ သတ္တမနေ့တွင် ဇီယာဒမ်းရွာမှ ဆိုင်ကယ်ခရီးစဉ်ဖြင့် ပူတာအိုမြို့သို့ တောင်တက်ခရီးသွားများ ပြန်လည်ပို့ဆောင်ကာ ဝန်ဆောင်မှုပေးထားသည်။
“ဒီမှာ မတ်လဆိုရင် ရေခဲတောင် ခရီးသွားတွေကို စပြီး ဝန်ဆောင်မှုပေးနေပါပြီ။ မနှစ်ကတည်းက ကြိုပြီး ခရီးစဉ်တွေကို လက်ခံထားပြီးမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရတာပါ။ မတ်လတတိယပတ် အကုန်မှာ ရာသီဥတုပြောင်းလဲသွားတာကြောင့် ဒီရက်ပိုင်းလေးမှာ ခရီးစဉ်အချို့ကို ခေတ္တရပ်ထားတာရှိပေမယ့် ရာသီဥတု ကောင်းတာနဲ့ ဆက်ထွက်မှာပါ။ ခရီးသွား တွေရဲ့ အလုံးစုံကို တာဝန်ယူရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေချောမွေ့အောင်၊ အန္တရာယ်ကင်းအောင် အထူးကြပ်မတ် ဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီအနေနဲ့ ရေခဲတောင်ခရီးစဉ် အတွေ့အကြုံကောင်း တွေရှိတဲ့အတွက် အထိအခိုက်မရှိအောင်၊ ခရီးသွားတွေနှစ်ခြိုက်အောင်၊ ကိုယ့်နိုင်ငံရဲ့ ရေခဲတောင်အလှကို ရုပ်ရှင်၊ အင်တာနက်မှာ မဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့ခံစား ဖမ်းဆုပ်လို့ရအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ ဒီလကုန်ပိုင်း မှာ နှင်းမိုးတွေရွာတဲ့အတွက် အထူးသတိထားပြီး ခရီးသွားတွေ စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ပူတာအိုမြို့မှ ELSSM ရေခဲတောင် ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ ဦးဒမ်ရိမ်းက ပြောသည်။
ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင် ခုနစ်ရက်ခရီးစဉ်တွင် လည်းကောင်း၊ ခါကာဘိုရာဇီ ရေခဲတောင် ၁၇ ရက်ကြာ ခရီးစဉ်တွင် လည်းကောင်း တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးထားသည်။ ရေခဲတောင် ခရီးစဉ်တက်ကြမည့် ခရီးသွားများ အနေဖြင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်ပြီး ရေခဲတောင်ခရီးစဉ် မတက်ရောက်မီ ကြိုတင်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ တောင်တက်အတွေ့အကြုံနှင့် သက်ဆိုင် သော ဗဟုသုတ လေ့ကျင့်ခန်းများ ဆောင်ရွက်ထားရန် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ကြိုတင်အသိပေးထားသည်။ မိုးရာသီ၌ ရေခဲတောင်တန်းဒေသတွင် မိုးရွာသွန်းမှုမရှိ၍ ရေခဲတောင်ခရီးစဉ်များကို ဇူလိုင်လ ဒုတိယအပတ်အထိ ခရီးသွားဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဥဿ
ဓာတ်ပုံ - ကိုလွင်
MDN
အင်္ဂလန်အသင်းတော် (Church of England) သည် ၁၅၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော အမျိုးသမီး ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ဒိမ်း စာရာ မူလာလီ (Dame Sarah Mullally) ကို ရာထူးအပ်နှင်းခဲ့သည်။
ရာထူးအပ်နှင်းပွဲအခမ်းအနားကို ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ကန်တာဘာရီ ကသီဒရယ် (Canterbury Cathedral) ဘုရားရှိခိုးကျောင်းကြီးတွင် ကျင်းပခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနှင့်အတူ ဝေလမင်းသား ဝီလျံနှင့် ကြင်ယာတော် ကက်သရင်းတို့ တက်ရောက်ခဲ့ကြသည်။
NHS သူနာပြုဟောင်းတစ်ဦးဖြစ်သူ မူလာလီက သူမ၏မိန့်ခွန်းတွင် အတိတ်က အလွဲသုံးစားပြုခံခဲ့ရသူများဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း နှင့် ဘေးကင်းလုံခြုံရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
“ကျွန်မတို့ရဲ့ ခရစ်ယာန်အသင်းတော်တွေနှင့် လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရှိနေသည့်သူများ၏ လုပ်ဆောင်မှုတွေ၊ ပျက်ကွက်မှုတွေကြောင့် နစ်နာခဲ့ရသူများ၏ နာကျင်မှုကို ကျွန်မတို့ လျစ်လျူမရှုသင့်သလို အလေးမထားဘဲလည်း မနေသင့်ပါဘူး” ဟု သူမက ဆိုသည်။
ယခင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂျက်စတင် ဝဲလ်ဘီ (Justin Welby) သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ယူကေနှင့် အာဖရိကရှိ အသင်းတော်များအတွင်း ဩဇာတိက္ကမရှိသူ ရှေ့နေ ဂျွန် စမိုက် (John Smyth) ၏ လိင်ပိုင်းဆိုင်ရာ ဆက်တိုက်အလွဲသုံးစားပြုမှုများကို ဖုံးကွယ် ထားခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ဂျေရုဆလင်မြို့ရှိ မွတ်စလင်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သော အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော် (Al-Aqsa Mosque) ကို အစ္စရေးအာဏာပိုင်များက ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ဘာသာဝင်များသည် ရာမာဒန်ဥပုသ်လ၏ နောက်ဆုံးသောနေ့နှင့် အိဒ်ပွဲတော် (Eid al-Fitr) ကို ဆင်နွှဲနေကြသော်လည်း ယခုကဲ့သို့ ပိတ်ပင်ထားခြင်း ဖြစ်သည်။
အဆိုပါ ဝတ်ကျောင်းတော်ဝင်းကို အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပိတ်ထားခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘာသာဝင်များအား ၎င်းနေရာ၌ ပွဲတော်ကျင်းပခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။
သောကြာနေ့ (မတ် ၂၀) တွင် လူအများအပြားသည် ဝတ်ပြုဆုတောင်းရန် ဂျေရုဆလင်မြို့၌ စုဝေးခဲ့ကြသော်လည်း မြို့ဟောင်း (Old City) ၏ ဂိတ်တံခါးများသို့ ချဉ်းကပ်ရန် ကြိုးပမ်းမှုများကို စစ်ဆေးရေးဂိတ်များတွင် တပ်စွဲထားသော အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ ဖြင့် လူစုခွဲခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုမှတ်တမ်းများအရ သိရှိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးသည် အမေရိကန်နှင့် ပူးပေါင်း၍ အီရန်ကို စတင်တိုက်ခိုက်ချိန်ကတည်းက လုံခြုံရေး အကြောင်းပြချက်ဖြင့် အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အပါအဝင် မြို့ဟောင်းအတွင်းသို့ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့သည်။ ယခုအခါ ပဋိပက္ခသည် စတုတ္ထပတ် အတွင်းသို့ ရောက်ရှိလာသော်လည်း ဗလီကို ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။
မတ်လအစောပိုင်းတွင် မွတ်စလင်အများစုနေထိုင်ရာ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး စသည့် ရှစ်နိုင်ငံက ဗလီပိတ်ထားမှုကို ရှုတ်ချကြောင်း ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ "ဂျေရုဆလင် မြို့ဟောင်းနှင့် ဘာသာရေးဝတ်ပြုရာနေရာများသို့ဝင်ရောက်ခွင့်ကို လုံခြုံရေးအကြောင်းပြကန့်သတ်ထားခြင်းသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်" ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့ပြီး သိမ်းပိုက်ထားသော ဂျေရုဆလင် သို့မဟုတ် အဆိုပါ နယ်မြေရှိ အစ္စလာမ်နှင့် ခရစ်ယာန် အထွတ်အမြတ်ထားရာနေရာများအပေါ် အစ္စရေးတွင် အချုပ်အခြာအာဏာ မရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။
ခရစ်ယာန်ပွဲတော်များပါ ထိခိုက်နိုင်ခြေရှိ
အီစတာ (Easter) ပွဲတော်ရာသီ နီးကပ်လာသည်နှင့်အမျှ အစ္စရေး၏ လုံခြုံရေးတင်းကျပ်မှုများသည် ခရစ်ယာန်ဘာသာဝင်တို့၏ ပွဲတော်များ ကိုပါ စိုးရိမ်စရာ ဖြစ်လာစေသည်။ ခရစ်ယာန်ဘာသာ၏ အထွတ်အမြတ် အထားဆုံးနေရာဖြစ်သော Holy Sepulchre ဘုရားကျောင်း ကိုလည်း ပိတ်ထားဆဲဖြစ်ရာ နှစ်စဉ် ကျင်းပမြဲဖြစ်သော Holy Fire (ဓမ္မမီး) အခမ်းအနား ကျင်းပနိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
ယခုနှစ်တွင် အဆိုပါအခမ်းအနားသည် ဧပြီ ၁၁ ရက်တွင် ကျရောက်မည်ဖြစ်သော်လည်း ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဝတ်ပြုသူများကို ဘုရား ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်၊ မပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ရုရှား အော်သိုဒေါ့စ်အသင်းတော် (Russian Orthodox Church) ကလည်း အဆိုပါကန့်သတ်ချက်များအပေါ် ထုတ်ဖော်ပြောဆို ခဲ့ပြီး ဘုရားကျောင်းပိတ်ထားမှုကြောင့် ဓမ္မမီးလွှဲပြောင်းပေးသည့် အစီ အစဉ်ကို မထိခိုက်စေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာဝင်များအကြားတွင် ဓမ္မမီးကို မရရှိခြင်းသည် နိမိတ်မကောင်းခြင်း သို့မဟုတ် လောကပျက်ကပ် (Armageddon) နီးကပ် လာခြင်း ၏ လက္ခဏာအဖြစ် ယူဆလေ့ရှိကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
နေပြည်တော် မတ် ၁၉
၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)နှင့် ပြည်နယ်ခန်းမတို့၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ချီးမြှင့်သည်။
သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
သဝဏ်လွှာဖတ်ကြား
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဖတ်ကြားသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
မှတ်တမ်းဓာတ်ပုံရိုက်
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များက ပြည်နယ်ဂုဏ်ထူးဆောင်ထူးချွန်ဆုများဖြစ်ကြသည့် စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စိုက်ပျိုးရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ မွေးမြူရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စက်မှုလက်မှုထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ ဝန်ဆောင်မှု ထူးချွန်မှုဂုဏ်ထူးဆောင်ဆုနှင့် လူမှုရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် မော်လမြိုင် မြို့နယ်မင်းရွာကျေးရွာရှိ တိုင်းရင်းသားယဉ်ကျေးမှု စင်တာဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စင်တာမုခ်ဦးကို စက်ခလုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များက စင်တာကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ စင်တာအတွင်းရှိ ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ တိုင်းရင်းသားရိုးရာနေအိမ်များနှင့် ယဉ်ကျေးမှုပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)၌ ကျင်းပသည့် မွန်ပြည်နယ် နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။
အခမ်းအနားတွင် မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ ဂုဏ်ပြုသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ပြီး မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် မတ် ၁၈
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အဖွဲ့ဝင်များဖြစ်ကြသည့် ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ဝါရီရူမြစ်ကမ်းသာ အပန်းဖြေနေရာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဘင်ခရာ/ ပန်းဖွားအဖွဲ့နှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ တက်ရောက်လာသူများက ဝါရီရူမြစ်ကမ်းသာအပန်းဖြေနေရာ ကမ္ပည်းအား အမွှေးနံ့သာများ ပက်ဖျန်းခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အပန်းဖြေနေရာ အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ညနေပိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ် နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းဆိုင်များ ဖွင့်ပွဲအခမ်း အနားကို တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်တို့က ပြခန်းဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ဆက်လက်၍ တောင်သူများသို့ မျိုးစေ့ချကိရိယာ (Seeder) လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ (Seeder) များ ပေးအပ်ခဲ့သည်။
ထို့နောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကြိုဆို၍ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြား ခဲ့သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် အထက်လမ်းမကြီးရှိ ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကြိုဆို၍ မြေနေရာနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
moi
နိုင်ငံတကာသတင်းများ
အမိန့်ကြော်ငြာစာများ
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
moi










